ချင်းမိုင် (မဇ္စျိမ) ။ ။ လုပ်ခအပြည့်မရ သဖြင့် ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန် ၄ ရှိ Tailor Garment အထည်ချုပ် စက်ရုံ အလုပ် သမား ၁ဝ၁ ဦးက တပြိုင်တည်း အလုပ်ထွက်မှု လွန်ခဲ့သည့် တနင်္လာနေ့က ဖြစ်ပွားခဲ့သည်။
အလုပ်သမ တဦးလျှင် အခြခံလစာ ၃၈,၂ဝဝ ကျပ် သတ်မှတ်ပေးသော်လည်း မေလအတွက် ထုတ်ပေး သည့် လစာ၌မူ ချုပ်ထည် အရေအတွက် မပြည့်ဟုဆိုကာ တဦးလျှင် ပျမ်းမျှ ကျပ် ၁၅,ဝဝဝ ခန့် အဖြတ် ခံရပြီးနောက် အလုပ်သမားများ၏ မကျေနပ်မှု စတင်ခဲ့သည်။ ထို့နောက် လုပ်ခလျှော့ချခံရမှုကို တိုးမြှင့် ပေးရန်၊ စနေ တနင်္ဂနွေတွင် အားလပ်ချိန် ပေးရန်နှင့် အချိန်ပိုကြေးများ ထိုက်တန်စွာ ပေးရန် တောင်းဆို မှုကို အလုပ်ရှင်ဘက်မှ မလိုက်လျောခဲ့ဟု အလုပ်သမားများဘက်က ကူညီဆောင်ရွက်ပေးသူ ရှေ့နေ ဦးဖိုးဖြူက ပြောသည်။
“ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုမှုတွေကို စက်ရုံက ဘာတခုမှ တု့ံပြန်မှု မပေးတဲ့အတွက် သူတို့အလုပ်ထွက် သွားကြပြီ။ သူတို့အနေနဲ့လည်း ဒီလစာနဲ့ အလုပ်ဆက်လုပ်လို့ မဖြစ်တော့တဲ့အတွက် သွားကြတာလို့ သူတို့က ပြောတယ်” ဟု ဦးဖိုးဖြူက မဇ္စျိမကို ပြောပြသည်။
စက်ရုံမှ သတ်မှတ်ပေးမှုအရ စက်ချုပ်လုပ်သား ၄ဝ နီးပါးကို တနေ့လျှင် မိုးကာအထည် ၄ဝဝအပြီးချုပ်ပေး ရန် ချမှတ်ထားသည်ကို အလုပ်သမားများဘက်မှ ၃၆ဝ သာ ချုပ်လုပ်နိုင်ခဲ့သဖြင့် စက်ရုံဘက်က လစာငွေ
လျှော့ချ ဖြတ်တောက်ခြင်း ဖြစ်သည်။
ကျွမ်းကျင်မှုရှိသော လုပ်သားများ လိုအပ်မှုကြောင့် သတ်မှတ်ချက်ထက် လျော့နည်းရခြင်း ဖြစ်သည်ဟု လုပ်သားများဘက်က ပြောသည်။
စက်ရုံကို ၂ဝ၁ဝ နှစ်လည်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံက လုပ်ငန်းရှင်များစုပေါင်း ကာ ရှယ်ယာ လုပ်ကိုင်ကြသည်။ ဝန်ထမ်းပေါင်း ၃၀၀ ကျော်ရှိကာ အမျိုးသမီး အများဆုံး ဖြစ်သည်။
လစာ ရ သောင်းအထက် ရရှိသူ အလုပ်ကြီးကြပ်သူများနှင့် အလုပ်သစ်ရှာရန် ခက်ခဲမည်ကို စိုးရွံ့သူအလုပ် သမား ၂ဝဝ ကျော်ခန့်က ဆန္ဒပြမှုတွင် မပါဝင်သူများလည်း ရှိသည်။
အလုပ်သမားများ၏ တောင်းဆိုမှုများကို ရန်ကုန်တိုင်း အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနသို့ တင်ပြ ခဲ့သော်လည်း မည်သည့် တုံ့ပြန်မှုမှ မရခဲ့ဟု ဦးဖိုးဖြူက ပြောသည်။ တောင်းဆိုချက်များကိုရန်ကုန်အခြေ စိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ရုံး ILO သို့ မိတ္တူပေးပို့ခဲ့သည်။
အလားတူ ဆန္ဒပြမှုမျိုး ဇွန်လ ၆ ရက်နေ့တွင် ပဲခူးမြို့ ဟင်္သာကုန်းရပ်ကွက်ရှိ Cap 1 ဦးထုပ် စက်ရုံတွင် လုပ်ငန်းခွင်အတွင်း တင်းကျပ်သည့် စည်းမျဉ်းများ လျှော့ချရန် ပဲခူးမြို့ရှိ ဦးထုပ်စက်ရုံမှ အလုပ်သမား ၆၅ ဦးက တရက် အလုပ်မဆင်းဘဲ ဆန္ဒပြပြီးနောက် လုပ်ငန်းရှင်ဘက်က လိုက်လျော၍ ပြေလည်မှု ရရှိခဲ့သည်။