ပြည်နယ် ၀န်ကြီးချုပ် မောင်တော ခရီးစဉ်တွင် မွတ်ဆလင်များက အချက် ၅ ချက် တောင်းဆို

ပြည်နယ် ၀န်ကြီးချုပ် မောင်တော ခရီးစဉ်တွင် မွတ်ဆလင်များက အချက် ၅ ချက် တောင်းဆို
by -
မောင်အေး

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်၏ မောင်တောမြို့ ခရီးစဉ်တွင် ဒေသခံ မူဆလင် ၅၃ ဦးက အချက် (၅) ချက်ပါ တောင်းဆိုချက် တစ်ခုကို တောင်းဆိုလိုက်ကြောင််း အမည်မဖေါ်လိုသူ တာဝန်ရှိသူ အရာရှိ တစ်ဦးက ပြောသည်။

Downtown-of-Maungdaw
အဆိုပါ တောင်းဆိုချက် (၅) ချက်ကို ယမန်နေ့က မြို့နယ် အုပ်ချုပ်ရေးရုံးတွင် မွတ်ဆလင် လူကြီး ၁၀၀ကျော် နှင့် ပြည်နယ် ၀န်ကြီးချုပ် တွေ့ဆုံစဉ် စာရေးသားပြီး တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

" တောင်းဆိုတဲ့ အချက်တွေကတော့ တိုင်းရင်းသားအဖြစ် အသိမှတ်ပြုရေး၊ အမျိုးသားမှတ် ပုံတင်ထုတ်ပေး ရေး၊ မူဆလင်အမျိုးသားတွေ လွတ်လပ်စွာ ခရီးသွားလာခွင့်၊ အမျိုးသမီးတွေ အိမ်ထောင်ပြုတဲ့နေရာမှာ အကန့်အသတ်မထားဖို့နဲ့ ဗလီတွေကို ပြန်ဆောက်ခွင့် ပြုပေးဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်"ဟု သူက ပြောသည်။

အဆိုပါ တောင်းဆိုချက်များ အပေါ် ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်က ယခုကဲ့သို့ တုန့်ပြန် ပြောဆိုခဲ့ ကြောင်း သူက ဆက်ပြောသည်။

" ၀န်ကြီးချုပ်က လဝက ခရိုင်းမှူးကိုပြောတယ်။ သူတို့ခရီးသွားချင်ရင် ထောက်ခံစာတွေ ထုတ်ပေး လိုက်ဖို့ ပြောပါတယ် ။ မှတ်ပုံတင်တော့ အခုထုတ်မပေးနိုင်သေးဘူး အထက်ကိုတင်ပြရဦးမယ် ဆိုပီး ပြောတယ်လို့ သိရပါတယ်။ ပီးရင် ပလီ ပြန်ပြင်ခွင့်ကိုတော့ ၀န်ကြီးက ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်" ဟု သူက ပြောသည်။

သို့သော်လည်း တခြား ဆွေးနွေးခဲ့သည့် အသေးစိတ် အကြောင်းအရာများကို မသိရှိရသေးကြောင်း သူက ပြောသည်။

ယခင်ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦး မောင်တောကို လာတုန်းကလည်း ယခုကဲ့သို့ နုတ်ဖြင့် ခွင့်ပြု ထားချက် တစ်ချို့ ရှိခဲ့သော်လည်း လက်တွေ လုပ်ရာတွင် အခက်အခဲရှိသဖြင့် ယခု ခွင့်ပြုချက်များမှာလည်း အသက်ဝင် မဝင်ဘဲ ဖြစ်မည်ကို မွတ်ဆလင်များက စိုးရိမ်နေကြသည်ဟု သိရသည်။

ယခု တောင်းဆိုမူမှာ ၂၀၁၀ ခုနှစ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေး ပါတီမှ မွတ်ဆလင် များကို ပေးထားခဲ့သော ကတိ အကောင်အတည်ဖေါ်ရန် ပျက်ကွက်နေသဖြင့် ထပ်မံ တောင်းဆို ခြင်း ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် နေထိုင်သော မွတ်ဆလင်များကို အစိုးရမှ ဘင်္ဂလီ လူမျိုး အဖြစ် အသိအမှတ် ပြုထားပြီး ယခုတောင်းဆိုမူတွင် ဘင်္ဂလီ လူမျိုးအဖြစ် အသုံးပြုထားခြင်းကို ပယ်ဖျက်ရန် တောင်းဆိုုမူ မပါ၀င်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်လှမောင်တင်သည် နစက ကွပ်ကဲရေးမှူး၊ ဘူးသီးတောင် အခြေစိုက် ဗျူဟာမှ ဗျူမှူးတို့ လိုက်ပါလျှက် မောင်တောမြို့နယ်ကို လှည့်လည် စစ်ဆေးနေပြီ ယနေ့တွင်လည်းမောင်တောမြို့ တွင် အစည်းအဝေး တခု ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။

Most read this week