လောပိတ စက်ရုံ၌ မြေပြိုကျ၍ အလုပ်သမား ၆ ဦး သေဆုံး

လောပိတ စက်ရုံ၌ မြေပြိုကျ၍ အလုပ်သမား ၆ ဦး သေဆုံး
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်ရှိ လောပိတ (ဘီလူးချောင်း) ရေအားလျှပ်စစ်စက်ရုံ အမှတ် ၃ ကို ဆောက်လုပ်နေသော ဆောက်လုပ်ရေး အလုပ်သမား များသည် မေလ ၁၇ ရက်နေ့က မြေပြိုကျမှုကြောင့် ၆ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အမှတ် ၃ စက်ရုံမှ ရေထွက်ရန် ရေလမ်းကို မြေအောက်တွင် လှိုဏ်ခေါင်း ဖောက်လုပ်၍ လှိုဏ်ခေါင်းတွင်း၌ ၀င်ရောက်အလုပ်လုပ်နေကြသော အလုပ်သမားများသည် မြေပြိုကျမှုကြောင့် ၆ ဦး သေဆုံးခဲ့ရခြင်းဖြစ်သည် ဟု  ကရင်နီဖွံ့ဖြိုးရေးနှင့် သုတေသနအဖွဲ့မှ ဒါရိုက်တာ တော်ရယ်က ပြောသည်။  

lawpitano2၎င်းက “ဒဏ်ရာရတာ တချို့ရှိတယ်။ ဘယ်နှစ်ယောက် ဒဏ်ရာရလဲတော့ အတိအကျ မသိဘူး။ ဒါပေမယ့် အဲမှာ တခါတည်း သေတာ ၆ ယောက် ရှိတယ်လို့ ပြောတယ်” ဟု ပြောသည်။

မြေပြို၍ သေဆုံးသူများ အထဲတွင် တရုတ် အင်ဂျင်နီယာ တဦးလည်း ပါ၀င်ကြောင်း၊ ၎င်းသည် မြေပြိုသည့် အချိန်တွင် မြေအောက် လှိုဏ်ခေါင်းတွင်း၌ အလုပ်သမားများကို ဦးဆောင်အလုပ်လုပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အမှတ် ၃ စက်ရုံ၌ မြေပြိုကျသည့်အတွက် ဆောက်လုပ်ရေး အလုပ်သမား ၆ ဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူ အလုပ်သမားများသည် ဒေသခံများ မဟုတ်ခဲ့ကြောင်းဒေသခံများက လည်း ဆိုကြသည်။

အမှတ် ၃ စက်ရုံ ဆောက်လုပ်ရန်အတွက် ဆောက်လုပ်ရေး ပစ္စည်းများကို ထိုင်းပစ္စည်းများ ၀ယ်ယူရန် ယခင် မဆောက်လုပ်သေးခင် တာဝန်ရှိသူများက ပြောဆိုခဲ့သေးကြောင်း၊ သို့သော် နောက်ဆုံးတွင် တရုတ် ဆောက် လုပ်ရေး ပစ္စည်းများကိုသာ ပြန်လည်ဝယ်ယူပြီး ဆောက်လုပ်ကြောင်း၊ ဆောက်လုပ်သူများသည် တရုတ်နိုင်ငံမှ အင်ဂျင်နီယာ အဖွဲ့ ဖြစ်ကြောင်း တော်ရယ်က ဆက်ပြောသည်။

ကရင်နီပြည်နယ်တွင် ယခု ဆောက်လုပ်နေဆဲ ဖြစ်သော လောပိတ ရေအားလျှပ်စစ်စက်ရုံ အမှတ် ၃ အပါ အဝင် လောပိတ ရေအားလျှပ်စစ်စက်ရုံ အမှတ် ၁နှင့် အမှတ် ၂ ဟူ၍ ၃ ခု ရှိသည်။ အမှတ် ၂ စက်ရုံသည် လွန်ခဲ့သည့် ၁၉၆၀ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၇၄ ခုနှစ်တွင် ပြီးဆုံးခဲ့ကာ လျှပ်စစ်ဓါတ်အား ၁၆၈ မီဂါ၀ပ် ထုတ်လုပ်ပေးသည်။ အမှတ် ၁ စက်ရုံသည် ၁၉၈၆ ခုနှစ်တွင် အစပျိုးခဲ့ပြီး ၁၉၉၂ ခုနှစ်တွင်ပြီးဆုံး သွားခဲ့ကာ စစ်ရုံ၏ လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်စွမ်းမှာ ၂၈ မီဂါ၀ပ် ဖြစ်သည်။ ယခုဆောက်လုပ်နေသေး သော အမှတ် ၃ စက်ရုံသည် လျှပ်စစ်ဓါတ်အား မည်မျှ ထုပ်လုပ်မည်ကို မသိရသေးပေ။

ထို့အပြင် ကရင်နီပြည်နယ် ဘောလခဲမြို့နယ်ရှိ သံလွင်မြစ်နှင့် ပွန်ချောင်းပေါ်တို့တွင် ဆည် ၂ ခု၊လွိုင်ကော်မြို့ နယ် မြောက်ပိုင်းရှိ သဖက်ချောင်းပေါ်တွင် ဆည် ၁ ခု စုစုပေါင်း ဆည် ၃ ခု ထပ်မံတည်ဆောက်ပြီးလျှပ်စစ် ဓါတ်အားများ ထုပ်လုပ်ရန် ယခင် မြန်မာစစ်အစိုးရက တရုတ် ယူနန်ပြည်နယ် ရေးအားလျှပ်စစ် ထုတ်လုပ်ရေး ကုမ္မဏီ ဖြစ်သော ဒါးတန်း ကောင်ပိုရေးရှင်း (Datang Corporation)နှင့် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်ဇန်နဝါရီလ တွင် သဘောတူလက်မှတ် ရေးထိုးခဲ့ကြသည်။