စာနယ်ဇင်းသမား ၂ ဦး လျှော့ပေါ့မှုဖြင့် ပြန်လွတ်

စာနယ်ဇင်းသမား ၂ ဦး လျှော့ပေါ့မှုဖြင့် ပြန်လွတ်
by -
ဖနိဒါ

ချင်းမိုင် (မဇ္စျိမ) ။        ။ သမ္မတ ဦးသိန်းစိန်၏ လျှော့ပေါ့ထောင်ဒဏ် အမိန့်ဖြင့် နိုင်ငံတဝှန်းရှိ အကျဉ်းသား ၁၄၆ဝဝ ခန့် ပြန်လွွှှတ်ပေးခဲ့ရာတွင် စာနယ်ဇင်းသမား ၂ ဦးလည်း ပါဝင်လာကြောင်း ၎င်းတို့နှင့်နီးစပ်သည့် အသိုင်းအဝိုင်းနှင့်မိသားစု ဝင်များထံမှ စုံစမ်းသိရှိရသည်။

၄၄ နှစ်အရွယ် ၈၈ မျိုးဆက်ကျောင်းသားဖြစ်သူ ကဗျာဆရာ စာရေးဆရာ ဦးလူတင်ဝင်းနှင့် ၆၅ နှစ်အရွယ် မြန်မာ့အလင်း အင်္ဂလိပ်ပိုင်းမှ ဝါရင့်သတင်းထောက် ဦးသောင်းဝင်းဗိုလ်တို့ မေလ ၁၇ ရက်နေ့တွင် လွတ်မြောက်လာခဲ့သည်။

ဦးလူတင်ဝင်းသည် ၂ဝဝ၇ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) နှင့် လူစုလူဝေးဖြစ်အောင် လှု့ံဆော်မှု ပုဒ်မ ၁၄၅၊ ၁၄၇ ဖြင့် ထောင်ဒဏ် ၄ နှစ် ချမှတ်ခံခဲ့ရာ တနင်္သာရီတိုင်း မြိတ်ထောင်မှ ပြန်လွတ်လာသည်။

ပြန်လွတ်လာသော်လည်း ရန်ကုန်သို့ မရောက်သေးသဖြင့် ဆက်သွယ်၍ မရသေးကြောင်း နိုင်ငံရေးကျဉ်း သားများ လွတ်မြောက်လာမှုကို စောင့်ကြည့်နေသူ အကျဉ်းသားဟောင်းတဦးက မဇ္စျိမကို ပြောသည်။ 

၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရန်ကုန် ဆူးလေမီးပွိုင့်အနီး လုံခြံုရေးတပ်ဖွဲ့က ရှာဖွေစစ် ဆေးစဉ် ဦးလူတင်ဝင်း၏ ခါးကြား၌ ထိုးထားသည့် “၈၈ သဘောထား” အမည်ရှိ စာအုပ် တွေ့ရှိခဲ့သဖြင့် အဖမ်းဆီးခံခဲ့ရသည်။

မြန်မာ့အလင်း သတင်းဌာနမှ ဝါရင့်သတင်းထောက် ဦးသောင်းဝင်းဗိုလ်မှာ ပဲခူးတိုင်း သာယာဝတီထောင်မှ လွတ်မြောက်လာကြောင်း မိသားစုဝင် တဦးက ပြောသည်။

သူ့ကို ၂ဝဝ၈ ဇူလိုင် ၈ ရက်နေ့တွင် သမီးဖြစ်သူ ဗီအိုအေသတင်းထောက် မအေးအေးမာ၏ မိတ်ဆွေ၊ သူငယ်ချင်း များနှင့် ဆက်သွယ်ခြင်းအပြင် သမီးကို သတင်းပေးသည်ဟု အာဏာပိုင်များက စွပ်စွဲကာ မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

စာနယ်ဇင်းသမား တဦးအနေဖြင့် ရပ်တည်ခဲ့ပြီး ခရီးသွားဆောင်းပါးများ ရေးသားခဲ့ကာနိုင်ငံရေးလှုပ်ရှားမှု တွင် မပါဝင်ခဲ့ကြောင်း မိသားစုဝင် တဦးက ပြောသည်။

အလားတူ နော်ဝေးအခြေစိုက် ဒီဗီဘီသတင်းထောက်ဖြစ်ကာ ထောင်ဒဏ် ၁၃ နှစ် ကျခံနေရသူ ကိုငွေလင်းစိုး၏ အကိုဖြစ်သည့် ကိုအောင်ထွန်းမြင့်လည်း မေလ ၁၂ ရက်နေ့ကတည်းက ရခိုင်ပြည်နယ် စစ်တွေထောင်မှ လွတ်ရက်စေ့သဖြင့် လွတ်မြောက်လာကြောင်း မိခင်ဖြစ်သူ ဒေါ်သိန်းအေးက ပြောသည်။

သူ့ကို ရန်ကုန်တိုင်း မှော်ဘီမြို့နယ်၌ ၂ဝဝ၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲ မဲရုံကိုဓာတ်ပုံရိုက်သည်ဟု ဆိုကာ ဖမ်းဆီးခဲ့သော်လည်း တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ၁၃ (၁) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။

မြန်မာနိုင်ငံတဝှန်း အကျဉ်းထောင်များတွင် အကျဉ်းကျနေသူ စာနယ်ဇင်းသတင်းသမားများ ၂၂ ဦး၏ စာရင်းကို မဇ္စျိမက စုံစမ်းထားခဲ့ရာ လက်ရှိတွင် အနည်းဆုံး ၂ ဦး လွတ်မြောက်လာခြင်း ဖြစ်သည်။

နိုင်ငံရေးအကျဉ်းကျခံနေရသူ ၂ဝ၆၁ ဦး ရှိရာမှ မေလ ၁၆ ရက်နေ့တွင် ဦးသိန်းစိန်အစိုးရ ထုတ်ပြန်သည့်
 ပြစ်ဒဏ်လျှော့ပေါ့မှုတွင် လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသား ၅ဝ ကျော် လွတ်မြောက်လာခဲ့သည်။

သမ္မတက သေဒဏ်ကျခံနေရသူများကို တသက်တကျွန်းသို့လည်းကောင်း၊ ကျန်အကျဉ်းသား အားလုံးကို ထောင်ဒဏ် တနှစ်သို့လည်းကောင်း လျှော့ပေါ့ပေးခဲ့ခြင်း ဖြစ်သည်။

Most read this week