ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးမှ ရွှေအလေးချိန် ၄ ပိသာ ၆၀ သားရှိ ရှေးဟောင်း ဆင်းထုတော် တစ်ပါး တူးဖေါ် ရရှိ

ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးမှ ရွှေအလေးချိန် ၄ ပိသာ ၆၀ သားရှိ ရှေးဟောင်း ဆင်းထုတော် တစ်ပါး တူးဖေါ် ရရှိ
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှ ဉာဏ်တော် ၁၂ လက်မ ခန့် အရွယ် ရွှေ အလေးချိန် ၄ ပိသာ ၆၀ ကျပ်သားရှိ ရှေးဟောင်း ရုပ်ပွားတော် တစ်ဆူကို တူူးဖေါ် ရရှိခဲ့ကြောင်း သတင်း ရရှိသည်။ ဘုရား ဂေါပက တစ်ဦးက ဘုရား တူးဖေါ်ရရှိကြောင်း ကို ယခုကဲ့သို့ ပြောကြားသည်။

“ စုစုပေါင်း ဘုရားက ၃၇ ဆူ တူးဖေါ်ရရှိပါတယ်။ အဲဒီအထဲက ဘုရားတစ်ပါးက ရွှေအတိ ဖြစ်ပြီး ၄ပိသာနဲ့ ၆၀ ကျပ်သား ရှိပါတယ်။ မြောက်ဦး ရတနာ သိမ့်ခ ဘုရားရှိ လောက မဥ္ဖူ စေတီတော်အား ပြန်လည်ပြုပြင်ရန် အတွက် တူးဖေါ်ရာက တွေ့ရှိတာ ဖြစ်ပါတယ်။”

Mrauk-U-Entrace-gate
အဆိုပါ ရွှေဆင်ထုတော်အား ရှေးဟောင်း ယဉ်ကျေးမူ အနုပညာမှ ထိန်းသိမ်းထားပြီး ဘုရား တန်ဖိုးကြီး မားသဖြင့် မြောက်ဦးဘဏ်တွင် သိမ်းဆည်းထားကြောင်း သူက ပြောသည်။

“ ရှေးဟောင်း ယဉ်ကျေးမူ ဦးစီးဌာနရဲ့ ခွင့်ပြုချက်နဲ့ ရတနာသိမ်ခ ဘုရားမှာ ရှိတဲ့ ဒေါက်တာ ဦးသိန်းထွန်း လင်မယား လှူဒါန်းတဲ့ စေတီတော် တဆူကို တူးဖေါ်ရာကနေ တွေ့ရှိတာ ဖြစ်ပါတယ်။ မေလ ၃၀ နေ့ ညနေ ၄ နာရီခွဲခန့်မှာ တွေ့ရှိတာ ဖြစ်ပါတယ်” ဟု သူက ဆက်ပြောသည်။

အဆိုပါ ဘုရားများအား တူးဖေါ် တွေ့ရှိပြီးနောက် ရခိုင်ပြည်နယ် ယဉ်ကျေးမူ ၀န်ကြီး ဦးအောင်သန်းတင်အား ဆရာကြီး ဦးဦးသာထွန်းသားဖြစ်သူ ရှေးဟောင်း သုတေသနမှူး ဦးကျော်ထွန်းအောင်မှ အကြောင်းကြားပြီး စစ်ဆေးရာမှ ရွှေဘုရား ဖြစ်နေကြောင်း သိရသည်ဟု ဦးကျော်ထွန်းအောင်၏ ဇနီး ဖြစ်သူက အတည်ပြုပြော ကြားသည်။

“ ဆရာက အလုပ်များနေတဲ့ အတွက် အပြင်ကို ရောက်နေပါတယ်။ ဘုရားကို တူးဖေါ်တွေ့ရှိတာက မှန်ပါ တယ်။ ဘုရားပြုပြင်ဖို့ တူးဖေါ်တဲ့ အခါ ဌာပနာ ထည့်ထားတဲ့ သေတ္တာတလုံးကို တွေ့ပါတယ်။အဲသေတ္တာ ထဲက စုစု ပေါင်း ဘုရား ၃၇ ဆူ ရပါတယ်။ အဲဒီ အထဲက အကြီးဆုံး ဘုရားကို ယဉ်ကျေးမူ ၀န်ကြီး ရောက်တဲ့ အခါ စစ်ဆေးကြည့်တော့ ရွှေဖြစ်နေတာကို တွေ့ရပါတယ်။ အလေးချိန် ၄ ပိသာနဲ့ ၆၀ ကျပ်သား ရှိပါတယ်။ အခု ဘုရားကို လုံခြံုတဲ့ နေရာမှာ ထားပါတယ်။ ကျန်တဲ့ ဘုရားတွေကိုတော့ မြောက်ဦးပြတိုက်မှာ ထားပါ တယ်။ အဲဒီဘုရားတွေကတော့ ရွှေလား၊ ငွေလားဆိုတာကို မစစ်ဆေးရသေးပါဘူး” ဟု ပြောသည်။

အဆိုပါ ဘုရားကို တူးဖေါ် တွေ့ရှိပြီးနောက် မြောက်ဦး မြို့သားများ၏ ဆန္ဒကို မေးကြည့်ရာ ဘုရား ဂေါပက လူကြီးက ယခုကဲ့သို့ ပြောသည်။

“ ဘုရားတွေကိုတော့ နဂို ဘုရားမှာဘဲ ဌာပနာချင်ပါတယ်။ ရရှိတဲ့ ရွှေဘုရားကိုတော့ တန်ဖိုး အလွန်ကြီးမားတဲဲ့ အတွက် ဌာပနာ ပြန်မတည်ချင်ဘူးဆိုရင်လည်း မြောက်ဦးမြို့မှာဘဲ အစောင့်အရှောက်တွေနဲ့ သိမ်တော် တဆောင်ဆောက်ပြီး ကိုးကွယ် ဖို့ မြောက်ဦးမြို့ခံတွေက အလိုရှိပါတယ်။ မြောက်ဦးက ရရှိတဲ့ ဘုရား မြောက်ဦးမှာဘဲ ထားချင်ပါတယ်” ဟု ပြောသည်။

မြောက်ဦး မြို့ခံများအနေဖြင့် အဆိုပါ ဘုရားကို အာဏာပိုင်များက သိမ်းဆည်းပြီး ဗမာပြည်ကိုယူဆောင် သွားမည်ကို အထူး စိုးရိမ်နေကြောင်း သိရသည်။

Most read this week