လျှပ်စစ်မီး တိုးပေးသော်လည်း မီတာခ ကြီးမြင့်နေမူက အများပြည်သူကို ထိခိုက်နေ

လျှပ်စစ်မီး တိုးပေးသော်လည်း မီတာခ ကြီးမြင့်နေမူက အများပြည်သူကို ထိခိုက်နေ
by -
မောင်ရမ္မာ

ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင်လျှပ်စစ်မီး ကို တနေ့လျှင် သုံးနာရီပေးနေရာမှ ယခုအခါ ၆ နာရီထိ တိုးပေးသော်လည်း မီတာခ စျေးနုန်းမှာ ဆက်လက် ကြီးမြှင့်နေတုန်း ဖြစ်သဖြင့် စစ်တွေ လူထုကို အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ယခုကဲ့သို့ စစ်တွေမှာ လျှပ်စစ်မီးကို ညနေ ၆ နာရီမှ ၁၂ နာရီထိ တိုးပေးလိုက်သဖြင့် လျှပ်စစ်မီးဖြင့် လုပ်ကိုင် နေသူများမှာ အနည်းငယ် အဆင်ပြေသော်လည်း လျှပ်စစ် မီတာခကို ယခင်အတိုင်း ကောက်ခံနေသဖြင့် မြို့လူထုမှာ ဆက်လက် အခက်ကြံုနေရသည်ဟု လုပ်ငန်းရှင်တဦးက ပြောသည်။

Power-generator
" တနေ့ ၆ နာရီပေးတော့ အလုပ်လုပ်ရတာ အဆင်ပြေပေမယ့် အိမ်မှာသုံးဖို့ ယူထားတဲ့ သူတွေ ကျတော့ ဘာ ၀င်ငွေမှ မရှိဘဲ မီတာဖိုး ပိုပြီးပေးရတာပေါ့။ အမှန်မှာတော့ မီးပေးချိန်ကို တိုးပေး ပြီးတော့ မီတာခကိုလျော့ ကောက်သင့်ပါတယ်။ ဒါမှသာ သုံးစွဲရသူတွေအတွက် ပိုပြီး အဆင်ပြေမှာ ဖြစ်ပါတယ်။"

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ အတွင်းရေးမှူးအဖွဲ့ဝင် ဦးခိုင်ပြည်စိုးကလည်း စစ်တွေတွင် လျှပ်စစ်မီး သုံးနာရီ တိုးပေးထားခြင်းကို အတည်ပြု ပြောကြားသည်။

" ဇွန်လ ၁ ရက်နေ့ကစလို့ စစ်တွေမှာ ညနေ ၆ နာရီကနေ ၁၂ နာရီထိ လျှပ်စစ်မီးပေးပါတယ်။ အခုပေးနေ တာကတော့ စမ်းသပ်ကာလ အနေနဲ့ စစ်တွေမှာ တိုးပေးနေတာဖြစ်တယ်လို့ သိရတယ်။ ဘယ်သူတွေက ဦးဆောင်လုပ်ကိုင်နေတာတော့ ကျွန်တော်လည်း အတိအကျ မသိရသေးဘူး" ဟု ပြောသည်။

စစ်တွေမြို့တွင် လျှပ်စစ်မီးကို ယခုအခါ ဒီဇယ်သုံး မီးစက် ၂လုံး၊ ဖွဲခွံသုံး မီးစက်သုံးလုံးဖြင့် စုစုပေါင်း မီးစက် ၅ လုံးဖြင့် စစ်တွေ တမြို့လုံးကို မီးပေးဝေနေသည်ဟု သိရသည်။

စစ်တွေမြီု့တွင် လျှပ်စစ်မီးပေးဝေမှုကို အချိန်တိုးပေးသော်လည်း တခြားမြို့များတွင် အချိန်တိုးပေးခြင်း မရှိ ဟု ကျောက်ဖြူမှ လူငယ်တဦးက ပြောသည်။

"ကျွန်တော်တို့ ကျောက်ဖြူ၊ ရမ်းဗြဲ နဲ့မာန်အောင်မြို့နယ်တွေမှာ မီးပေးတဲ့ အချိန် တိုးမပေးပါဘူး။ကျောက်ဖြူ မှာဆိုရင် ညနေ ၆ နာရီခွဲကနေ ၁၀ နာရီခွဲထိ မီးပေးပါတယ်။ သူတို့ တိုးပေးတာကတော့ မီတာဖိုးဘဲ။ ကျောက်ဖြူ မှာ ဆိုရင် အစိုးရက မီတာခကို တယူနစ် ၅၅၀ ယူပါတယ်။ ပုဂ္ဂလိက မီးပေးဝေတဲ့ သူတွေကတော့ တယူနစ်ကို ရ၅၀ ကျပ်တိယူပါတယ်။ မီးယူထားတဲ့ လူတွေမှာ သုံးသည် ဖြစ်စေ၊ မသုံးသည်ဖြစ်စေ တလ ပျမ်းမျှ ၅၀၀၀ ကျပ်ကတော့ ကုန်တာပါဘဲ" ဟု ပြောသည်။

ဗမာပြည်မ ဘက်တွင် လျှပ်စစ်မီတာခ တယူနစ်ကို ၂၈ ကျပ်သာ ပေးရသော်လည်း ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီး တယူနစ်ကို ၄၀၀ ကျပ် မှ ၅၅၀ ကျပ်ထိ ပြည်သူများ ပေးနေရသည်ဟု သိရသည်။

Most read this week