နယူးဒေလီ (မဇ္စျိမ)။ ။ အကျဉ်းသားအခွင့်အရေး အတွက် အစာငတ်ခံဆန္ဒပြသူ အကျဉ်းသား ၁၇ ဦး အစာပြန်စားပြီဟူသောအင်းစိန်အကျဉ်းဦးစီးဌာန ၏ ရန်ကုန်အခြေစိုက် ဂျာနယ်အချို့မှတဆင့် ရှင်းလင်းချက်မှာ မမှန်ကန်နိုင်ကြောင်း နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP - B က ပြောဆိုသည်။
မေလ ၂၂ ရက်နေ့မှစ၍ အစာငတ်ခံဆန္ဒပြခဲ့သူ အကျဉ်းသားများ အစားအစာ ပြန်စားပြီး၊ ကျန်းမာရေး အခြေအနေ ပုံမှန်ရှိကြောင်း အကျဉ်းဦးစီးဌာန၏ ဖြေရှင်းချက်မှာ အင်္ဂါနေ့ထုတ် ပြည်တွင်းဂျာနယ်အချို့တွင် ပါရှိလာသည့်အပေါ် AAPP-B က ကျေညာချက်ထုတ်၍ တုံ့ပြန်ပြောဆိုခြင်း ဖြစ်သည်။
“အဲဒီဟာက မမှန်နိုင်ဘူး။ တောင်းဆိုချက် မရမချင်း လုပ်မယ်လို့ ပြောထားတာရှိတယ်။ နောက်တခုက ထောင်ရဲ့အကျင့်။ ထောင်ဆေးရုံကိုခေါ်ပြီး လက်ထိတ်ခတ်ပြီး drip သွင်း၊ နှာခေါင်းကနေ ပိုက်ထည့်ပြီးတော့ နို့ထည့်တာတို့ လုပ်ခဲ့ဖူးတာတွေ ရှိပါတယ်။ ဒါကို သူတို့က အစာပြန်စားနေပါပြီလို့ လုပ်တာတွေရှိတယ်” ဟု AAPP (B) နိုင်ငံခြားရေး တာဝန်ခံ ကိုမောင်မျိုးသိန်းက မဇ္စျိမကို ပြောသည်။
လျှပ်တပြက်နှင့် Yangon Media Group အင်တာနက် စာမျက်နှာများတွင် အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူ၏ ပြောပြချက်အား ကိုးကားဖော်ပြထားကာ၊ အကျဉ်းသားများ စားသောက်ရန်အတွက် အချဉ်ဟင်းချက်ပြုတ် ရာတွင်ပင် ငါးခေါင်း၊ ငါးခြောက်များပါ ထည့်သွင်းချက်ပြုတ်စေကြောင်း ဖော်ပြပါရှိသည်။
သို့သော် “နိုင်ငံတော်မှ တရက်လျှင် ၂၈၈ သိန်းကျပ် အကုန်အကျခံကာ ကျွေးမွေးလျက်ရှိသည်ဟု ဖော်ပြ ထားပေသည်။ ၂၀၀၉ ခုနှစ် နို၀င်ဘာလ ၂၇ ရက်နေ့တွင် အကျဉ်းဦးစီးဌာန ညွှန်ချုပ် ဦးဇော်ဝင်းက မြန်မာနိုင်ငံတွင် အကျဉ်းသားပေါင်း ၂၄၈,၆၆၄ ဦး ရှိသည်ဟု ပြောကြားခဲ့သည်။ သို့အတွက် အကျဉ်းသား တဦးအတွက် ထမင်းတနပ် စားစရိတ်မှာ ၅၇.၉ ကျပ် (ပျမ်းမျှ ဒေါ်လာ ၁၀ ဆင့်) သာ ရရှိမည်ဖြစ်သည်” ဟု ၃၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့် AAPP – B ၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။
မြန်မာအကျဉ်းထောင်များတွင် ထောင်တွင်းအခွင့်အရေး ဆန္ဒပြမှုများ မကြာခဏ ဖြစ်ပွားခဲ့ဖူးသော်လည်း ပြည်တွင်းထုတ် အပတ်စဉ်ဂျာနယ်များတွင် ယခုဆန္ဒပြမှုနှင့် ပတ်သက်၍ ပထမဆုံး ဖော်ပြခြင်း ဖြစ်သည်။
“၂၁ ရက်နေ့က စတဲ့ကိစ္စကို ကျနော်တို့က သတင်းကြေညာတာတွေရှိတယ်။ အထဲကနေ ပို့တာတွေရှိတယ်။ သတင်းဌာနတွေရော၊ ပြည်သူလူထုကရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းကရော အာရုံစူးစိုက်လာတော့ မေးခွန်းတွေ အများကြီး သူတို့ဖြေရှင်းရတာပေါ့။ ဒါကိုမှ သူတို့ ဘယ်လိုလှည့်ဖျားပြီး လှည့်ထုတ်လိုက် မလဲဆိုတာ အကွက်ဆင်တာပါ” ဟု ကိုအောင်မျိုးသိန်းက ပြောဆိုသည်။
အင်းစိန် ဗဟိုအကျဉ်းထောင်တွင်ပင် နိုင်ငံရေးအကျဉ်းသား ၄၂၀ ဦး ရှိပြီး၊ အစာငတ်ခံဆန္ဒပြသူအားလုံး နိုင်ငံရေးအကျဉ်းသားများ ဟုတ်/မဟုတ် ဆက်လက်စုံစမ်းဆဲဖြစ်ကာ အဆိုပါ ၁၇ ဦးလုံးကို မိသားစုနှင့် ထောင်ဝင်စာ တွေ့ခွင့် ပိတ်ပင်ထားဆဲဖြစ်ကြောင်း AAPP - B က ဆိုသည်။
“တကယ်တမ်းက ထောင်ထဲမှာ သတင်းအဆက်အသွယ် ဖြတ်တောက်မှုကို သေချာဖန်တီးထားတဲ့အတွက် ကျနော်တို့ မှန်ကန်တိကျတဲ့ အချက်အလက်ရဖို့ လုပ်နေပါတယ်” ဟု ကိုအောင်မျိုးသိန်းက ပြောသည်။
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC နှင့် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့များကို အကျဉ်းထောင်နှင့် ရဲဘက် စခန်းများသို့ သွားရောက်လေ့လာခွင့် ရရှိရေး အပါအဝင် အကျဉ်းသားအခွင့်အရေးများ အပြည့်အဝ ရရှိရန်အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ၀ိုင်းဝန်းတောင်းဆိုပေးရန် AAPP - B ကြေညာချက်တွင် ဆိုထားသည်။