"အခမဲ့" ကျောင်းသုံး စာအုပ်အတွက် အခကြေးငွေ ကောက်ခံနေ

"အခမဲ့" ကျောင်းသုံး စာအုပ်အတွက် အခကြေးငွေ ကောက်ခံနေ
by -
ကန္တာရဝတီတိုင်း(မ်)

အခြေခံပညာ မူလတန်း ကျောင်းသူကျောင်းသား များအတွက် ကျောင်းသုံး စာအုပ်များကို အခမဲ့ ဖြန့်ဝေပေးမည်ဟု ပညာရေးဝန်ကြီးဌာန ပြည် ထောင်စု ၀န်ကြီးက ပြောသော်လည်း လက်တွေ့ တွင် အခြားနည်းလမ်းများဖြင့် အခကြေးငွေ တောင်း ခံခြင်းများ ရှိသည်ဟု ကယားပြည်နယ်ရှိ ကျောင်းဆရာ ဆရာမများကထုတ်ဖော်ပြောဆိုကြ သည်။

လွိုင်ကော်မြို့နယ်မှ မူလတန်း ကျောင်းဆရာ တစ်ဦးက ကျောင်းသုံးစာအုပ် အခမဲ့ ပေးဝေသည်မှာမှန်သော် လည်း “စာအုပ် သယ်ခနဲ့ စာအုပ် ထုတ်ပိုးစားရိတ် ဆိုပြီး ငွေကြေး ကောက်ခံလာကြောင်း”  ပြောပြသည်။ သူက “ဘာမှ အလကား မရဘူး။ အဲဒါနဲ့ ကျောင်းသားမိဘတွေဆီကနေ ပိုက်ဆံ ပြန်ကောက်ရတာပါပဲ။ အဲဒီလို မကောက်ရင်လည်း ကိုယ့်လစာထဲက စိုက်ပြီး ပေးရမှာ ဆိုတော့ မလွယ်ဘူး” ဟု ပြောသည်။

aschoolထို့အပြင် ကျောင်းသုံး စာအုပ်များကို မတ်လပိုင်း ၂၇ ရက်နေ့တွင် ပညာရေးမှူးရုံး၌ ထုတ်ယူခဲ့ ကြသော်လည်း စာရင်းပါကျောင်းသားဦး ရေ အတိုင်း အပြည့်အဝ မရရှိခဲ့ကြောင်း စာအုပ် သွားရောက်ထုတ်ယူခဲ့သည့်ဆရာ တစ်ဦးက ပြောပြသည်။ အမှန်တကယ် ရှိသည့်ကျောင်းသူ ကျောင်းသား အရေအတွက်နှင့်အညီကျောင်းသုံး စာအုပ်များ “လုံလုံလောက်လောက် မရကြောင်း” ပြောသည်။

အစိုးရက အခမဲ့ ပညာသင်ကြားနိုင်သည်ဟု ကြေညာထားသော်လည်း လိုအပ်သည့် ထောက်ပံ့မှုများ မရှိသည့်အတွက် ကျောင်းသုံးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ၊ နေ့စဉ်မှတ်တမ်းစာအုပ်များ ၀ယ်ယူရန် ကျောင်းသားမိဘများထံမှ ငွေကြေး ကောက်ခံနေရဆဲဖြစ်သည်ဟု ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်မှ ကျောင်းဆရာမတစ်ဦးက ပြောသည်။

“ဒီမှာကတော့ ကျောင်းဝင်ကြေးအနေနဲ့ ကျောင်းသားတစ်ယောက်ကို နှစ်ထောင် ကောက်ပါတယ်။ အဲဒီ ငွေတွေအားလုံးကို ကျေးရွာဥက္ကဌကို အပ်နှံထားတယ်။ လိုအပ်တာရှိရင် သူနဲ့ တိုင်ပင်ပြီး ကျောင်းအတွက် သုံးရတယ်။”

ကယားပြည်နယ်တွင် အခြေခံပညာမူလတန်းကျောင်း ၃၄၁ ကျောင်းရှိသော်လည်း ကျောင်းဆရာ/ဆရာမများ လုံလုံလောက်လောက် ခန့်ထားခြင်း မရှိသေးကြောင်းလည်း ဆရာ၊ ဆရာမ အသိုင်းအဝိုင်းက ပြောပြသည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် သောမတ်စ်အိုဟေး ကင်တာနား ကလည်း မြန်မာအစိုးရ အနေဖြင့် ပညာရေး အသုံးစားရိတ်ကို ယခုထက် သိသိသာသာ တိုးမြှင့်သုံးစွဲရန်နှင့် အမှန်တကယ် “အခမဲ့”  ဖြစ်သည့် မသင်မနေရ ပညာရေး ဖြစ်စေရန် အကြံပြု တိုက်တွန်းထားပါသည်။

Most read this week