ချင်းမိုင် (မဇ္စျိမ) ။ ။ လုပ်ငန်းခွင်အတွင်း တင်းကျပ်သည့် စည်းမျဉ်းများ လျော့ချရန် ပဲခူးမြို့ရှိ ဦး ထုပ် စက်ရုံမှ အလုပ်သမား ၆၅ ဦးက တရက် အလုပ်မဆင်းဘဲ ဆန္ဒပြပြီးနောက် လုပ်ငန်းရှင် ဘက်က လိုက်လျော၍ ပြေလည်မှု ရရှိသွားသည်။
ဟင်္သာကုန်း ရပ်ကွက်ရှိ Cap 1 စက်ရုံတွင် အလုပ်သမားများ မကြိုက်နှစ်သက်သော အလုပ်ကြပ် ၂ ဦးကို တာဝန်မှ ဖယ်ရှားပစ်ကာ လုပ်ငန်းခွင်အတွင်း စကားပြောခြင်း၊ အပေါ့အလေး သွားခြင်းနှင့် အချိန်ကန့်သတ်၍ ငွေကြေး ဖြတ်တောက်ခြင်းများကို အလုပ်ရှင်ဘက်က ပြန်လည် ရုပ်သိမ်းခဲ့သည်။
“ပြေလည်မှု ရပါတယ်။ ကျမတို့ အဓိက တောင်းဆိုထားတဲ့ သူတို့ ၂ ယောက်ကို ဒီစက်ရုံမှာပေးမလုပ်တော့ ဘူးလို့ ပြောတယ်။ ရာထူးလျှော့ပြီး ရန်ကုန် စက်ရုံခွဲကို ခေါ်သွားမယ်လို့လည်း ပြောတယ်” ဟု ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် မသင်းသင်းက မဇ္စျိမကို ပြောသည်။
ပြောင်းလဲ ပြင်ဆင်သတ်မှတ်ခြင်း
၆-၁-၂ဝ၁၁ ရက်နေ့မှစ၍ အိမ်သာသွားချိန်၊ ရေသောက်ချိန်ကို နံနက် ၈း၃ဝ မှ ၁၁းဝဝ ညနေ ၃း၃ဝ မှ ၆းဝ သို့ ပြောင်းလဲပြင်ဆင် သတ်မှတ်လိုက်သည်။ (ဦးကျော်မိုးအောင် မန်နေဂျာ)
စက်ရုံ မန်နေဂျာထံ ဇွန်လ ၃ ရက်နေ့တွင် တင်ပြတောင်းဆိုခဲ့ရာ မလိုက်လျောသဖြင့် ၆ ရက်နေ့မှစ၍ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ပြီး၊ နောက်တရက်တွင် စက်ရုံပိုင်ရှင်ထံ မြို့နယ်အာဏာပိုင်များနှင့် နေပြည်တော် အလုပ်သမား ဝန်ကြီးဌာန တာဝန်ရှိသူများ လာရောက်တွေ့ဆုံပြီးနောက် ပြေလည်သွားခြင်း ဖြစ်သည်။
အလုပ်သမားများက ကျန်းမာရေး စောင့်ရှောက်ခွင့် ရရန်၊ အချိန်ပိုခိုင်းရာ၌ တိကျစွာ အချိန်သတ်မှတ်ရန်နှင့် သန့်စင်ခန်းသွားချိန် ပိုပေးရန် တောင်းဆိုခဲ့ကြသည်။
ယခင်က သန့်စင်ခန်းသွားချိန်မှာ မနက် ၈ နာရီမှ ၉ နာရီအထိ လည်းကောင်း ၊ ညနေ ၃ နာရီမှ ၄ နာရီအထိ လည်းကောင်း သတ်မှတ်ထားပြီး ထိုအချိန်များတွင် မဟုတ်ဘဲ အပေါ့အလေး စွန့်လိုပါက တကြိမ် ကျပ် ၅ဝဝ ဖြတ်တောက်ခြင်းနှင့် လက်ငင်းဖြစ်ပါက ၂ဝဝ ကျပ် ဖြစ်သည်ဟု စက်ရုံအလုပ်သမများက ပြောသည်။ ထို့ပြင် အလုပ်ချိန်တွင်း စကားပြောသည်ကို တွေ့ရှိပါကလည်း ထိုကဲ့သို့ပင် ငွေဖြတ်သည်ဟု ဆိုသည်။
ယခုအခါ သန့်စင်ခန်းသွားချိန်ကို မနက် ၈ နာရီခွဲမှ ၁၁ နာရီ အထိလည်းကောင်း၊ ညနေ ၃ နာရီခွဲမှ ၆ နာရီ အထိ လည်းကောင်း ခွင့်ပြုသည်။ ထို့ပြင် ဝန်ထမ်းများ သောက်သုံးရေ မပြတ်တောက်အောင်လုပ်ဆောင် ပေးသွားမည်။
အုပ်ချုပ်သူ Super များအား သတိပေးခြင်း
ယနေ့မှစ၍ စက်လိုင်းအတွင်း ကိစ္စကြီးငယ် ပြဿနာများ ဖြစ်ပေါ်ပါက အော်ဟစ် ဆူပူကြိမ်းမောင်းခြင်းများ မပြုလုပ်ပဲ တစ်ဦးချင်း သီးသန့်ခေါ်ယူ၍ အေးဆေးစွာ ပြောဆိုဆုံးမရန် အသိပေးလိုက်သည်။ (ဦးကျော်မိုးအောင် မန်နေဂျာ)
“ချည်ကို ဘယ်အရောင်သုံးရမလဲလို့ မသိတာမေးရင်လည်း ၅ဝဝ ဖြတ်တယ်။ ဗိုက်နာလို့ အိမ်သာတက်ရင် လည်း ၅ဝဝ ဖြတ်တယ်။ မလိုအပ်ဘဲနဲ့မေးတာ အချိန်ဖြူန်းတာဆိုရင် တမျိုးပေါ့။ အခုဟာက အကုန်ဖြတ်တော့ မခံနိုင်တော့ဘူး” ဟု စက်ရုံ လုပ်သားတဦးက မဇ္စျိမကို ပြောသည်။
ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ အလုပ်သမားရေးရာရုံးနှင့် Cap 1 စက်ရုံကို မဇ္စျိမက ဆက်သွယ် မေးမြန်း ခဲ့ သော်လည်း တာဝန်ရှိသူများဘက်က ဖြေကြားရန် ငြင်းဆန်ခဲ့ကြသည်။
မူလတွင် အလုပ်သမား ၁၉ ဦးသာ လက်မှတ်ထိုး တိုင်တန်းခဲ့ပြီး နောက်ထပ် ၄ဝ ကျော် ပူးပေါင်း ပါဝင်လာ ကြောင်း အလုပ်သမားများ၏ ဆန္ဒအရ ပဲခူးမြို့ အလုပ်သမားရုံးသို့ ကူညီတိုင်ကြားပေးခဲ့သည့် ပဲခူးတိုင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီမှ တိုင်းဥက္ကဋ္ဌ ဦးအောင်မျိုးဝင်းက ပြောသည်။
အလုပ်သမားများ ဆန္ဒပြမှုကို ရဲနှင့် အရပ်ဝတ် ရဲသတင်းတပ်ဖွဲ့ ၁၅ ဦးကျော်က ဆိုင်ကယ်များဖြင့် ၂ ရက် ဆက်တိုက် လိုက်လံ စောင့်ကြည့်ခဲ့ပြီး ဆန္ဒပြမှု ပိုကြီးမလာရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေမြင့် အပါ အဝင် အလုပ်သမားရုံး တာဝန်ရှိသူများနှင့် ရဲအရာရှိများက စက်ရုံတာဝန်ရှိသူများနှင့် ဆွေးနွေး တိုင်ပင်ခဲ့ကြ သည်ဟု ဆိုသည်။
တောင်ကိုရီးယား နိုင်ငံသားပိုင် စက်ရုံတွင် အလုပ်သမား ၂၆ဝ ကျော်ရှိကာ ပဲခူးနှင့် သနပင်မြို့နယ်များမှဖြစ် ကြပြီး၊ အမျိုးသမီး အများစုဖြစ်ကာ အမျိုးသား ၂ဝ ခန့်သာ ရှိသည်။