ကရင်နီလူငယ် ညီလာခံ ကျင်းပပြီး

ကရင်နီလူငယ် ညီလာခံ ကျင်းပပြီး
by -
ကူးဒူ/ ဂျွန်မိုးနိုင်

ယခု မေလ (၂၂) ရက်နေ့က ကရင်နီအမျိုးသား လူငယ်အစည်းအရုံး KNYO မှ ညီလာခံတရပ် ကျင်းပပြု လုပ်ခဲ့ပြီး တက်သစ်စ လူငယ်ကော်မီတီ အသစ်တရပ်ကိုရွေးကောက်တင်မြောက်ခဲ့ကြ သည်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ၏ ညာလက်ရုန်းဟု ဆိုသည့် KNYO သည် ပဥ္စမအကြိမ်မြောက် ညီလာခံကို ထိုင်း-မြန်မာနယ်စပ် တနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကရင်နီပြည်တွင်းမှ ကရင်နီလူငယ်များ၊ ထိုင်း-မြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်းအတွင်းရှိ လူငယ်များနှင့် တိုင်းတပါးသို့ ရောက်နေကြသည့် ကရင်နီလူငယ်များ အချင်းချင်း စည်းလုံးညီညွတ်မှု တည်ဆောက်နိုင်ရန်နှင့် အမျိုးသားရေး လုပ်ငန်းတို့မှာ လူငယ်အချင်းချင်း ဖေးမကူညီမှုများ ရှိလာနိုင်ဖို့ကြိုးပန်းဆောင်ရွက်သွားမည် ဟု ဆိုသည်။

knyo_youth_discuss
“လောလောဆယ်တော့ စဉ်းစားထားတာကတော့ လူငယ်တွေရဲ့ ကာယညာန စရိတ္တ သုံးပိုင်းကိုလုပ်ဆောင် သွားမယ်လို့ ရည်ရွယ်ထားပါတယ်။ ရည်ရွယ်ချက်ကတော့ လူငယ်တွေ စည်းစည်းလုံးလုံးနဲ့ တိုးတက်အောင် မြင်သွားဖို့ပါပဲ။ ကရင်နီ လူငယ်တွေကို ကျနော့် အနေနဲ့ ပြောချင်တာက စည်းစည်းလုံးလုံးနဲ့ အမျိုးသားရေး ပညာရေးနဲ့ လူငယ်အရေးကို ဝိုင်းဝန်းလုပ်ဆောင်ကြပါလို့ ကျနော် ပြောကြားလိုပါတယ်” ဟုအသစ်ရွေး ကောက်တင်မြောက်ခြင်း ခံရသည့် KNYO ဥက္ကဌ ကိုထွေးရယ်က ပြောသည်။

မေလ (၂၀) ရက်နေ့မှ (၂၂) အထိ ကျင်းပပြုလုပ်ခဲ့သည့် KNYO ညီလာခံကို ထိုင်း-မြန်မာနယ်စပ်မှ လူငယ်များနှင့် ပြည်တွင်းမှ လူငယ်ကိုယ်စားလှယ် အချို့တို့ ပါ၀င်တက်ရောက်ခဲ့ကြပြီး ရွေးကောက်ပွဲပါ တပါတည်း ကျင်းပသည်။

ရွေးကောက်တင်မြောက်ခြင်း ခံရသည့် KNYO ဗဟိုကော်မီတီ (၁၁) ဦးမှ အမျိုးသမီးဗဟိုကော်မီတီတဦး ဖြစ်သည့် စမ်းစမ်းအေးက လူငယ်အရေးနှင့် ပါတ်သက်ပြီး ယခုလို ပြောသည်။

“လူငယ်တွေကို ကျမ ပြောချင်တာ အဓိက ပညာရေးကို ကြိုးစားခိုင်းစေချင်တယ်။ လူငယ်ဆိုတာ ကိုယ့် လူကြီးတွေ ပြောသလိုပဲ အနာဂါတ် ဖြစ်တယ်ပေါ့နော်။ အခု ကျမတို့ အသိုင်းအဝိုင်းက လူငယ်တွေက အရင်က လူငယ်တွေထက် အားနည်းနေတာကို တွေ့နေရပါတယ်။ ကျမရဲ့ အမြင်ပေါ့လေးနော်။ အခုခေတ် လူငယ်တွေက အရင်ခေတ် လူငယ်တွေထက် ပညာရေး အရည်းအချင်းက လိုက်မမှီဘူး ဖြစ်နေတယ်။ အဲကြောင့် ကျမ အနေနဲ့ ပညာရေးကိုပဲ ကြိုးစားခိုင်းစေချင်တယ်။”

နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါ၀င်လုပ်ရှားကြသည့် လူငယ်များကို နအဖ စစ်အစိုးရလက်ထက်ကနှစ်ရှည် ထောင်ဒါဏ်များ ချမှတ်ပြီး အမျိုးသားရေးအတွက် ပြင်ပနိုင်ငံရေး အဖွဲ့အစည်းတို့နှင့် ဆက်သွယ်သည့် လူငယ်များကိုလည်း သူပုန်ဆက်သွယ်မှုဖြင့် စွပ်စဲပြီး ဖမ်းဆီးခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။

ယနေ့ ဦးသိန်းစိန် သမ္မတ အစိုးရ လက်ထက်မှာ အကျဉ်းသား တစ်သောင်းကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသည်ဟု ဆိုသော်လည် နိုင်ငံရေး အကျဉ်းသားများ မပါဘဲ နှစ်ရှည်ထောင်ဒါဏ်များ ချမှတ်ခြင်း ခံရသည့် ကရင်နီလူငယ်တို့၏ အခြေအနေမှာလည်း ထောင်တွင်း၌သာ ဆက်လက်ထိမ်းချုပ်ထားဆဲ ရှိသည်။