ရခိုင်ပြည်နယ် ငါးဖမ်းကွက်လေလံ ကြံ့ဖွံ့ပါတီဝင်များကိုသာ ဦးစားပေး

ရခိုင်ပြည်နယ် ငါးဖမ်းကွက်လေလံ ကြံ့ဖွံ့ပါတီဝင်များကိုသာ ဦးစားပေး
by -
တာကလူး

ရခိုင်ပြည်နယ်ရှိ ပင်လယ်ပြင်နှင့်မြစ်ချောင်းအင်းအိုင် များကို ငါးဖမ်းကွက်များအဖြစ် ပိုင်းခြားသတ်မှတ်ပြီး ပြည်နယ်အစိုးရသစ်မှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် အတွက် လေလံပစ် ဌားရမ်းခဲ့ရာတွင် ကြံ့ဖွံ့ပါတီနှင့် နီးစပ်သူများကိုသာ ဦးစားပေး ဌားရမ်းခဲ့သည်ဟု လေလံဝင်ပြိုင်ခဲ့သူ လုပ်ငန်းရှင်များက ပြောသည်။

"အစိုးရသစ်က ငါးဖမ်းကွက်တွေကို လုပ်ငန်းရှင်တွေကို ခေါ်ပြီး လေလံပစ်တယ်ဆိုပေမယ့် တကယ့်ကို အမြတ်အစွန်းကောင်းတဲ့ ငါးဖမ်းကွက်တွေကိုဆိုရင် တခြားသူတွေကိုထက် ကြံ့ဖွံ့ပါတီနဲ့ နီးစပ်သူတွေကိုပဲ ရွေးပေးခဲ့တာ ဖြစ်ပါတယ်" ဟု အမည်မဖေါ်လိုသူ လုပ်ငန်းရှင် တဦးက နိရဥ္စရာကို ပြောသည်။

ရခိုင်ပြည်နယ်အစိုးရမှ ပြည်နယ်တဝှန်းရှိ ငါးဖမ်းကွက်များကို ယခုလ (၉)ရက်နေ့မှ (၁၁)ရက်နေ့ထိ လေလံပစ် ဌားရမ်းခဲ့ရာတွင် အဖွဲ့ဝင် (၅)ဦးပါ လေလံကော်မီတီတစ်ခုကို ဖွဲ့စည်းပေးခဲ့ပြီး၊ ထိုကော်မီတီမှတဆင့် တနှစ်တာ အတွက် မြစ်ချောင်းများကို လေလံပစ် ဌားရမ်း ပေးခဲ့ခြင်းဖြစ်သည်။

Boat-frm-Arakan-state

ကော်မီတီတွင် ဥက္ကဌအဖြစ် ရတပပါတီမှ ဦးကျော်သိန်း ( သားငါး၊ သတ္တုနှင့် စွမ်းအင် ၀န်ကြီး)၊အတွင်းရေးမှူး အဖြစ် ဦးမျိုးအောင် (ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး)၊ အဖွဲ့ဝင်များအဖြစ် ကြံ့ဖွံ့ပါတီမှ ဦးမြအောင် (စီးပွါးရေး ၀န်ကြီး)၊ ဦးကိုကိုအောင် (ချင်းတိုင်းရင်းသားရေးရာ ၀န်ကြီး) နှင့် တခြားအစိုးရဌာန ဆိုင်ရာ အရာရှိတစ်ဦးတို့ကို ထည့်သွင်းဖွဲ့စည်းပေးခဲ့သည်။

လေလံစည်းကမ်းအရ ငွေအများဆုံးပေးနိုင်သူကိုသာ ဌားရမ်း ရောင်းချပေးရမည် ဖြစ်သော်လည်း ကော်မီတီကို ကြံ့ဖွံ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အရာရှိများက ကြီးစိုးထားသဖြင့် သူတို့နှင့် နီးစပ်သူများကိုပေးငွေနည်းသော် လည်း ဘက်လိုက်ရောင်းချခဲ့သည်ဟု ၄င်းလုပ်ငန်းရှင်က ယခုကဲ့သို့ဆက်ပြောသည်။

" မောင်တောမြို့နယ်ထဲက အင်းဒင် ငါးဖမ်းကွက်ဆိုရင် လေလံဝင်ပြိုင်သူ ၁၂ ဦးတောင်ရှိပါတယ်။ပြည်နယ်တ ၀ှန်းလုံးမှာ ရှိတဲ့ တခြားငါးဖမ်းကွက်တွေနဲ့စာရင် အများဆုံး ၀င်ပြိုင်ခဲ့ကြတဲ့ ငါးဖမ်းကွက်လဲ ဖြစ်ပါတယ်။အဲဒီ ငါးဖမ်း ကွက်ကို သိန်း ၂၀၀ ကနေ ၃၀၀ ထိပေးနေကြတဲ့ အထဲကနေ သိန်း ၁၇၀ သာပေးတဲ့ ဦးသံခဲကို ရွေးပေးခဲ့ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဦးသံခဲဟာ ကြံ့ဖွံ့ ပါတီဝင် တစ်ဦးဖြစ်ပြီးတော့ ၂၀၀၆-၂၀၀၇ မှာ ခုလက်ရှိ ကြံ့ဖွံ့ပါတီကနေ စီးပွါးရေးဝန်ကြီးဖြစ်လာတဲ့ ဦးမြအောင်နဲ့ အစုစပ်ငါးဖမ်းကွက်လေလံဆွဲခဲ့ဖူးသူလဲ ဖြစ်တဲ့အတွက် ခုလိုပေးငွေနည်းပေမယ့် ပါတီအား၊ ၀န်ကြီးအားနဲ့ သူ့ကို ဘက်လိုက် ဌားရမ်းလိုက်တာဖြစ်ပါ တယ်" ဟု ပြောသည်။

မောင်တောမြို့နယ်အတွင်း နတ်မြစ်ဖျား တောင်ပြိုမှ စ၍ မြို့နယ်အဆုံး တောင်ပိုင်းပင်လယ်ဆိပ်ကမ်း အင်းဒင် ကျေးရွာ အထိ ငါးဖမ်းကွက် ၁၂ ကွက် ပိုင်းခြားသတ်မှတ်ထားပြီး၊ အင်းဒင်ငါးဖမ်းကွက်မှာ ရသေ့တောင်နှင့် စစ်တွေ မြို့နယ်များနှင့် ကပ်ရပ်တည်ရှိပြီး ဘင်္ဂလားဒေ့ရှ်နှင့် ပင်လယ်ပြင် ငါးရောင်း ၀ယ်ရေးတွင် အရေးပါသည့် အတွက်ကြောင့် စီးပွါးရေးသမားများ အထူးစိတ်ဝင်စားသော ငါးဖမ်းကွက် ဖြစ်ကြောင်းလည်းသိရှိရသည်။

ဘူးသီးတောင်မြို့နယ် မယူမြစ်နှင့် ချောင်းတက်များတွင်လည်း ငါးဖမ်းကွက် (၆) ခုပိုင်းခြားထားပြီး၊ညောင် ချောင်း အပါအဝင် အဓိက အချက်အချာကျသော အကွက်များကို ဒေသခံ ကြံ့ဖွံ့ပါတီ အတွင်းရေးမှူး ဦးမောင်ဝင်းလှိုင်နှင့် ပါတီဝင် ဦးအောင်တင်ရွှေတို့ကို သတ်မှတ်စျေးထက် လျှော့ပြီးရောင်းချပေးခဲ့ကြောင်း လည်း သိရှိရသည်။

အလားတူ စစ်တွေ၊ ပေါက်တော၊ ရသေ့တောင်၊ မြေပုံ နှင့် ကျောက်ဖြူ မြို့နယ်များတွင်လည်း အဓိကအချက် အချာကျပြီး အမြတ်အစွန်းကောင်းမည့် ငါးဖမ်းကွက်များကို ဒေသခံ ကြံ့ဖွံ့ပါတီဝင် လုပ်ငန်းရှင်များကသာ ရယူထားကြကြောင်း ထိုဒေသများမှ ငါးဖမ်းသမားများက ပြောသည်။

ယခုကဲ့သို့ ပင်လယ်ပြင်နှင့် မြစ်ချောင်းအင်းအိုင်များအတွင်း ငါးဖမ်းကွက် ရောင်းချရေးစနစ်မှာ ယခုအချိန်ထိ မြန်မာနိုင်ငံအတွင်း မည်သည့်ဒေသတွင်မျှ မရှိသေးသော်လည်း ရခိုင်ပြည်နယ်တွင် ၂၀၀၁ ခုနှစ်မှစ၍အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်မှ စတင် အကောင်အထည်ဖော် လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

ထိုစနစ်စတင်ချိန်မှစ၍ ရခိုင်ပြည်သူများမှာ အနီးအနား မြစ်ချောင်းများတွင် အစဉ်အလာအရ တဝမ်းတခါး တနပ်စာ ငါးရှာစားနေခြင်းကိုပင် အကောက်ခွန် အမျိုးအမျိုး စည်းကြပ်ပြီး ပိတ်ပင်ခံလာခဲ့သဖြင့်ရခိုင်ပြည်သူ များမှာ အထူး ဒုက္ခရောက်နေကြရသည်။

စစ်တွေမြို့နယ်မှ တပိုင်တနိုင် ငါးဖမ်းခြင်းဖြင့် အသက်မွေးနေသူ တစ်ဦးက အစိုးရသစ် ပြောင်းလဲ သွားလျှင် ထိုစနစ် လည်း ပြောင်းသွားလိမ့်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း အစိုးရသစ်မှ လွန်ခဲ့သော နှစ်များထက် ငါးဖမ်းကွက်များပိုရိုက်ပြီး လေလံပစ် ရောင်းချခဲ့ခြင်းကြောင့် အကောက် ပိုမို တိုးလာမည်ကိုငါးဖမ်းသမား အများစုမှာ စိုးရိမ်နေကြသည်ဟု ပြောသည်။

ရခိုင်ပြည်နယ်ကို စစ်တွေ၊ မောင်တော၊ ကျောက်ဖြူ နှင့် သံတွဲစသည့် ခရိုင်လေးခုဖြင့် ဖွဲ့စည်းထားပြီးတရုတ် ကုမ္ပဏီမှ လှေများကို ငါးဖမ်းခွင့်ပေးထားသည့် သံတွဲခရိုင်မှလွဲ၍ ကျန်ခရိုင်များရှိ ပင်လယ်ပြင်နှင့်မြစ်ချောင်း များကို ငါးဖမ်းကွက် ၁၂၀ ကျော် ရိုက်ပြီး လေလံပစ် ရောင်းချ ထားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Most read this week