လားရိူးမြို့ အခြေစိုက် အရှေ့မြောက်ပိုင်းစစ်ဋ္ဌာနချုပ် (ရမခ) ၏ စစ်ဦးစီးမှူး ပထမတန်း ဖြစ်သူ ဗိုလ်မှူး ကြီး မျိုးချစ်အား လွန်ခဲ့သည့် အပတ် သောကြာနေ့က တပ်မ ၃၃ နည်းဗျူဟာမှူး အဖြစ်တာဝန်ပြောင်း ရွေ့ ခန့် အပ်လိုက်ကြောင်း စစ်ဘက် အသိုင်းအဝိုင်းမှ တဆင့် သိရသည်။
၂၀၀၉ ခုနှစ် သြဂုတ်လပိုင်းက သျှမ်းပြည် (မြောက်ပိုင်း) လောက်ကိုင်မြို့ရှိ ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အ ပေါ် မြန်မာစစ်တပ်မှ ထိုးစစ်ဆင်ရာတွင် စစ်ကိုင်းမြို့ အခြေစိုက် တပ်မ ၃၃ ပါဝင်ခဲ့ပြီး ယနေ့အထိ လောက်ကိုင်မြို့တွင် အခြေပြု လှုပ်ရှားလျှက်ရှိသည်။
ဗိုလ်မှူးကြီးမျိုးချစ်သည် လက်ရှိ ဗိုလ်မှူးကြီးအဆင့်ဖြင့်သာ အဆိုပါ တပ်မသို့ ပြောင်းရွေ့ရသဖြင့်လုပ်ပိုင်ခွင့် အားဖြင့် ကျဆင်းသွားဖွယ်ရှိကြောင်း စစ်ဘက်နှင့်နီးစပ်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။
“ဂျီဝမ်း ကာနယ်ဗိုလ်မှူးကြီး ကနေ ဗျူဟာမှူး ဖြစ်သွားတော့ လုပ်ပိုင်ခွင့် ကျသွားတယ်လို့ ပြောလို့ရ တာပေါ့၊ ဂျီဝမ်းတုန်းကဆိုရင် ဒီ ၁၀၅ မိုင်ကနေ ထွက်တဲ့ မှောင်ခိုပစ္စည်းတွေက သူ့နံမယ်နဲ့ထွက်တာ ဗျူဟာမှူးဆိုတော့ သူ့တပ်နဲ့ဆိုင်တဲ့ ဟာလောက်ပဲလုပ်ခွင့်ရှိတော့မယ် ” ဟု နီးစပ်သူက ဆိုသည်။
ယခု စစ်ရာထူး ပြောင်းရွေ့မှုတွင် တန့်ယန်းမြို့ အခြေစိုက် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးခိုင်ဇော် ပါဝင် သည်ဟု သိရသော်လည်း သျှမ်းသံတော်ဆင့်မှ သီးခြားအတည်ပြုချက် မရပေ။
ဗိုလ်မှူးကြီး မျိုးချစ်သည် ရမခစစ်တိုင်း၌ တိုင်းမှူး ဗိုလ်ချုပ်မြင့်လှိုင်၊ ဗိုလ်ချုပ် အောင်သန်းထွဋ်နှင့်ဗိုလ်မှူးချုပ် အောင်ကျော်ဇော စသည့် စစ်တိုင်းမှူး ၃ ဆက်လက်အောက်တွင် စစ်ဦးစီးမှူးပထမတန်း တာဝန် ထမ်းဆောင် လာသူ ဖြစ်ကြောင်း သိရသည်။