ကရင်နီ တောင်သူများ စပါး စျေးနှိမ် ၀ယ်ခံနေရ

ကရင်နီ တောင်သူများ စပါး စျေးနှိမ် ၀ယ်ခံနေရ
by -
ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်နယ်တွင်တောင်သူလယ်သမား များ သည် လာမည့် စာသင်နှစ်၌ သားသမီးများအား ကျောင်းထား နိုင်ရန်အတွက် မိမိတို့၏ စပါးများအား ထုတ်ရောင်းချနေကြရာ ကုန်သည်များ၏ အထူး စျေးနှိမ်ဝယ်ခြင်းကို ခံနေရသည်ဟု ဒေသခံများက ပြောကြသည်။

တောင်သူများမှာ မိမိတို့ လယ်ယာမှ ထွက်ရှိသည့် စပါးများအနက် တချို့ကို နောင်နှစ်၌ စားသုံးရန် စုဆောင်း သိုမှီးထားလေ့ရှိကြသည်။ ယမန်နှစ်ကမူ ရာသီဥတု ဆိုးဝါးပြီး စပါး အထူး အထွက်နည်းခဲ့သဖြင့် ယခုနှစ် သုံးစွဲရန်အတွက် စပါးများများ မသိုမှီးထားနိုင်ပဲ စားဖို့ပင် အနိုင်နိုင် ဖြစ်နေကြရသည်ဟု ဆိုသည်။ စီးပွားရေး အထူးကြပ်တည်းသော်လည်း တခြား ၀င်ငွေလည်း မရှိ ဖြစ်နေရာ သားသမီးများ၏ ပညာရေးအတွက် ယခုကဲ့သို့ စျေးနှိမ်သည့်ကြားမှ ရောင်းချခဲ့ရခြင်း ဖြစ်သည်ဟု ဖရူးဆိုမြို့နယ် ဒေသခံ တောင်သူလယ်သမား တစ်ဦးက ပြောသည်။
prusoland
“ကလေးတွေ ကျောင်းတက်ရတော့မယ်လေ။ အဲဒါကြောင့် ကျောင်းအပ်ဖို့၊ စာအုပ်တွေ ၀ယ်ဖို့ လိုတယ်။ ဘာပဲဖြစ်ဖြစ် စုဆောင်းထားတဲ့ စပါးတွေကိုပဲ သွားရောင်းရတာပေါ့။ အဝယ်သမားတွေ ပေးသလောက်ပဲ ယူရတာပေါ့။”

စပါးများကို လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့နှင့် ဖရူးဆိုမြို့များရှိ ဆန်စက်များတွင် သွားရောက်ရောင်းချကြရာ မတ်လအတွင်းက လေးပုံးအိတ် စပါးတစ်အိတ်လျှင် ကျပ်ငွေ ၁၅,၀၀၀ ရရှိခဲ့သော်လည်း ယခု တအိတ်လျှင် ၉,၅၀၀ ကျပ်ဖြင့်သာ စပါးပွဲစားများထံ အရှုံးခံပြီး ရောင်းလိုက်ရသည်ဟု ပြောသည်။

မိမိတို့ စားဖို့ သိုလှောင်ထားသည့်ထဲမှ ထုတ်ပြီး စပါးရောင်းချသူ ယခုနှစ်တွင် များပြားလာသည်ဟုစပါးကုန် သည် တဦးက ရှင်းပြသည်။ “သူတို့လည်း ပြေလည်အောင်ဆိုပြီး ၀ယ်ရတာပေါ့လေ”ဟုလည်း သူကဖြည့်စွက် ပြောသည်။

အလားတူ စျေးအနှိမ်ခံပြီး စပါး ရောင်းချခဲ့ရသည့် ဒီးမော့ဆိုမြို့နယ်မှ တောင်သူတဦးကလည်း “သားနှစ် ယောက်က အထက်တန်း တက်ရတော့မယ်ဆိုတော့၊ အခုလောလောဆယ် ဗလာစာအုပ်ဖိုးနဲ့ နေဖို့ ၊ စားဖို့ အိမ်ငှားပေး ထားရတာ အတွက်ကိုပဲ တစ်သိန်းကျော် ကုန်သွားပြီ” ဟု ပြောသည်။

ယမန်နှစ်က ရာသီဥတု ဖောက်ပြန်မှုကြောင့် တောင်သူများ ဆင်းရဲဒုက္ခများနှင့် ကြံုတွေ့ ရင်ဆိုင်နေကြရသည်ဟု ဒီးမော့ဆိုမြို့နယ်တွင်းရှိ ကျေးရွာ ၃၄ ရွာတွင် သီးနှံစိုက်ပျိုးရေး စီမံကိန်းများနှင့် ပတ်သက်၍အကူညီပေးနေ သည့် NGO အဖွဲ့အစည်းတစ်ခုမှ ၀န်ထမ်းတစ်ဦးက ပြောသည်။

“ရွာသားတွေ ဒီလို ပုံစံတိုင်းသာဆိုရင် စားဖို့တောင် အနိုင်နိုင်။ ကျန်တဲ့ ကျန်းမာရေး၊ ပညာရေးဆို ဝေးသေးပေါ့။ မနည်းရုန်းကန် ရှာဖွေနေရတာ။ ကလေးတွေတောင် ကျောင်းဆက်မတက်နိုင်တော့တဲ့အထိ ဖြစ်လာနိုင်တယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။