တရားခံဖြစ်သွားသောရှေ့နေ

တရားခံဖြစ်သွားသောရှေ့နေ
by -
ကိုဖိုးဖြူ

အချိန်ကား ည ၁၁းဝဝ နာရီ၊ နေရာကား မကွေးမြို့၊ နေ့ရက်ကား ၂ဝဝ၉ ခုနှစ်။ ၂ဝ၁ဝ အကြိုနှစ်သစ် ကူးည။ ဆိုင်ကယ်တွေ တဝီဝီနဲ့ သူတကာ စုံတွဲတွေ ပျော်နေချိန်မှာ ကျနော်တယောက်ကတော့မကွေးမြို့ လမ်းမထက်မှာ လမ်းလျှောက်နေတုန်းပဲ။ တည်းခိုဖို့ လက်ခံမယ့် တည်းခိုခန်းကိုရှာနေရတုန်းပဲ။

ညဆိုးရဲ့ နိဒါန်း

အချိန်ကား ည ၁၁းဝဝ နာရီ၊ နေရာကား မကွေးမြို့၊ နေ့ရက်ကား ၂ဝဝ၉ ခုနှစ်။ ၂ဝ၁ဝ အကြိုနှစ်သစ်ကူး ည။

ဆိုင်ကယ်တွေ တဝီဝီနဲ့ သူတကာ စုံတွဲတွေ ပျော်နေချိန်မှာ ကျနော်တယောက်ကတော့ မကွေးမြို့လမ်းမထက်မှာ လမ်းလျှောက်နေတုန်းပဲ။ တည်းခိုဖို့ လက်ခံမယ့် တည်းခိုခန်းကိုရှာနေရတုန်းပဲ။

“ညီလေး၊ လူကောင်း တယောက်ဆိုတာ မြင်ရုံနဲ့ သိပါတယ်။ ဒီမှာလည်း ညီလေးရဲ့ ရှေ့နေလိုင်စင်ကိုပြတော့ ဒီမြို့ကို အမှုလာလိုက်တာ မဟုတ်လား။ အကိုတို့ တည်းခိုခန်းမှာ လက်ခံလို့ မရလို့ပါ။ အကိုတို့ကို နားလည် ပေးပါ”

တည်းခိုခန်း မန်နေဂျာရဲ့ စိုးရိမ်ထိတ်လန့်စိတ်၊ အားနာစိတ်နဲ့ ပြောနေရတာကို နားလည်ပါတယ်။ နောက် တည်းခိုခန်း ပိုင်ရှင်ကတော့ “ခင်ဗျားက ရှေ့နေလား၊ ကျုပ်တို့ သိပြီးပါပြီ။ အခန်းမရဘူးဗျာ”

ပြောလည်းပြော၊ ကျနော့်နောက်ကနေ တာဝန်အရ လိုက်လာရတဲ့ တာဝန်ရှိသူတွေကို ကျေနပ်အောင်လည်း ငါဒီလို နှင်ထုတ်လိုက်တာလို့သိအောင် ခပ်ကျယ်ကျယ်လေး ဟစ်ပြလိုက်တာပေါ့။ ဟောဒါကတော့ ၃ ခုမြောက် တည်းခိုရိပ်သာပါပဲ။ နှင်မထုတ်ရုံ တမယ်ပဲ။

“ညီလေး၊ လူကောင်း တယောက် ဆို တာ မြင်ရုံနဲ့ သိပါတယ်။ ဒီမှာလည်း ညီလေးရဲ့ ရှေ့နေလိုင်စင်ကိုပြတော့ ဒီမြို့ကို အမှုလာလိုက်တာ မဟုတ် လား။ အကိုတို့ တည်းခိုခန်းမှာ လက်ခံ လို့ မရလို့ပါ။ အကိုတို့ကို နားလည်ပေး ပါ”

ဒီတညတော့ တည်းခိုခန်းမရတာ ကျိန်းသေသွားပြီ။ ဒီညမှ မဟုတ်ပါဘူး။ ဒီအမှုကို ရှေ့နေလိုက်ခဲ့တဲ့ ကာလ တလျှောက် တည်းခိုခွင့် မရခဲ့ဘူး။ တရားရုံးကလည်း အမှုကို နေ့စဉ်ရက်ဆက် ရုံးချိန်းပါတယ်။ အဲဒီတော့ ညနေ ရန်ကုန်ဘက်ပြန်မယ့် ကားနဲ့ မကွေးမြို့ကနေ လိုက်ရတယ်။ ညသန်းခေါင်ကျော် ၁းဝဝ နာရီထိုးလောက် ရောက်တော့ ပြည်မြို့ရောက်မှ ပြန်ဆင်း၊ ရန်ကုန်ကနေ မကွေးတက်မယ့် ကားနဲ့ ပြန်လိုက်၊ မနက်ရောက်၊ တည်းခိုခန်း မရတော့ ရေချိုး မျက်နှာသစ်လို့ မရ။ ပူစရာမလို၊ ဧရာဝတီမြစ်ကြီး ထဲဆင်းပြီး၊ ရေချိုးတယ်။ ပြီးတော့ အဝတ်အစားလဲ တိုက်ပုံဝတ်၊ ခေါင်းပေါင်းဆောင်းပြီး တရားရုံးတက် အမှုလိုက်တယ်။ ကဲ …ဘာတတ် နိုင်သေးလဲ။

“ ငါ့ဇွဲကိုတော့ မယှဉ်နဲ့။ ဒီအမှုအမှန်တရားပေါ်ကို ပေါ်ပေါက်ရမယ်။ တရားမျှတမှုကို မပေးလည်းနေ။ မျှတမှုကို တောင်းကိုတောင်းဆိုရမယ်” လို့ ရင်ထဲကြွေးကြော်ခဲ့မိတယ်။

ဒီနေ့လည်း တရားရုံးက မနက်ဖြန်ရုံးချိန်း ထပ်ချိန်းတယ်။ ညနေ အစောဆုံးကားနဲ့ အမီလိုက်ဖို့ကားကြီးဂိတ် ဝင်းကို သွားခဲ့တာပဲ။ ပုံမှန် အချိန်ထက်စောပြီး ကားထွက်သွားတယ်။ သိပ်လည်း ထူးဆန်း၊ တယ်လည်း အံ့သြဘွယ်ပါပဲ။ ကားဂိတ်မှူးတွေက ကျနော့်ကိုတွေ့တော့ ထိပ်ထိပ်ပြာပြာ ဖြစ်နေတယ်။ ဘာ့ကြောင့်စောလွှတ် တာလဲလို့ ကျနော်ရဲ့ မေးခွန်းကို စိုးရိမ်နေပုံရတယ်။ ကျနော့်မေးခွန်းကို စိုးရိမ်တာထက် ဆိုင်ကယ်နဲ့လာရောက် ညွှန်ကြားထားသူ ငြိုငြင်မှာကို ပိုစိုးရိမ်နေပုံရပါတယ်။

* *

အရေးတကြီး သက်သေခံပစ္စည်း

ကျိန်းသေသွားပြီ။ ပို့လို့တောင် ကျိန်းသေသွားပါပြီ။ ရန်ကုန်ပြန်မယ့် ကားလည်း မရ၊ ဒီမြို့မှာလည်းတည်းခိုခန်း မရ၊ ဒီည ငါ ဒီမှာ ပိတ်မိနေပြီ။

အိတ်ထဲမှာ မနက်ဖြန်တင်မယ့် သိပ်အရေးကြီးတဲ့ သက်သေခံ VCD ပြား ပါလာတယ်။ ဒါကို တရားရုံးမှာ
 ဖော်ထုတ်မတင်ပြနိုင်အောင် ဒီညတော့ ငါ့အပေါ် အန္တရာယ်ကျရောက်တော့မယ်။ ငါ့ကို မှောင်ရိပ်ခိုမှုနဲ့ ဖမ်းမယ်။ မသင်္ကာမှုနဲ့ အိတ်တွေကို ရှာမယ်၊ ဖွေမယ်။ ဒီသက်သေခံမယ့် CD ပြားကို ယူသွားကြမယ်။

သိပ်သိတာပေါ့။ ငါက ဥပဒေသမား၊ တရားဥပဒေ ကင်းမဲ့ဇုန်မှာ ရှေ့နေဖြစ်နေတာလို့ အခြားသူငယ်ချင်းတွေက
 ပြောရင်ခံကို မခံချင်ဘူး။ တရားဥပဒေ စိုးမိုးရမယ်လို့  ဆုံးဖြတ်ထားခဲ့တာ။ ဟောဒီ VCD ပြားကိုပေးပြီးငါ့ကိုယ် ငါ လွတ်မြောက်အောင် လုပ်မလား။ ဒီလမ်းကို လျှောက်ကထဲက၊ ဒီလိုအမှုတွေ လိုက်ကထဲက ဒါတွေကို တွေး ထားပြီးသား။ ရှေ့နေကျင့်ဝတ်မှာ ကိုယ့်အမှုသည်ကို ကိုယ်အဆုံးစွန်ထိ ကာကွယ်ပေးဖို့ ညွှန်ပြထားတယ်။

နောက်မှာ ထပ်ချပ်မကွာ ဆိုင်ကယ် ၅ စီးကလည်း လိုက်နေတယ်။ ဆောင်းညကြီး ဖြစ်ပေမယ့် ခန္ဓာကိုယ်တခု လုံး ချွေးဒီးဒီးကျနေတယ်။ ဟော့ဒီ VCD ပြားကို ဘယ်လိုဖွက်ရပါ့မလဲ။ စဉ်းစားနေရတယ်။ အိတ်တွေကလည်း လေးလိုက်တာ။ ဥပဒေ စာအုပ်တွေနဲ့ အမှုတွဲဖိုင်က အိတ်တအိတ်၊ အဝတ်အစား အိတ်က တအိတ်။

လမ်းချိုးတနေရာရောက်တော့ အိတ်ထဲက VCD ပြားကို ချက်ချင်း ထုတ်လိုက်တယ်။ ပြီးတော့ရေမြောင်း အစပ်က သစ်ရွက်နဲ့ ဆွဲဖုံးလိုက်တယ်။ ဆိုင်ကယ်မီးရောင်တွေ မြင်ရတော့ မတ်တပ်ရပ်နေတဲ့ ပုံစံမျိုးပဲ နေလိုက်တယ်။

ကဲ … ဖမ်းချင်ဖမ်းတော့။ ငါ့ကိုသာ အကျဉ်းချထားလို့ ရချင်ရမယ်။ အမှန်တရားကိုတော့ ချုပ်နှောင်ထားလို့ မရဘူး။ တနေ့တော့ တရားရုံးကို ဒီသက်သေခံ VCD ပြား အရောက်ပို့ရမှာပဲ။

* *
မလိုရင် လျှို့ဝှက်ချက်ဖြစ်

တည်းခိုခန်းမရလို့ ကားကြီးဝင်းဂိတ်ဘက်ကို ပြန်လမ်းလျှောက်လာရတာ၊ ည ၁၁ နာရီ လောက်ကထဲက ခုဆို နာရီပြန် တချက်ထိုးပြီ၊ မရောက်သေး။ ပြီးတော့ အလျားလိုက်ရှည်တဲ့မြို့ကို ပတ်နေရသလိုပါပဲ။ ညက ပိုမှောင်လို့ လာပြီ။ လူခြေက တိတ်စပြုလာပြီ။ ခွေးတွေကလည်း တစီစီနဲ့။

ကိုယ့်နောက်မှာလည်း ဆိုင်ကယ်တွေက မီးတဝင်းဝင်း။ ရိုက်သတ်ရင်တောင် လူမသိသူမသိ သေသွားနိုင်တယ်။ ဒါမျိုး ရိုက်ခံရတဲ့ သာဓကတွေကလည်း ဟင်္သာတမြို့မှာ ရှိခဲ့ဖူးတယ်။ လူ့အသက်နဲ့တောင် ရင်းသွားရနိုင်တယ်။ ငါ … ဘာလို့များ ဒီအလုပ်ကို လာလုပ်မိပါလိမ့်လို့ တွေးမိတယ်။

ကျနော့် ဥပဒေအကျိုးဆောင်အဖွဲ့မှာရှိတဲ့ လူငယ်ရှေ့နေတွေလည်း တယောက်မှ မရှိတော့ဘူး။ ထောင်ကျသူ ကျ၊ ပြည်ပထွက်ပြေးရသူ ပြေး၊ ရှောင်တဲ့သူ ရှောင်နေရ၊ လိုင်စင်အပြုတ်ခံရသူ ခံရနဲ့ ကျနော်တယောက်ပဲ ကျန်တော့တာ ငါဘာလို့  ဆက်လုပ်နေရတာလဲလို့ တွေးမိတယ်။

ငါတယောက်ထဲပါလားလို့ တွေးမိပြီး အားငယ်မိတယ်။ စိတ်ထဲ ဝမ်းနည်းသလို ခံစားလာရတယ်။ လူသားပီသတဲ့
 ကြောက်ရွံ့စိတ်နဲ့ သိမ်ငယ်စိတ်ဖြစ်လာမိတယ်။ ရင်ထဲမှာ လှိုက်တက်လာသလို စိတ်မကောင်းလွန်းလို့  ယောကျ်ား တန်မယ့် မျက်ရည်တောင် ကျလာတယ်။ အန္တရာယ်ကိုတော့ ကြိုသိနေတယ်။ ဒီလိုနဲ့ မကွေးမြို့ ပန်းခြံထဲက ဗိုလ်ချုပ်ကြေးရုပ်တုရှေ့ကို ရောက်လာတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကြီးက အမှောင်ထဲမှာ ထီးထီးကြီး ရပ်နေတယ်။ အားနည်းနည်းတက်လာသလို ခံစားမိတယ်။ ရင်ထဲမှာ အဓိဋ္ဌာန်ပြုမိတယ်။

“လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း … ဗိုလ်ချုပ်ပေးခဲ့တဲ့ ကိုယ့်တိုင်းကိုယ့်ပြည်လွတ်လပ်ရေးကိုရ ခဲ့ပါပြီ။ ဒါပေမဲ့ ကိုယ့်တိုင်းကိုယ့်ပြည်မှာ ကိုယ်နေပြီး နိုင်ငံသားမှတ်ပုံတင် ကိုင်ထားပြီး ဘယ်သွားသွား၊ဧည့်စာ ရင်း တိုင်နေရတယ်။ အခုလို လမ်းလျှောက်ရတဲ့ ဘဝတွေ၊ ကုန်ကားပေါ် တက်လိုက်ရတဲ့ ဘဝတွေကနေ လွတ်မြောက်ချင်ပါပြီ။ သားတို့ရဲ့ မျိုးဆက်ကို ဒီလိုစိုးရိမ်ထိတ်လန့်ရမှု အမွေဆိုးတွေ လက်ဆင့်ကမ်းမပေးမိစေ ဖို့ သားတို့ အစွမ်းကုန် ကြိုးစားပါမယ်” လို့ အဓိဋ္ဌာန်ပြုပါတယ်။

ဟောဒီ မြေဟာ ဗိုလ်ချုပ်ကို မွေးဖွားခဲ့တဲ့မြေ၊ ဗိုလ်ချုပ်မွေးခဲ့တဲ့ နတ်မောက်မြို့၊ နတ်မောက်မြို့ပတ်လည်ရွာ ရ ရွာမှာ ရှိတဲ့ လယ်ယာတွေကို အသိမ်းခံထားရတာ။ အကြောင်းရင်းကလည်း ထူးဆန်းတယ်၊ကြက်ဆူပင်မစိုက်လို့ တဲ့။ အဓမ္မ အလုပ်စေခိုင်းမှုနဲ့ လယ်မြေသိမ်းယူမှုအတွက် ကိုဇော်ဌေးက ILOအပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေး အဖွဲ့ချုပ်ကို တိုင်တယ်။ သူနဲ့အတူ တောင်သူ ၅ ဦးကို ဖမ်းထားတယ်။ ကျနော်က အဲဒီအမှုလိုက်ရင်းနဲ့ ILO ကို ဆက်လက်သတင်းပို့ တိုင်ကြားတယ်။ တောင်သူတွေကို ဆက်တိုင်ကြားနိုင်ရေး ကူညီတယ်။

ကျနော် အမှုလိုက်နေတုန်းမှာပဲ တောင်သူတွေကို ရဲစွဲချက်မတင်ဘဲ ပြန်လွှတ်လိုက်တယ်။ ကိုဇော်ဌေးနဲ့ တောင်သူ ဦးလှစိုးကို ဆက်အရေးယူတယ်။ ဒီလိုနဲ့ ကျနော်က ကိုဇော်ဌေးရဲ့ ရှေ့နေ ဖြစ်လာတယ်။ သူ့ကို တင်ထားတဲ့ စွဲချက်က အစိုးရ လျှို့ဝှက်ချက် ပေါက်ကြားမှု (တနည်း) ၊ တပ်မြေ အဆောက်အအုံကိုဓာတ်ပုံရိုက် မှုနဲ့ လယ်မြေသိမ်း သတင်းကို DVB ဒီမိုကရက်တစ် မြန်မာ့အသံကို ပေးပို့မှုနဲ့ စွဲချက်တင်ထားတာ။

အဲဒီရုပ်သံဖိုင်ကို နော်ဝေက DVB ဌာနကို ဆက်သွယ်ပြီး တောင်းကြည့်တယ်။ တပ်မြေအဆောက်အအုံပုံမပါ ဘူး။ အဲဒီတပ်မြေအဆောက်အအုံကို `ရိုက်ထားတဲ့ ဓာတ်ပုံဆိုတာ တကယ်ထုတ်လွှင့်တဲ့ထဲမှာ မပါဘူး။တရားရုံး မှာတော့ ဒီပုံကို သက်သေခံ သွင်းထားတယ်။ အဲဒီတော့ ဒီဓာတ်ပုံဟာ DVB က ထုတ်လွှင့်တဲ့ထဲမှာ ပါမပါ၊ ဒီဓာတ်ပုံဟာ လုပ်ကြံဓာတ်ပုံ ဟုတ်မဟုတ်၊ ဥပဒေအရ အကြောင်းချင်းရာ အငြင်းပွားမှု ပေါ်ပေါက်လာတယ်။

တပ်က ရွာလယ်မြေတွေ သိမ်းတယ်။ ပုဒ်မ ၁၄၄ - တပ်မြေမကျူးကျော်ရလို့ ဆိုင်းဘုတ်ချိတ်တယ်။အကြောင်းပြ ချက်က ကြက်ဆူမစိုက်လို့ လယ်သိမ်းတယ်။ လယ်ထဲပြန်ပြီး သီးနှံစိုက်ချင် စိုက်၊ နွားကျောင်းချင်ရင် နွား ကျောင်း၊ သီးစားခ ပေးရတယ်။ တနေ့ ကျပ် ၅၀၀  ပေးရတယ်။ ဒါဆို တပ်အဆောက်အအုံရှိတဲ့ပတ်ဝန်း ကျင် လယ်ထဲဝင်နိုင်တယ်။ ကျပ် ၅ဝဝ ပေးပြီး ဝင်လို့ရတဲ့ တပ်အဆောက်အအုံ ပတ်ဝန်းကျင်လယ်တောဆိုတော့ မလိုတဲ့ အခါကျတော့ အစိုးရ လျှို့ဝှက်ချက်၊ ကျပ် ၅ဝဝ တန်တဲ့ အစိုးရလျှို့ဝှက်ချက်လို့ဒေသတောင်သူတွေက ပြောကြပါတယ်။

သူတို့ လိုက်ရှာနေတဲ့ ကျနော်က တရားရုံးမှာ မနက်ဖြန် တင်သွင်းမယ့် VCD ပြားဟာ နော်ဝေ DVB ဌာနက ပို့လိုက်တဲ့ ရုပ်သံဖိုင်ပါပဲ။ သိပ်အရေးကြီးတယ်။ ဒီဖိုင်ကို ဖော်ထုတ်သက်သေခံ တင်သွင်းပြီးပြီဆိုရင်တပ် အဆောက်အအုံ ဓာတ်ပုံဟာ အတုကြီးဆိုတာ ပေါ်ပေါက်တော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဓာတ်ပုံကိစ္စ ကျနော်က ပြန်လှန်စစ်မေးပြီးပြီ။ သက်သေခံ တင်သွင်းဖို့ပဲ လိုတော့တာ။ နောက်မှ ဒီအချက်ကိုဖော်ထုတ်မယ် ဆိုရင် နောက်မှပေါ်တဲ့အကြံ မဖြစ်အောင် ဥပဒေအရ ပြန်လှန်စစ်မေးထားရတာ။ အခုတော့ သက်သေခံတင်ဖို့ပဲ လိုတော့တာ။

အမှန်တရား ပေါ်ပေါက်မယ်ဆိုရင် အောက်ရုံးတွေမှာ ကိုယ့်အမှုသည် မလွတ်ရင်တောင် တရားရုံးချုပ်က အမှန် တရားကို သုံးသပ်လိမ့်မယ်။ တရားမျှတမှုကို ခံစားခွင့်ရလိမ့်မယ်လို့ မျှော်လင့်ခဲ့လို့ပါပဲ။ အဓမ္မ ကြက်ဆူပင် စိုက်ခိုင်းတဲ့ အချက်အလက် ဖော်ထုတ်တာက ဥပဒေအရ အပြစ်မှ မရှိဘဲကိုး။

* *
ဖောက်ခွဲရေး သတင်းရတယ်ဆိုပဲ

နာရီပြန်  ၂းဝဝ ချက်ထိုးပါပြီ။ ကားကြီးဝင်းဂိတ်မှာ မှောင်လို့မည်းလို့။ ညလုံးပေါက်ဖွင့်မယ့် လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင် ရှိမယ်လို့ မျှော်လင့်ထားတာ လုံးဝမရှိဘူး။ တော်ကြာ မှောင်ရိပ်ခိုတယ် စွပ်စွဲနေမှာစိုးလို့ လမ်းမီးတိုင် အောက်တည့်တည့် လမ်းမပေါ် ထိုင်ပြီး ဒိုင်ယာရီ ထုတ်ရေးနေလိုက်ပါတယ်။ ကျနော်အပါအဝင် ဦးထုပ် ၆ လုံးဆောင်း ပညာရှင် ၆ ဦးကိုလည်း အစည်းအဝေး ခေါ်လိုက်တယ်။ စိတ်ထဲကပါ။

ငါတို့တိုင်းပြည်ရဲ့ ဥပဒေ ယန္တရားကြီး စတင်ပါပြီ။ စာအုပ်တွေထဲ ရှာနေတာ လည်း မွစိတက်နေတာပဲ။ ဖောက်ခွဲရေး သတင်းလည်း ဆိုသေး၊ စာအုပ်ကြားထဲ ဘယ်လိုလုပ် ဖောက်ခွဲရေး ပစ္စည်း ညှပ် လို့ ရပါ့မလဲ။ မစဉ်းစားတတ်တော့ဘူး။

သိပ်မကြာပါဘူး။ ရဲတသိုက် ရောက်လာပြီး စစ်မေးစရာရှိလို့ လိုက်ခဲ့ပါလို့ ဆိုတယ်။ မျှော်လင့်ထားတဲ့အတိုင်း ပါပဲ၊ အိတ်တွေကို အရဆွဲယူတော့တာပါပဲ။ ပြီးတော့ အနီးဆုံးရပ်ကွက် အုပ်ချုပ်ရေးရုံးကို ခေါ်သွား တယ်။ ရောက်မဆိုက်ပါပဲ၊ ရဲမှူးတယောက်က “ဖောက်ခွဲရေးသတင်း ရတယ်။ ဒီတော့ မင်းအိတ်ကို ငါတို့ တာဝန်အရ ရှာဖွေစစ်ဆေးရလိမ့်မယ်၊ ဘာတွေပါလဲ ထုတ်ပြစမ်းပါအုံး”

ကျနော် ဘာမှပြန်ပြောဘဲ၊ ပြံုးနေလိုက်ပါတယ်။ ပြောမယ့်သာပြောနေတာ၊ အိတ်နှစ်လုံး ရဲတွေရဲ့ လက်ထဲမှာ။ သူတို့ သဘောရှိ ရှာနေကြတာ။ VCD ပြား ၂ ချက် ထွက်လာတယ်။ ရဲမှူးကြီးက မျက်လုံးတွေဝင်းတောက်သွား တယ်။ ကွန်ပြူတာမှာ ဖွင့်ရှာဖို့ မျက်ရိပ်ပြလိုက်တယ်။

ကျနော် VCD ပြား ဖြစ်ကြောင်း အမှတ်အသားကို လုပ်ပေးလိုက်တယ်။ တော်ကြာ တခြားဟာတွေ ယူလာပြီး ညစ်ညမ်းဆင်ဆာမဲ့ ဗီဒီယိုတွေ ပါလို့ လုပ်နေဦးမှာ စိုးရိမ်လို့။ ခဏကြာတော့ ပြန်လာတယ်။ “ဆရာဘာမှ မပါဘူး။ VCD ပြားတွေက အလွတ်တွေ” ၊ ရဲမှူး တော်တော်ပဲ မျက်စိမျက်နှာ ပျက်သွားတယ်။ ကျနော်လည်း ကြိတ်ပြီး ပြုံးနေလိုက်တယ်။ နင်တို့ထက်လည်လို့ ငါက ရှေ့နေလုပ်နေတာလို့ ကိုယ့်ကိုကိုယ် အားတင်းပြီး စိတ်ထဲ ကြံုးဝါးလိုက်တယ်။

ကျနော် ဥပဒေစာအုပ်တွေကို တအုပ်ချင်းစီ ရှာလှန်တော့တာပါပဲ။ ရဲမှူးကြီးက ဘာများ တွေ့မလဲပေါ့။ပါးစပ်က လည်း ရဲကျင့်ရဲဉာဏ်ပေါ့။ ခြိမ်းခြောက်လိုက်၊ အောက်ကလိအောက်ကလာ ပြောလိုက်ပေါ့။ “မင်းကရှေ့နေလုပ် သက် ဘယ်လောက်ရှိပြီလဲ၊ မင်းဒါမျိုး ဘယ်နှမှုလိုက်ဖူးလဲ၊ ဘာဖြစ်သွားမယ် မင်းထင်လဲ”

“နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ ဆက်နွယ်တဲ့ အမှုမျိုးလိုက်တာ ဒီ ၂ဝဝ၈ ထဲမှာ အမှု ၁၀၀ ကျော် ရှိသွားပါပြီ”

“ပြန်မပြောနဲ့၊ တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ တရားစွဲပစ်လိုက်မယ်”

ကျနော့်စိတ်ထဲမှာ တွေးမိပါတယ်။ ငါတို့တိုင်းပြည်ရဲ့ ဥပဒေ ယန္တရားကြီး စတင်ပါပြီ။ စာအုပ်တွေထဲရှာနေတာ လည်း မွစိတက်နေတာပဲ။ ဖောက်ခွဲရေးသတင်းလည်း ဆိုသေး၊ စာအုပ်ကြားထဲ ဘယ်လိုလုပ်ဖောက်ခွဲရေး ပစ္စည်း ညှပ်လို့ ရပါ့မလဲ။ မစဉ်းစားတတ်တော့ဘူး။

* *

Law Firm ဆိုတဲ့ ဥပဒေလုပ်ငန်း

“ဘာကွ … တရားခွင်ပေါ်မှ လူ့အခွင့်အရေး ရုန်းကန်မှု မှတ်တမ်းများ ဟုတ်လား။ ဒါ … မင်းဒိုင်ယာရီလား၊ ရေးထားလိုက်တာ ကြီးကြီးကျယ်ကျယ်”

“ဟောဒီ မင်းဒိုင်ယာရီထဲမှာ အမှုလိုက်ရှေ့နေတွေရဲ့ နာမည်တွေကို တွေ့တယ်။ Myanmar Youth Lawyers Law Firm လို့ ရေးထားတယ်။ မှတ်ပုံတင်ထားမထား စစ်ဆေးရမယ်။ ဒါ … အသင်းအဖွဲ့ပဲ၊ ဒီတော့ ဒါကိုရှာဖွေ ပုံစံနဲ့ သိမ်းတယ်”

ကျနော် ပျော်သွားပါတယ်။ ဒီလူတော့ ချောက်ကျပြီ။ VCD ကိစ္စကနေ ဒိုင်ယာရီဘက်ကို အာရုံပြောင်းခံလိုက် ရပြီ။ ဒီလိုဆိုတော့ ဥပဒေနဲ့ ငြိသွားပြီ။ အဲဒီ ဒိုင်ယာရီမှာပါတဲ့ အချက်အလက်တွေဟာ တချိန်မှာ သူ့ကိုဒုက္ခပေး မယ်ဆိုတာ သူနားမလည်လို့ပါပဲ။ ဒိုင်ယာရီထဲမှာ နတ်မောက်နယ်တလျှောက် ကြက်ဆူပင် အဓမ္မစိုက်ခိုင်းပြီး လယ်မြေသိမ်းခံရပုံ အဆင့်ဆင့်ကို မှတ်တမ်းတင်ရေးသားထားတာ။ အဲဒီသတင်းအချက်အလက်ကိုသိမ်းဆည်း သွားတဲ့အတွက် ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရနဲ့ ILO တို့ သဘောတူ ချုပ်ဆိုထားတဲ့နားလည်မှုစာချွန် လွှာပါ ညွှန်ပြချက်ကို ချိုးဖောက်တယ်ဆိုတာ သူနားမလည်ဘူး။ အဲဒီဒိုင်ယာရီကို တမင် ထိုးပေးလိုက်တာကို သူနားမလည်ဘူး။ ဖမ်းရ၊  အမှုတည်ဆောက်ရရင် ပြီးရော၊ သိပ်တော်တာပါပဲ။

အစုစပ်လုပ်ငန်း ဥပဒေမှာ firm ဆိုတာ လုပ်ငန်းကို ဆိုလိုတာ၊ law firm ဆိုတော့ ဥပဒေလုပ်ငန်းပေါ့။ ရှေ့နေ လိုက်သူများ ဥပဒေနဲ့ ဘားကောင်စီဥပဒေမှာ law firm ကို မှတ်ပုံတင်ဖို့ ပြဋ္ဌာန်းထားတာ မဟုတ်ဘူး။ ဒါပေမဲ့ ဥပဒေ သိပ်တတ်တဲ့ သူကို ရဲမှူးခန့်ထားတာ မဟုတ်လား။ ရှင်းပြနေလို့လည်း အပိုပဲ။ နောက်အမှု တိုးနေအုံး မယ်။ ဝတ္တရားနှောင့်ယှက်မှုဆိုပဲ။

* *

မေတ္တာနဲ့ ကူညီတဲ့ ရှေ့နေမလေး

ကျနော့်အိတ် ၂ အိတ်လုံးကို ဖွထားလိုက်တာလည်း ပွနေတာပဲ။ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို အပြည့်ရထား တာဆိုတော့ လုပ်ချင်ရာ လုပ်ခွင့်ရနေတာပေါ့လေ။ နောက်တော့ ခန္ဓာကိုယ်ကို ရှာပြန်ရော။ ပိုက်ဆံကျပ်တသိန်း ထုပ်တထုပ် ထွက်လာတယ်။ ရဲတွေက ပြန်ပေးသွားတယ်။ ပြီးတော့ အဲဒီရပ်ကွက်ရုံးမှာ ညအိပ်ခွင့်ရမယ်လို့ အမိန့်ပေးသွားတယ်။

ဒိုင်ယာရီကိုပြပြီး အထက်အမိန့် တောင်းရမယ်။ ဘာဆက်လုပ်ရမယ်ဆိုတာ သိတာနဲ့ မနက်ဖြန်ပြန်လာမယ်။ စောင့်နေပါ။ ဒီည ဒီမှာ ညအိပ်ပါ။ ရဲမှူးကြီးက ပြောပြောဆိုဆို သိပ်တက်ကြွနေပုံရပါတယ်။ တာဝန်အရဆောင် ရွက်ရတာထက် သူကိုယ်တိုင်က ရန်လိုနေပုံရတယ်။

ပိုက်ဆံထုပ်မြင်လိုက်မှ ကျနော်တို့ ရှေ့နေအဖွဲ့က ရှေ့နေမလေးကို သတိရတယ်။ သူက အခုချိန်ထိ ရန်ကုန်မှာ ထွက်ပြေးသေးတာ မဟုတ်ဘူး။ ခရီးဝေးအမှုတွေ လိုက်ဖို့ စရိတ်ရှာပေးနေတာ၊ အလှူခံတာတော့ မဟုတ်ဘူး။ သူ့ရဲ့ ဆွဲကြိုး၊ လက်ကောက်၊ နားကပ်ကို ဖြုတ်ရောင်းပြီး ထောက်ပံ့နေတာ။ ဒိုင်ယာရီထဲကရှေ့နေနာမည်တွေ ထဲမှာလည်း သူ့နာမည် ပါနေတယ်။ တော်ကြာ လိုက်ဖမ်းနေမှဖြင့် တွေးပူမိတယ်။

ခရီး တခါတခါ ထွက်ရင် ပုံမှန်ခရီးစရိတ်အပြင် လိုအပ်ရင် ထွက်ပြေးစရိတ်ပါ ဆောင်ပေးလိုက်တဲ့ သူ့စေတနာကို အမှတ်ရမိတယ်။

အဲဒီတညလုံး မိုးသာလင်းသွားရော။ ကောင်းကောင်း အိပ်လို့မပျော်ဘူး။ အသင်းအဖွဲ့ ဥပဒေနဲ့ရဲစွဲချက်တင် တော့မှာ။ မြန်မာပြည်မှာ ရဲစွဲချက်ဟာ တရားရုံးရဲ့ ရှေ့ပြေး ကြိုတင်စီရင်ချက် ဖြစ်နေတာလို့ဥပဒေပညာရှင် တွေက သုံးသပ်ကြတယ်။ တရားရုံးကို မထီမဲ့့မြင်ပြုရာ ရောက်မှာစိုးလို့ ကျနော်ကတော့ လူကြားထဲထုတ်မပြော ရဲပါဘူး။ ကျနော်ကတော့ တရားရုံးကို အလွန်ကြည်ညိုလေးစားတာပါ။

ညတညလုံး ရှေ့နေသူငယ်ချင်းတွေရဲ့ မျက်နှာတွေကို မြင်ယောင်နေမိတယ်။ ထွက်ပြေးနေရတဲ့ကိုစောကျော် ကျော်မင်း၊ ဖမ်းခံရတဲ့ ကိုညီညီထွေးတို့လည်း ဒီအမှုရဲ့ အမှန်တရားကို လိုချင်မှာပဲ။ တိမ်းရှောင်နေရတဲ့အခြား ရှေ့နေတွေကလည်း တရားမျှတမှုကို ဖြစ်စေချင်မှာပဲ။ ကူညီတဲ့ ရှေ့နေမလေးလည်း သူငွေတွေကို အကျိုးရှိစွာ အသုံးပြုစေချင်မှာပဲ။ ငါ့ပုခုံးထက်မှာ တာဝန်တွေနဲ့။ ငါ့မှာ … နောက်ဆုတ်ခွင့် မရှိဘူး။ အခုတော့ငါ့ဘေးမှာ လည်း ဘယ်သူမှ မရှိဘူး။ အခုချိန်မှာ  ငါ့ခန္ဓာကိုယ်ကို ငါအရင်းအနှီးပြုဖို့က လွဲလို့ ဘာမှမရှိဘူး။ငါ့အသိဉာဏ် ကို ငါအရင်းအနှီးပြုဖို့ကလွဲလို့ ဘာမှမရှိဘူး။

ဒီရှေ့နေမလေး အဖမ်းမခံရရေး ကာကွယ်ဖို့အတွက်ပါ ငါ့မှာ တာဝန်ရှိတယ်။ လက်တွဲခဲ့တဲ့သူငယ်ချင်းရှေ့နေ တွေရဲ့ သစ္စာတရားကို စောင့်သိဖို့ ငါ့မှာ တာဝန်ရှိတယ်။ သူငယ်ချင်းတို့ရေ မင်းတို့သူငယ်ချင်းကိုယ်ဟာ လူတွေ စံသတ်မှတ်တဲ့ ကိုယ်ကျင့်တရားကို သိပ်နားမလည်ပါဘူး။ ဒါပေမဲ့ ဥပဒေပညာအပေါ် ထားရှိတဲ့၊ ပြည်သူ့အပေါ် ထားရှိတဲ့ သစ္စာတရားကိုတော့ မဖောက်ဖျက်ဘူး။ ကျင့်သုံးနေမှာပဲ။ အဲဒါ ငါ့ရဲ့ အကျင့်တရားပါပဲ။

နောင်တချိန် ဒီ law firm ကိစ္စနဲ့ပဲ အဖမ်းခံရပြီး တရားရုံးမှာ အမှုစစ်တော့လည်း အဲဒီရှေ့နေမလေးကပဲတရား လိုပြသက်သေ (ရဲသက်သေ) အဖြစ် တရားရုံးမှာ ထွက်ဆိုတယ်။ သူကူညီခဲ့တာတွေကို ချေးငှားတာပါလို့ထွက် ဆိုတယ်။ ချေးငွေအတွက် ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ထွက်ဆိုတယ်။ ကျနော့်ဂုဏ်သိက္ခာကိုတောင် ထိခိုက်ပြီး ထွက်ဆိုတယ်။ ဒါပေမဲ့ ကျနော်တို့ အဖွဲ့ရှေ့နေလုပ်ငန်းရဲ့ လျှို့ဝှက်ချက်၊ ILO နဲ့ ဆက်သွယ်ဆောင် ရွက် မှုတွေကိုတော့ လုံးဝထွက်ဆိုမသွားဘူး။ ကျနော် သဘောပေါက်လိုက်တယ်။ ဝမ်းလည်းဝမ်းသာသွား တယ်။ သက်သေခံဖို့ ဒီရှေ့နေမလေးကို ခေါ်လာကထဲက အာဏာပိုင်တွေက ခေါ်လာတာ၊သက်သေခံတော့ လည်း ပုံမှန် အမှုစစ်ချိန်ထက် နောက်ကျပြီးမှ အမှုစစစ်တာ၊ သက်သေထွက်ချက် ပေးတော့လည်းဇာတ်တိုက် ထားတဲ့ အတိုင်းပါပဲ။ ဝမ်းသာသွားတယ်။ သင်းဖွဲ့ဥပဒေပုဒ်မ ရ အရ law firm အဖွဲ့ဝင်အဖြစ်နဲ့ သူ့ကို တရားစွဲ မခံရတော့ဘူးပေါ့။ ဘာပဲပြောပြော ကောင်းတယ်။ သူ့ကို လွတ်မြောက်စေချင်တာ။

* *

တရားခွင်ပေါ်မှ လယ်သမားအခွင့်အရေး ရုန်းကန်မှု

ရဲမှူးက ဒိုင်ယာရီယူပြီး ထွက်မသွားခင်တုန်းက ဆိုက်ကားသမားတယောက်ကို အော်ဟစ်နေတာ တွေ့တယ်။ မင်း … ဘာလို့ ဆိုက်ကားထွက်ရတာလဲ။

“မန္တလေးကားဆိုက်ချိန် ခရီးသည် ရချင်လို့ပါ ဆရာရယ်”

“ဒီကောင့် ဆိုက်ကားကို ရှာစမ်းကွာ”

ရှာနေလိုက်တာ တနာရီလောက် ကြာတယ်။ ကားကဆိုက်လို့ ခရီးသည်တွေက ပြန်တောင် သွားရှာကြပြီ။ သူ ခရီးသည် မရလိုက်ရှာတော့ဘူး။ သြော် … ကိုယ့်ဆိုက်ကားနဲ့ကိုယ် အသက်မွေးဝမ်းကျောင်း ပိုက်ဆံရှာတာ၊ ကိုယ့်ခွန်အားနဲ့ကိုယ် ရိုးရိုးသားသား အသက်မွေးရတာ ဒီလိုပါလား။ ကိုယ့်ကိုကိုယ် ပြန်ပြောမိတယ်။

“ဟေ့ကောင် … မင်း တရားခွင်ပေါ်မှာ ရုန်းကန်ခဲ့ပြီ၊ လယ်ကွင်းထဲမှာ ရုန်းကန်ခဲ့ပြီ။ နောက်ဆိုလမ်းဘေးဆင်းပြီး အခွင့်အရေးအတွက် ရုန်းကန်ရအုံးမယ် ကြားလား”

ရင်ထဲကနေ နှလုံးသားထဲကြားအောင် ကျယ်ကျယ်လေး အော်ဟစ်လိုက်တယ်။ ကျနော် အော်တာ မဟုတ်ပါဘူး။ ကျနော်နဲ့အတူ ပါလာတဲ့ စိတ်ထဲက ဦးထုပ်နီဆောင်း အတွေးအခေါ်ပညာရှင်က ခံစားချက်ကို ဖော်ထုတ် အော်ဟစ် နေတာပါ။ မှေးကနဲ အိပ်ပျော်သွားတယ်။ ပင်ပန်းလွန်းလို့ ထင်ပါရဲ့။

“ပညာရှိ တရားသူကြီးမင်း ခင်ဗျာ၊ ကျနော့်မိတ်ဆွေ အမှုသည် ကိုဇော်ဌေးအတွက် လျှောက်လဲချက်တင်သွင်း အပ်တယ်။ အခုချက်ချင်း လျှောက်လဲရမယ်ဆိုတဲ့အတွက် စာနဲ့ ရေးသားချိန်မရှိလို့ အခုပဲ လက်တန်း နှုတ်နဲ့ လျှောက်လဲအပ်ပါတယ်။ စွဲချက်မတင်သင့်ကြောင်း လျှောက်လဲချက်ဖြစ်ပါတယ်။ ဒီအမှုမှာ ကြောင်းချင်းရာ လွဲမှားမှုတွေ ရှိသလို ဥပဒေလုပ်ထုံးလုပ်နည်း နည်းလမ်းစိစစ်ရန် ကိစ္စတွေလည်း
 ပေါ်ပေါက်နေပါတယ်”

“ပထမဆုံး တင်ပြလိုတဲ့ အချက်ကတော့ မမှန်သက်သေခံ တင်ပြမှုပဲ ဖြစ်ပါတယ်။ အမှုတွဲမှာ ပေါ်ပေါက်နေတဲ့
 ကြောင်းချင်းရာ လွဲမှားမှုကို ဦးစွာတင်ပြလိုပါတယ်။ အဲဒါကတော့ တရားလိုအစိုးရ (တရားစွဲအဖွဲ့အစည်း) ဘက်က တင်သွင်းထားတဲ့ ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေမှာ တပ်ရဲ့ ဘန်ကာလို့ခေါ်တဲ့သေနတ် ပစ်စင်တွေကို  တွေ့ရပါတယ်။ တရားလိုဘက်က စွပ်စွဲတာကတော့ ဒီဘန်ကာတွေကို တရားစွဲခံရသူကိုဇော်ဌေး က တောင်သူ ဦးလှစိုးကို ရိုက်ကူးဖို့ စေခိုင်းပြီး DVB မြန်မာ့ ဒီမိုကရက်တစ်ရုပ်သံကို ပို့လိုက်တယ်လို့ ဆိုပါတယ်”

“အဲဒီရုပ်သံမှာ ဒီဘန်ကာပုံတွေ ပါလာတယ်လို့ အဆိုရှိပါတယ်။ တရားရုံးမှာ သက်သေခံတင်သွားထားတဲ့ ဒီဘန်ကာ ပုံတွေကို ရုံးမှာတင်သွင်းဖို့ ဘယ်ကနေ ရိုက်ယူထားတာလဲလို့ ကျနော်က ပြန်လှန်စစ်မေးတော့ DVB ရုပ်သံကနေ ထုတ်လွှင့်နေတုန်း ဓာတ်ပုံရိုက်ထားတာလို့ ပြန်ဖြေပါတယ်။ ဒါဆိုရင် DVB ရုပ်သံလွှင့်နေတုန်း “ကဒေါင်း” တံဆိပ်လည်း ဖန်သားပြင်ပေါ်မှာ ပေါ်နေတာ တွေ့မိလားလို့ ပြန်လှန်စစ်မေးမိပါတယ်။အလွန်ရိုးသား တဲ့ တရားလို စစ်ဗိုလ်ကြီးက မတွေ့မိပါလို့ ဖြေရှာပါတယ်။ တောင်သူတွေရဲ့ အင်တာဗျူးကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေမှာတော့ DVB ရုပ်သံရဲ့ “ကဒေါင်း” တံဆိပ်ကို အခု ရုံးရှေ့မှာ ပြသလို့ တွေ့မြင်လားလို့ ပြန်လှန်စစ် ဆေးတော့ မျက်လုံးကြီး ပြူးပြီးတော့ မြင်ပါတယ်လို့ ဆိုပါတယ်’’

‘‘DVB ရုပ်သံလွှင့်တုန်း ရိုက်ကူးထားတဲ့ ဓာတ်ပုံချင်းအတူတူ တောင်သူအင်တာဗျူးပုံမှာ “ကဒေါင်း” တံဆိပ် တွေ့နေရပါလျက် ဘန်ကာပုံကိုရိုက်တော့ ဘာဖြစ်လို့ “ကဒေါင်း” တံဆိပ် မပါရတာလဲ။ တပုံတလေမှာမပါတာ မျိုး မဟုတ်ပါဘူး။ ရိုက်ကူးထားတဲ့ ပုံတိုင်းမှာ မပါတာပါပဲ။ ဒါဟာ သဘာဝယုတ္တိ မရှိဘူး။တပ်ဘန် ကာပုံတွေဟာ DVB ရုပ်သံထုတ်လွှင့်စဉ်က မပါဘူးဆိုတာ ထင်ရှားတယ်။ ဒါ့ထက် ပိုထင်ရှားတဲ့ သာဓကကတော့ DVBရုပ်သသံ ကနေ ထုတ်လွှင့်တုန်း ရိုက်ကူးထားတဲ့ ဘန်ကာဓာတ်ပုံလို့လည်း ဆိုထားတယ်။ ဓာတ်ပုံတွေမှာ ဘန်ကာနား ကပ်ပြီး ရိုက်ထားတဲ့ မြင်ကွင်းတွေ ဖြစ်နေပါတယ်။ ဓာတ်ပုံမှာ ဘန်ကာ အဆောက်အအုံရော၊ အောက်ခြေ မြက်ကွင်းတွေပါ တွေ့နေရပါတယ်’’

‘‘သေနတ်ပစ်စင် ဘန်ကာအဆောက်အအုံနဲ့ အဲဒီလောက်  နီးနီးကပ်ကပ် သွားရိုက်တဲ့ တောင်သူတဦးဟာ ဟောဒီ တရားရုံးပေါ်ကို တောင်ရောက်မလာနိုင်ပါဘူး။ အဲဒီနေရာမှာတင် ပွဲချင်းပြီးပစ်သတ်ခံရလို့ သေနေ လောက် ပါပြီ။ တရားလို စွပ်စွဲအဆိုရှိတဲ့ MP4 ကင်မရာဟာ ခပ်ဝေးဝေးနေရာကနေ အဲဒီလောက် ကပ်သွား လောက်အောင် အနီးကပ် zoom ဆွဲလို့ မရပါဘူး။ ဒါ့ကြောင့် တောင်သူရိုက်ကူးခဲ့တဲ့ ဘန်ကာအဆောက်အအုံပုံ မဖြစ်နိုင်ဘူးလို့ သက်သေခံ ဥပဒေအရ ကောက်ယူသုံးသပ်ရမှာ ဖြစ်ပါတယ်။ တောင်သူကဘန်ကာပုံကိုရိုက်ကူး ခဲ့ တာ မဖြစ်နိုင်တဲ့အတွက် ကိုဇော်ဌေးက DVB ရုပ်သံကို ပို့နိုင်စရာလည်း မရှိပါဘူး။ ဒါ့ကြောင့် DVBရုပ်သံက လည်း ထုတ်လွှင့်နိုင်စရာ မရှိပါဘူး’’

‘‘ထင်ရှားတဲ့ အချက်ကတော့ ဘန်ကာရုပ်ပုံ ရိုက်ထားတဲ့ ဓာတ်ပုံတွေမှာ ကဒေါင်းတံဆိပ် မပါတာဘဲ ဖြစ်ပါတယ်။ ဒါဆို ဒီဘန်ကာ ဓာတ်ပုံတွေ ဘယ်က ရောက်လာပါသလဲ၊ စဉ်းစားစရာပါပဲ။ တရားလိုကိုယ်တိုင် ရိုက်ကူးပြီး သက်သေခံ တင်သွင်းတာပါလို့ သက်သေခံ ဥပဒေအရ ကောက်ယူသုံးသပ်ရမှာ ဖြစ်ပါတယ်၊ မှတ်ယူရမှာ ဖြစ်ပါ တယ်။ ထင်ရှားတဲ့ သက်သေချက်တွေအရ ဒီလိုလျှောက်လဲချက် ပေးရတာပါ။ စိတ်မကောင်းပါဘူး။ မမှန် သက်သေခံ တင်ပြမှုနဲ့ တရားရုံးတော်က တရားစွဲဆိုသင့်တဲ့ကိစ္စ ဖြစ်ပါတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ရဲ့ လွတ်လပ်တဲ့ ဥပဒေ ဘက်တော်သား ကျနော်က တရားခံအစစ်ကို ဖော်ထုတ်ပြီး ဖြစ်တဲ့အတွက် တရားစွဲဆို အရေးယူပေးဖို့ လျှောက်ထားအပ်ပါတယ်’’

* *

နောက်ဆုံးလျှောက်လဲချက်

‘‘သေနတ်ပစ်စင် ဘန်ကာ အဆောက် အအုံနဲ့ အဲဒီလောက်  နီးနီးကပ်ကပ် သွားရိုက်တဲ့ တောင်သူတဦး ဟာ ဟောဒီ တရားရုံးပေါ်ကို တောင်ရောက် မလာနိုင်ပါဘူး။ အဲဒီနေရာမှာ တင်ပွဲ ချင်းပြီး ပစ်သတ်ခံရလို့ သေနေ လောက် ပါပြီ”

“ဒုတိယ တင်ပြလို့တဲ့ အချက်ကတော့ ဥပဒေထုံးနည်း ပြဿနာပဲ ဖြစ်ပါတယ်။ နောက်ထပ် တင်ပြလျှောက် ထားစရာ ဥပဒေ အငြင်းပွားစရာ ရှိပါသေးတယ်။ အဲဒါကတော့ ဒီအမှုမှာ အစိုးရသက်သေအဖြစ်တောင်သူ ဦးလှစိုးထံမှ ဖြောင့်ချက်ယူထားပါတယ်။ အဲဒီတုန်းက ဖြောင့်ချက်ယူတဲ့ တရားသူကြီးကလည်း အခု ရုံးတော်မှာ အမှုကြားနာ စစ်ဆေးတဲ့ တရားသူကြီးပဲ ဖြစ်နေပါတယ်။ ဖြောင့်ချက်ယူခဲ့တဲ့ တရားသူကြီးနဲ့ မှုစစ်တရားသူကြီး ဟာ တဦးထဲ ဖြစ်နေပါတယ်။ တရားစီရင်ရေးမူနဲ့ အံလွဲနေတဲ့ ထုံးနည်းမျိုးဖြစ်တာကို သတိမျက်ကွယ်ပြုမိတာမျိုး ဖြစ်နိုင်ပါတယ်။ ဥပဒေထုံးနည်း ချွတ်ချော်နေတယ်လို့ ကျနော်က ပြောတာမဟုတ်ပါဘူး။ စီရင်ထုံးတွေမှာညွှန်ပြ တာကို ဆိုလိုတာပါ။ ကိုးကားလိုတာပါပဲ။ နောက်တချက်ကတော့ ဒီအမှု စတင်ကြားရာမှာဖြောင့်ချက် ပေးတဲ့ အစိုးရသက်သေကို ပညာရှိ တရားသူကြီး နားနေခန်းထဲ ခေါ်ယူခဲ့တာကို တွေ့ရပါတယ်။ဖြောင့်ချက်ယူ နည်း ပြစ်မှုကျင့်ထုံး ဥပဒေပြဋ္ဌာန်းချက်တွေ၊ သက်သေခံဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ တရားရုံးများလက်စွဲညွှန်ပြချက်တွေ မှာ ဒီလိုလုပ်ထုံးလုပ်နည်းတွေမျိုး ကျနော် ဖတ်မှတ်ဖူးသရွေ့၊ သုသေသနပြု ဖူးသရွေ့မတွေ့မိ ပါဘူး။ (ဤနေရာ တွင် ဆက်လက် လျှောက်လဲချက်် မပေးရန် တရားသူကြီးက လက်ကာတားသဖြင့် ရပ်လိုက်ရသည်။ တခြားဟာ ဆက်လျှောက်လဲပါဆိုသဖြင့်် အကြောင်းအရာ ပြောင်းရသည်။) ရုံးတော်အမိန့်ကိုလေးစားလိုက်နာလျက်ပါခင် ဗျာ”

“တတိယမြောက်တင်ပြလိုတဲ့ အချက်ကတော့ တောင်သူလယ်သမား အခွင့်အရေးပဲ ဖြစ်ပါတယ်”

“လေးစားအပ်ပါသော နိုင်ငံတော်အလံ၊ နိုင်ငံတော်တံဆိပ်နဲ့ ပညာရှိတရားသူကြီးမင်း ခင်ဗျာ - (ခန္ဓာကိုယ်ကို အကိုင်းဆုံး၊ အညွတ်ဆုံးဦးညွှတ်လျက်) တင်ပြလျှောက်ထားစရာ ဥပဒေပြဿနာရပ်ဟာ တခုထဲပဲကျန်ပါတော့ တယ်။ အဲဒါဟာ အစိုးရလျှို့ဝှက်ချက်ကို ဖောက်ဖျက်ကျူးလွန်ခြင်း ရှိမရှိဆိုတဲ့ အချက်ဖြစ်ပါတယ်။ တောင်သူ လယ်သမားတွေဟာ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး၊ ဥပဒေပုဒ်မ - ၃ အရ အခြားနည်း သုံးစွဲခွင့် မရှိတဲ့ လယ်ယာမြေပေါ်မှာ ကောက်ပဲသီးနှံ စိုက်ပျိုးနေတာ ဖြစ်ပါတယ်။ အဲဒီ ဥပဒေပုဒ်မ ၉ နဲ့ ပုဒ်မ ၁၁ အရလယ်ယာ စိုက်ပျိုးတဲ့ မြေဖြစ်တဲ့အတွက် ပြန်လည်သိမ်းယူခြင်းမှ ကင်းလွတ်ခွင့်ရထိုက်တဲ့ မြေတွေဖြစ်ပါတယ်။ တရားလိုက စွပ်စွဲအဆိုရှိတဲ့ တပ်ကသိမ်းယူထားတဲ့ လယ်ယာမြေတွေဟာ တောင်သူတွေ လက်ငုပ်စိုက်ပျိုးနေတဲ့လယ်ယာမြေ တွေ ဖြစ်တယ်ဆိုတာ သိသလားလို့ ပြန်လှန်စစ်မေးတော့ လယ်ယာမြေကို နိုင်ငံတော်ကပိုင်ပါတယ်တဲ့၊သက်သေ ထွက်ဆိုတဲ့ တရားလိုစစ်ဗိုလ်ကြီး မသိတဲ့ အချက်ကတော့ တရားဥပဒေပါပဲ။ အခြားနည်း သုံးစွဲခွင့် မရှိတဲ့ လယ်ယာမြေကို အဓမ္မ ကြက်ဆူစိုက်ခိုင်းတယ်။ ကောက်ပဲသီးနှံ လယ်ယာစိုက်ပျိုးနေတဲ့ လယ်ယာကို ကြက်ဆူ မစိုက်ပေးလို့ သိမ်းလိုက်တယ်ဆိုတာ အမှုတွဲစစ်ဆေးချက်တွေအရ ပေါ်ပေါက်ပါတယ်။လယ်ယာမြေကို နိုင်ငံတော် ပိုင်တယ်ဆိုတာ မှန်ပါတယ်။ အဲဒီ ဥပဒေအရပါပဲ”

‘‘ဒါပေမဲ့ ဥပဒေမဲ့ သိမ်းယူမှုကိုတော့ တားမြစ်ထားပါတယ်။ အခြားနည်းသုံးစွဲခွင့် မရှိတဲ့ လယ်ယာမြေပေါ်မှာ စပါးကောက်ပဲသီးနှံ စိုက်ပျိုးနေတယ်ဆိုရင်ပဲ သိမ်းယူခွင့်မရှိတာ ဥပဒေပြဋ္ဌာန်းချက်ပါခင်ဗျာ။ တနည်း ဥပဒေ အခွင့်အရေးပါ ရှင်းအောင် ပြောရရင် တောင်သူလယ်သမား လယ်ယာစိုက်ပျိုး အသက်မွေး ရှင်သန်ခွင့် အခွင့်အရေးပါ။ ဒါ့ထက်ရှင်းအောင် လျှောက်လဲရရင် တောင်သူလယ်သမား အခွင့်အရေးပါခင်ဗျာ။ တောင်သူ လယ်သမားဟာ သူစိုက်ပျိုး ထွန်ယက်ခွင့်ရှိတဲ့ လယ်ယာမြေပေါ် ဖြတ်သန်းသွားလာတာဟာ အစိုးရအဆောက် အအုံနား ချဉ်းကပ်တာ မဟုတ်ပါဘူး။ အစိုးရလျှို့ဝှက်ဥပဒေကို ချိုးဖောက်တာ မဟုတ်ပါဘူး။ တောင်သူလယ် သမားတွေဟာ သူ့အခွင့်အရေးကို သူကျင့်သုံးတာပါ။ တောင်သူလယ်သမား အခွင့်အရေးကို ဦးစွာ တရားရုံး တော်က အသိအမှတ်ပြုဖို့ လျှောက်လဲအပ်ပါတယ်။ ဒီအခွင့်အရေးကို အသိအမှတ်ပြု၊ အာဏာသက်ဝင်စေမှသာ အဓမ္မ ကြက်ဆူစိုက်ခိုင်းတယ်လို့ သုံးသပ်နိုင်မှာ ဖြစ်ပါတယ်။ အဓမ္မ အလုပ်စေခိုင်းတာဖြစ်လို့ အဓမ္မအလုပ်စေ ခိုင်း ရင်းကနေ ပေါ်ပေါက်လာတဲ့ မြေသိမ်းမှုအတွက် အချက်အလက်တွေကို ILO ကို တိုင်ကြားခွင့်ဟာ ဥပဒေ အခွင့်အရေးပါ။ (ဤနေရာတွင် တရားသူကြီးက ILO ဆိုတဲ့ စကားလုံးကို မသုံးရန် တားမြစ်သည်။) ရုံးတော်ရဲ့ အမိန့်ကို လေးစားနာခံလျက်ပါခင်ဗျာ။ ကျနော် အမှုစစ်စဉ်က အဲဒီအဖွဲ့အစည်း နာမည်ကို မသုံးစွဲဖို့ ရုံးတော်က ညွှန်ကြားခဲ့တဲ့အတွက် အဖွဲ့အစည်းတခုကို တိုင်ကြားရန်သာလို့ အမှုတွဲမှတ်တမ်း တင်ခဲ့တာကို သတိပြုမိပါ တယ်။ အမှုမှန်ပေါ်ပေါက်ရေး ရှေ့နေရှေ့ရပ် ကျင့်ဝတ်အရ ဆောင်ရွက်ရတာသာဖြစ်လို့ ရုံးတော်ကရှေ့နေရှေ့ ရပ် အခွင့်အရေးကို သိမြင်နားလည်ပြီး ခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်’’

‘‘နိဂုံးချုပ်လျှောက်လဲလိုတာကတော့ တောင်သူက သူစိုက်ပျိုးခွင့် ရှိတယ်လို့ ယုံကြည်တဲ့ မြေအပေါ် ဖြတ်သန်း သွားလာတယ်။ နိုင်ငံတကာ အလုပ်သမားဥပဒေအရလည်း တိုင်ကြားခွင့် ရှိတဲ့အတိုင်း အဆိုပါ တိုင်ကြားဖို့ ကိုဇော်ဌေးက အားထုတ်တယ်။ တောင်သူလယ်သမားဟာ သူ့တောင်သူလယ်သမား အခွင့်အရေး ကျင့်သုံးတာ  ဖြစ်ပါတယ်။ အစိုးရလျှို့ဝှက်ဥပဒေကို ကျူးလွန်တာ မဟုတ်တဲ့အတွက် ရုံးရှေ့ စွပ်စွဲခံရသူ ကိုဇော်ဌေးကို စွဲချက်တင် မဖြေရှင်းစေဘဲ တရားရှင် လွှတ်သင့်ပါတယ်ခင်ဗျာ’’

“ရှေ့နေလေး ရှေ့နေလေး၊ ထတော့ ထတော့ ၊ ၄ နာရီ ထိုးနေပြီ။ ညီလေးအိပ်တဲ့ ခုံပေါ်မှာ ကျနော်ကဘုရားရှိ ခိုးရမှာ” ရုံးစာရေးက နှိုးတယ်။

ငါအိပ်ပျော်သွားတာပါလား၊ မနေ့ညနေက လျှောက်လဲချက်ကို နားထဲ ပြန်ကြားယောင်ပြီး အိပ်မက်နေတာပဲ။ အဲဒီတုန်းက လျှောက်လဲချက်ဟာ ကျနော့်ဘဝအတွက် ရှေ့နေအဖြစ် နောက်ဆုံးလျှောက်လဲချက်ဖြစ်လိမ့်မယ်လို့ မထင်ခဲ့မိပါဘူး။

(စာရေးသူသည် တက်ကြွသော အတိုက်အခံ ရှေ့နေတဦးဖြစ်ပြီး နိုင်ငံတကာအလုပ်သမားရေးရာကို လေ့လာနေ သူလည်း ဖြစ်သည််။)