ကျောင်းသား မိဘများထံမှ ငွေကောက်ခြင်း ပုံစံ အမျိုးမျိုးဖြင့် တည်ရှိနေ

ကျောင်းသား မိဘများထံမှ ငွေကောက်ခြင်း ပုံစံ အမျိုးမျိုးဖြင့် တည်ရှိနေ
by -
ထွန်းထွန်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ တချို့စာသင် ကျောင်းများတွင် ကျောင်းဝင်ကြေးနှင့် တခြား အထွေထွေ အသုံးစရိတ် အဖြစ် ကျောင်းသားမိဘ များမှ ဆက်လက် ကောက်ခံနေကြောင်း သတင်း ရရှိသည်။

Primary-School-in-Mgdaw
" ကျောင်းဝင်ကြေးက တစ်တန်းကနေ ၄ တန်းထိ တန်းကျောင်းသား တယောက် အတွက် ကျပ် ၁၅၀၀ ထိ ပေးရပါတယ် ။ ပီးရင် ကျောင်းဆရာ ဆရာမတွေနေထိုင်ဖို့ အဆောင် ပြင်ဆင် စရိတ်၊ စာသင်ကျောင်း ပြုပြင် စရိတ်၊ ထောက််ပို့ စ ရိတ်ဆိုပြီးတော့ လစဉ်ပေးနေရပါတယ်။ ကျောင်းသား မိဘတိုင်းက တအိမ်ကို ကျပ် ၅၀၀ စီပေးနေရပါတယ်။ နောက်တခုက အားကစားစရိတ်ဆိုပြီး ကောက်ဖို့ ရှိပါ သေးတယ်။ ဘယ်လောက် ပေးရအုံးမယ်ဆို တာတော့ မသိရသေးဘူး" ဟု နတလ စံပြကျေးရွာမှ ကျောင်းသား မိဘတဦးက နိရဥ္စရာသို့ ပြောသည်။

အဆိုပါ ပုဂ္ဂိုလ်တွင် ကျောင်းတက်နေသည့် ကျောင်းသား ၄ ယောက်ရှိပြီး ကျောင်းဆရာများမှ ခေါင်းစဉ် အမျိုးမျိုးဖြင့် ကောက်ခံ နေသည့်အတွက် သားသမီးများကို ကျောင်းအပ်ရသည်မှာ အလွန်တရာ အခက်ခဲ ရှိကြောင်း သူက ပြောသည်။

"ကျွန်တော်မှာဆို ကျောင်းသား ၄ ယောက်တောင် ရှိတယ်။ အဲဒီလေးယောက် ကျောင်းဝင်ကြေးနဲ့ စာသင် ကျောင်း ပြင်ဆင်ခတို့၊ ထောက်ပို့ခ တို့နဲ့ ဆရာ ဆရာမ နေထိုင်ခတွေ အတွက်ပါ ဆိုရင် အားလုံး ကလေး တယောက် အတွက် ၆၅၀၀ ကျပ်ကုန်ကျပါတယ်။ နောက်ထပ် တခြားခြား အထွေထွေ စရိတ်တွေ ရှိသေး တယ်" ဟု ပြောသည်။

သို့သော် စာအုပ် စာတန်းနှင့် ခဲတံ၊ ခဲဖျက်များကိုမှု သူငယ်တန်းကနေ လေးတန်း အထိ နိုင်ငံတော် အစိုးရမှ အခမဲ့ ပေးသည်ဟုသူကပြောသည်။

"စာအုပ် စာတန်းနဲ့ ခဲတံခဲဖျက်တွေ တခုပဲ မဝယ်ရတာ ရှိပါတယ်။ တခြားဟာတွေက အယင်နှစ်က ထက် ပိုမို ကောက်ခံတာရှိတယ်" ဟုဆိုသည်။

ပညာရေး ၀န်ကြီး ဒေါက်တာ မြအေးက ၂၀၁၀-၂၀၁၁-ခုပညာသင်နှစ်မှစ၍ သူငယ်တန်းကနေ ၅တန်းကျောင်း သားအတွက် အခမဲ့ စာအုပ်စာတန်းများ ပေးဝယ်နိုင်ရန် ကျပ်သန်းပေါင်း ၂၄၀၀ အထိ သုံးစွဲရန်နေပြည်တော် တွင် ကျင်းပပြုလုပ်သည့် မေလ ၂၅ ရက်နေ့က ကျောင်းအပ်နှံရေးနေ့အခမ်းအနားတွင် ပြောကြားခဲ့သည်။

ကျောင်းဆရာ ဆရာမများမှ ကျောင်းဝင်ကြေးနှင့်တခြား အထွေထွေ အခွန်များကို ကျောင်းသား မိဘများမှ ကောက်ခံ နေသည့် အတွက် ဆင်းရဲသောတချို့ မိသားစုများမှာ သားသမီးများကို ကျောင်းမထားနိုင်ဘဲ ဖြစ်နေကြ သည်ဟု သိရသည်။

Most read this week