လက်ဖက်လုပ်ငန်း လက်ဝါးကြီး အုပ်ခံရမှုအပေါ် တအာင်းလုပ်ငန်းအဖွဲ့ စာတမ်းထုတ်ပြန်

လက်ဖက်လုပ်ငန်း လက်ဝါးကြီး အုပ်ခံရမှုအပေါ် တအာင်းလုပ်ငန်းအဖွဲ့ စာတမ်းထုတ်ပြန်
by -
စောခါးစူးညား

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပလောင်တောင်သူ ၆ သိန်းကျော်သည် ၎င်းတို့၏ လက်ဖက်လုပ် ငန်း လက်ဝါးကြီးအုပ်ခံရမှုအပေါ် လက်ဖက်တောင် သူ အဖွဲ့ ဖွဲ့စည်းပြီး ပူးပေါင်းလုပ်ဆောင်ကြရန် နှင့် အစိုးရသစ်မှ နိုင်ငံ၏ စီးပွားရေးမူဝါဒများ ကိုပြန် လည် စိစစ် ပေးရန် တောင်းဆိုသည့် စာတမ်း တစ်စောင်ကို ပလောင် (တအာင်း) လုပ်ငန်းအဖွဲ့မှ ယနေ့ ထုတ်ပြန်လိုက်သည်။

Monopoly-Tea-Farms-Pageစာမျက်နှာ ၁၂ မျက်နှာပါ ၎င်းစာတမ်းတွင် ယခုနှစ် လက်ဖက်ရာသီအစ၌ နမ့်ဆန်မြို့နယ်ရှိ လက်ဖက်ခြောက် တစ်ပိဿာလျှင် ၃,၅၀၀ကျပ် ၀န်းကျင်ခန့်ရှိသော်လည်း သင်္ကြန်(ဧပြီလ)အတွင်းမှစ၍ စျေးနှုန်းများမှာ ၂,၅၀၀ ကျပ်ခန့်အထိ ကျဆင်းလာကာ လက်ရှိ လက်ဖက်တစ်ပိဿာ ပေါက်စျေးမှာ ၂,၀၀၀ကျပ်ဝန်းကျင်ခန့် သာရှိတော့ကြောင်း ဖော်ပြထားသည်။

ယင်းသို့ အဆမတန် ကျဆင်းသည့် လက်ဖက်ပြဿနာနှင့် ရင်ဆိုင်နေရသော ပလောင်လူမျိုးတို့၏ အခက်အခဲ များကို စစ်တပ် လက်အောက်ခံ အစိုးရသစ်နှင့် ဒေသတွင်းရှိ နိုင်ငံရေးပါတီများ၊ အခြားအဖွဲ့အစည်းများ ကူညီမှု များ မရှိသေးသည့်အတွက် ထို အခက်အခဲများကို ၀ိုင်းဝန်းကူညီ ဖြေရှင်းပေးရန်အတွက်ယခု စာတမ်းကို ရေးသားပြုစုထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ပလောင် (တအာင်း) အလုပ်အဖွဲ့မှ အဖွဲ့ဝင် မိုင်းအောင်ကိုက ယခုလို ပြောသည်။

“ကျနော်တို့ဒေသမှာ လက်ဖက်စျေးတွေကျတာကို အခုတက်လာတဲ့ အစိုးရသစ်နဲ့တခြားနိုင်ငံရေးပါတီတွေက လည်း ဖြေရှင်း ပေးတာ မတွေ့ရဘူး။ လက်ဖက်စျေးကျတဲ့နောက်မှာ လက်ဖက်လုပ်ငန်းကို မှီတင်းနေတဲ့ တအာင်းတွေ အကုန်လုံး ဒုက္ခရောက် တယ်။ အခုလက်ရှိ ကုန်စျေးနှုန်းကလည်း မြင့်တက်နေတဲ့အတွက် တချို့ရွာတွေဆိုရင် ပြောင်းဖူးနဲ့ဆန် ရောပြီးမှ စားရတဲ့ဘဝ မျိုးလည်း ရှိတယ်။ ပိုဆိုးတာက ပညာရေးမှာ တချို့ကလေးတွေ ကျောင်းမနေနိုင်တော့တဲ့ အဆင့်မှာ ရှိတယ်။ ကျန်းမာရေးဆို လည်း တချို့ဆေးဝါးတွေ မမှီဝဲနိုင်တော့လို့ ခြံရောင်းပြီး ဆေးရုံတက်ရတဲ့အထိ ရှိတယ်။”ဟု ကေအိုင်စီကို ပြောသည်။

လက်ဖက်စျေး ကျဆင်းသည့်အတွက် ဒေသခံ လက်ဖက်တောင်သူ ပလောင်များသည် စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်း မာရေး စသည့် ပြဿနာပေါင်းစုံများနှင့် ရင်ဆိုင်နေရပြီး နမ့်ဆန်၊ မန်တုံမြို့နယ်မှ အချို့ ရွာခံများမှာ ရွာလုံးကျွတ်နီးပါး တရုတ် နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကြရသည်ဟုလည်း စာတမ်းက ဆိုသည်။

လက်ဖက်စျေး ကျဆင်းရသည့် အဓိက အကြောင်းရင်းတခုမှာ နမ့်ဆန်မြို့ရှိ ဗိုလ်ကြီးသန်းထွန်း၏ တပ်မတော် အချိုခြောက် လက်ဖက်စက်ရုံ(ပလောင်ထိပ်ထား)နှင့် နဂါးပျံလက်ဖက်စက်ရုံတို့က လက်ဖက်စျေးနှုန်းကို စိတ်တိုင်းကျ သတ်မှတ်ပြီး လက်ဝါး ကြီးအုပ်ထားသဖြင့် အခြားကုန်သည်များကလည်း၎င်းသတ်မှတ်စျေးနှုန်း အတိုင်း ၀ယ်ယူနေရသည့်အတွက်ကြောင့်လည်း ဖြစ် သည်။

ထို့အပြင် ပလောင်ဒေသထွက် လက်ဖက်များကို နမ့်ဆန်၊ နမ့်ခမ်း၊ သီပေါ၊ ကျောက်မဲနှင့် မန္တလေးမြို့ရှိ လက်ဖက်ပွဲရုံကြီးများသို့ တင်ပို့ရောင်းချရာတွင် အစိုးရလက်အောက်ခံ (သို့မဟုတ်) အစိုးရနှင့် ဆက်စပ်သော လက်ဖက်ကုန်သည်နှင့် စက်ရုံပိုင်ရှင်များ က လက်ဖက်စျေးကို လက်ဝါးကြီးအုပ် ချယ်လှယ်ခဲ့သည်ဟုလည်း ပလောင်လုပ်ငန်းအဖွဲ့က ထောက်ပြထားသည်။
P1050460
ထိုအခြေအနေပေါ်တွင် ပလောင်(တအာင်း)လူထုကို ၀ိုင်းဝန်းဖြေရှင်းပေးရန် တအာင်း(ပလောင်) အမျိုးသား ပါတီအနေဖြင့် လက်ဖက်လုပ်ငန်းနှင့် လက်ဖက်တောင်သူများအား ကာကွယ်နိုင်သည့် ဥပဒေရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက် သွားရန်အပြင် မြန်မာအစိုးရအနေဖြင့် လွတ်လပ်သောစျေးကွက်စီးပွားရေး စနစ်ကို ဖန်တီးပြီး ချုပ်ချယ်ကန့်သတ်မှုများ ရုပ်သိမ်း ပေးရန်နှင့် လက်ဝါးကြီးအုပ်နေမှုကို ထိန်းသိမ်းဖြေရှင်းပေးရန် ပလောင်လုပ်ငန်းအဖွဲ့က တောင်းဆိုလိုက်သည်။

တအာင်း(ပလောင်)လုပ်ငန်းအဖွဲ့ကို တအာင်းကျောင်းသားနှင့် လူငယ်များအစည်းအရုံး(TSYO)၊ ပလောင် အမျိုးသမီးအစည်းအ ရုံး(PWO)နှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF)တို့ ပါ၀င်စုပေါင်းထားပြီး ၂၀၀၉ခုနှစ်ကလည်း လက်ဖက်ဖျက်ပိုး အမည်ရှိ အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့သည်။