နယူးဒေလီ (မဇ္စျိမ) ။ ။ အစိုးရအနေဖြင့် အဆင် သင့် မဖြစ်သေး၍ စာရွက်ဝေ ဆန္ဒပြခြင်းကိုပင် ခွင့်မပြုနိုင်သေးသောကြောင့် ရွေးကောက်ပွဲ ရှုံးနိမ့်သူ ၄ ဦးက အကျဉ်းသား လွှတ်ပေးရန် တောင်းဆိုမည့် အစီအစဉ်မှာ ပျက်ပြားသွားသည်။
“ ယခုအချိန်အခါသည် အစိုးရ အပြောင်းအလဲဖြစ်ပြီး အစိုးရသစ်အနေဖြင့် လုပ်ထုံးလုပ်နည်း နည်းဥပဒေများ လွှတ်တော်အတွင်းတွင် လည်းကောင်း အစိုးရ အဖွဲ့အစည်းများ အသီးသီးတွင် လည်းကောင်း ပြုလုပ်ပြင်ဆင် စီစဉ်စရာများစွာ ရှိနေပါသဖြင့် ခေတ္တဆိုင်းငံ့ရန် ” ဟု မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့မှူးမှ ဆန္ဒပြချင်သူများကို ကြာသပတေးနေ့တွင် ထောက်ကြံ့ တိုးချဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပြောကြားခဲ့သည်။
ဇွန်လ ၅ ရက်နေ့တွင် ရန်ကုန်တွင် လက်ကမ်းစာစောင်ဝေပြီး မီဒီယာများနှင့် အင်တာဗျူး ပေးလိုသည့် အစီအစဉ်ကို လုံးဝ မလုပ်တော့ဟု ဆန္ဒပြလိုသူ တဦးဖြစ်သော ဦးနေမျိုးဝေ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ သူနှင့် အတူ အကျဉ်းသား လွှတ်ပေးရေး တောင်းဆိုလိုသူများမှာ အမျိုးသား ဒီမိုကရေစီ အင်အားစု NDF မှ ဦးမင်းအောင် (ဗိုလ်တထောင်)၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဦးစိုးကြည် (သန်လျင်) နှင့် တသီးပုဂ္ဂလ ဦးဝင်းချို (ဒလ)တို့ ဖြစ်သည်။
“ အစိုးရအသစ် ဂျပ်ချွတ်မို့လို့ဆိုပြီး အချိန်ဆွဲ နေလို့ မရဘူးပေါ့ဗျာ။ ဒီမူဝါဒတွေ ရေးဆွဲရမှာ သူတို့အလုပ်ပဲ” ဟု ဦးနေမျိုးဝေက ပြောသည်။
NDF မှ ဦးမင်းအောင်က “ ကျနော်တို့က ၂ဝဝ၈ အခြေခံ ဥပဒေကို ထောက်ပြပြောတာဆိုတော့ သူတို့က ဥပဒေရှိတာ မှန်တယ်၊ ဒါပေမဲ့ အဲဒီအထဲ လုပ်ထုံးလုပ်နည်း (နည်းဥပဒေ) မရေးဆွဲရသေးလို့ အဲဒီအထဲက အချက်အလက်တွေကို ခွင့်မပြုဘူးလို့ သက်ရောက်သွားတယ်ပေါ့” ဟု ပြောသည်။
၂ဝဝ၈ အခြေခံ ဥပဒေတွင် တိကျစွာ ညွှန်းဆိုထားခြင်း မရှိသော နိုင်ငံတော် လုံခြံုရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးတို့ မထိခိုက်လျှင် လွတ်လပ်စွာ စီတန်း လှည့်လည်ခွင့် ရှိကြောင်း ပြဋ္ဌာန်းထားသည်။
ထိုအခွင့်အရေးများ ရယူလိုလျှင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ သတ်မှတ်ချက်နှင့် အညီ လျှောက်ရမည်ဟု ပါရှိသည်။
နိုင်ငံသား မူလအခွင့်အရေးပါ အချက်အလက်များ အတိအကျ ညွှန်းဆိုရေးကို လွှတ်တော်တက် အမတ်များမှ တဆင့် တိုက်တွန်းပြီး၊ သမ္မတထံလည်း တိုက်ရိုက် စာပို့မည်ဟု ဦးမင်းအောင်က ဆိုသည်။