ယခုလ ၂၂ ရက်နေ့က သျှမ်းပြည် (မြောက်ပိုင်း) ကွတ်ခိုင် မြို့ အနီး ရဲတပ်ဖွဲ့ဝင်များနှင့် ဆိုင်ကယ် ကယ်ရီ သမားများ ရုန်းရင်းဆန်ခတ်ဖြစ် ပွားခဲ့ ကြောင်း ဆိုင်ကယ်ကယ်ရီအသိုင်းအဝိုင်းအဆိုအရ သိရသည်။
အဆိုပါ အခင်းဖြစ်ပြီးနောက် မူစယ် ၊ နမ့်ခမ်း နယ်စပ်လမ်းကြောင်းများအတိုင်း တင်သွင်းသည့်တရုတ် ဝစ် သောက်ကား၊ ထော်လာဂျီနှင့် ဆိုင်ကယ်များကို အာဏာပိုင်များ လိုက်လံဖမ်းဆီးနေကြောင်းကယ်ရီအသိုင်း အဝိုင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“ကွတ်ခိုင်နားမှာ ရဲကငွေထွက်တောင်းတာကနေ စဖြစ်တာ၊ ဆိုင်ကယ် အစီး ၃၀ ငွေ ၅ ထောင်ပေးရတယ်၊ ရဲကတစ်စီး ၁ ထောင်တောင်း တာ၊ မပေးတော့ ဆဲဆိုကြပြီး အခင်းဖြစ်တာပေါ့၊သေနတ်ထောင် ဖေါက်တဲ့ အထိဖြစ်တယ်၊ ရဲတစ်ယောက် ဓါးဒဏ်ရာရတယ်၊ ကယ်ရီတစ် ယောက်လဲ သေနတ်ဒဏ်ရာရတယ်” ဟု ဆိုသည်။
ယခင်က နေ့စဉ် ဝစ်သောက်ဆိုင်ကယ်အစီးရေ ထောင်ဂဏန်းခန့်နှင့် ကား ၊ ထော်လာဂျီအစီးဆယ်ဂဏန်း ခန့် တရုတ် - မြန်မာနယ်စပ် မူစယ်၊ နမ့်ခမ်း လမ်းကြောင်းများမှ တဆင့် တင်သွင်းနေသော်လည်းယခု ဖမ်းဆီးမှု ကြောင့် တရားမဝင် တင်သွင်းသည့် ယာဉ်အရေအတွက်နည်းပါး သွားကြောင်း သိရသည်။
“မူစယ် ၊ နမ့်ခမ်း တစ်လျှောက် လှေဆိပ်တွေမှာရော၊ ကျယ်ဂေါင် - မူစယ် အဝင် ဆင်ဖြူ၊ မန့်ဝိန်းအပေါက် တွေမှာရော ဒီနေ့အထိ ဖမ်းတုန်း ပဲ၊ ကျယ်ဂေါင်မှာဆို ဆိုင်ကယ်အရောင်းအဝယ်မရှိသလောက်ဖြစ်နေတယ်၊ မသိတဲ့တချို့လူလောက်ပဲ သွားတာလာတာရှိတော့တယ်” ဟု ဆိုသည်။
ယခုလ ၂၃ ရက်နေ့က သျှမ်းပြည် နယ်စပ်ရေးရာဝန်ကြီး ဦးအောင်သူ သျှမ်းပြည် (မြောက်ပိုင်း) အတွင်းရှိ မြို့ များသို့သွား ရောက်ခဲ့အပြီး ယခု ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းလည်း ဖြစ်သည်။
အဆိုပါဖမ်းဆီးမှုသည် လက်လုပ်လက်စား ကျောမွဲများသာ ထိခိုက်နစ်နာရကြောင်း ဒေသခံများက ဆိုသည်။