လက်ဝါးကပ်တိုင် ရွှေ့ရန် ကချင်ဝန်ကြီးချုပ် ပြော

လက်ဝါးကပ်တိုင် ရွှေ့ရန် ကချင်ဝန်ကြီးချုပ် ပြော
by -
ဖနိဒါ

ချင်းမိုင် (မဇ္စျိမ) ။        ။ ဒေသခံ ကက်သလစ် ဘာသာဝင်များ အထွတ်အမြတ်ထားရာလက်ဝါးကပ် တိုင်အား ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံရေကာ တာ စီမံကိန်းအတွင်း ရှိနေသဖြင့်ပြောင်းရွှေ့ပေး ရန် ကချင်ပြည်နယ် ဝန်ကြီးချုပ်ဦးလဂျွန်ငန်ဆိုင်း က ညွှန်ကြားလာကြောင်း မြစ်ဆုံဒေသခံများက ပြောသည်။

အေးရှားဝေါလ်နှင့် တရုတ်နိုင်ငံ စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း CPI မှ ကိုယ်စားလှယ်များက ပြီးခဲ့သည့် ဧပြီလတွင် ပြောင်းရွှေ့ရန် နောက်ဆုံးပြောဆိုခဲ့ရာမှ မေလ ၃ဝ ရက်နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်ကပါ ကက်သလစ် ဘုန်းတော်ကြီးကို ခေါ်ယူတွေ့ဆုံကာ ရွှေ့ပြောင်းရေး ညွွှန်ကြားလာခြင်း ဖြစ်သည်။

“လက်ဝါးကပ်တိုင်နဲ့ ပတ်သက်လို့ ဝန်ကြီးချုပ်လည်း ခေါ်ပြောတယ်၊ သူ့ကိုလည်း အထက်ကနေဖိအား ပေးတယ်လို့ ပြောတယ်။ သူက အခုမှ စလုပ်တယ်ဆိုတော့ သူမလုပ်ဘူးဆိုရင် ပြည်နယ်အတွက်၊ ကချင်လူထုအတွက်ပါ ထိလာဖို့ ရှိလာတယ်လို့ ပြောတယ်” ဟု ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

ရေကာတာ စီမံကိန်းနေရာတွင် ပါဝင်သဖြင့် ရွှေ့ပေးရသည့် အောင်မြင်သာ စံပြရွာအနီးရှိ ဧရာဝတီမြစ် အနောက်ဘက် တောင်တန်းများဆီ ထားရှိရန် ပြည်နယ်ဝန်ကြီးချုပ်က ညွှန်ကြားနေသည်။ လက်ရှိတွင် မေခ-မလိခ မြစ်ဆုံရာ အောက်ဘက်ရှိ ဧရာဝတီမြစ် အရှေ့ဘက်ကမ်း ဒေါင်ပန်ရွာအနီး တည်ရှိသည်။

“သူပြောတာက တောင်အောက်ကနေ တောင်ထိပ်ထိ အရမ်းကောင်းအောင် လုပ်ပေးမယ်လို့ ပြောတယ်။ ရွာသားတွေက လှတာ မလှတာ အဓိက မဟုတ်ဘူးလို့ ပြောတယ်” ဟု ဒေသခံက ဆိုသည်။

ဒေါင်ပန်ရွာသားများမှာမူ အာဏာပိုင်များ သတ်မှတ်ပေးသည့် နေရာများဆီသို့ ပြောင်းရွှေ့ခဲ့ကြပြီး ဖြစ်သည်။ သို့သော် လက်ဝါးကပ်တိုင်ကိုမူ မူလတည်ဆောက်ထားရာ နေရာ၌ပင် ဆက်လက်ထားရှိလိုခြင်း ဖြစ်သည်။

လက်ဝါးကပ်တိုင်သည် အောက်ခြေတွင် ကွန်ကရစ်ခံကာ သံ၊ အုတ်တို့ဖြင့် နှစ်ပေါင်းများစွာ တည်တံ့စေရန် စိုက်ထူထားကာ အမြင့်မှာ ၁၅ ပေ ရှိသည်။

“လက်ဝါးကပ်တိုင် စိုက်ထားတယ် ဆိုတာက ဘာသာဝင်တွေရဲ့ ယုံကြည်ချက်အပေါ် မူတည်တယ်။ဒီလက်ဝါး ကပ်တိုင်ကို လုံးဝ မပြောင်းရွှေ့ဖို့ဘဲ။ ပြောချင်တာက ဒီလက်ဝါးကပ်တိုင်ကို ယုံကြည်တယ်။တန်ဖိုးထား တဲ့အနေနဲ့ ဆုတောင်းတဲ့ နေရာအဖြစ် စိုက်ထားတာပဲ။ ဗုဒ္ဓ္ဓဘာသာဝင်တွေရဲ့ ယုံကြည်တဲ့ စေတီတည်ထား သလိုပဲ၊ ကျနော်တို့လည်း အဲဒီလိုပဲ ယုံကြည်တယ်” ဟု ကက်သလစ် ဘုန်းတော်ကြီးတပါးက မဇ္စျိမကို ရှင်းပြသည်။

မတ်လ ၂၆ ရက်နေ့ နောက်ဆုံးထား ရွှေ့ပေးရန် ကုမ္ပဏီများက စတင်ပြောခဲ့သော်လည်း သဘောမတူသဖြင့် နောက်တကြိမ်တွင် ဧပြီလအတွင်းသို့ သတ်မှတ်ပေးခဲ့ပြန်သည်။ ဘာသာဝင်များနှင့် ဘုန်းတော်ကြီးများက လက်ဝါးကပ်တိုင်အား မပြောင်းရွှေ့ရန် ပြည်နယ်အစိုးရထံ စာများရေးကာ မေတ္တာရပ်ခံခဲ့သေးသည်။

မြစ်ဆုံ စီမံကိန်းနေရာသည် စစ်ကိုင်းငလျင် ပြတ်ရွေ့ကြောနှင့် နီးကပ်သလို၊ ရေကာတာကျိုးပြီး ရေလွှမ်းမည့် အန္တရာယ်ကြောင့် မြစ်ဆုံဒေသခံများ၊ ပြည်တွင်းပြည်ပ ကချင်များနှင့် သဘာဝပတ်ဝန်းကျင် လှုပ်ရှားသူများက ရေကာတာ တည်ဆောက်မှုကို ကန့်ကွက်ခဲ့သော်လည်း အစိုးရသစ် လက်ထက်တွင်လည်း ဆက်လက်၍ အကောင်အထည် ဖော်နေဆဲ ဖြစ်သည်။

မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အတွင်းရေးမှူး ဘူမိဗေဒပညာရှင် ဦးစိုးသူရထွန်းက စစ်ကိုင်းငလျင်ကြောသည် ကချင်ပြည်နယ် မြို့ကြီးများကို မဖြတ်သော်လည်း မြစ်ဆုံအောက်ပိုင်း ၁၄ မိုင်ခန့် ကွာဝေးပြီး၊ ဧရာဝတီမြစ် အနောက်ဘက် အင်ခိုင်ဘွမ်တောင်ကို ဖြတ်သွားကြောင်း ယခင်က ပြောဆိုခဲ့ဖူးသည်။

၂ဝဝ၇ နှစ်ကုန်ပိုင်းတွင် နအဖ စစ်အစိုးရ အမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာနနှင့် CPI တို့ စတင်ခဲ့သောမြစ်ဆုံရေ ကာတာ စီမံကိန်းကို ရေအောက်ပိုင်း စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

ယင်းစီမံကိန်းအတွင်းမှ ကျေးရွာပေါင်း ၄ဝ ကျော်ရှိ အိမ်ထောင်စု ၃ဝဝ ကျော်မှာ လက်ရှိ မြစ်ဆုံအောက်ဘက်ရှိ စစ်အစိုးရက နေရာအစား ပြန်ပေးသည့် စံပြရွာသို့ ပြောင်းရွှေ့စေခဲ့သည်။

သို့သော် အစားပြန်ပေးသည့် နေရာမှာ လူမှုဖူလုံရေးနှင့် အသက်မွေးဝမ်းကြောင်းအတွက် မည်သို့မျှ ပြည့်စုံမှု မရှိသဖြင့် စိုးရိမ်မှုများ ရှိနေကြောင်း ဒေသခံများက ပြောသည်။

Most read this week