သျှမ်းပြည်တပ်မတော် SSA-S သည် တခြားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP ကဲ့သို့မြန်မာ စစ်အစိုးရ အဆက်ဆက်ကို စစ်ရေးအရတော်လှန် တိုက်ခိုက်နေသော အဖွဲ့ဖြစ်သည်။
ယနေ့မြန်မာပြည်တွင် အစိုးရသစ်တရပ် ပေါ်ပေါက်လာပြီဖြစ်သော်လည်း ထိုအဖွဲ့တို့၏ စစ်ရေးရပ်တည်မှုမှာ ပြောင်းလဲမှုမရှိဘဲ ဆက်လက်တော်လှန်တိုက်ခိုက်နေလျက်ရှိသည်။ ရှေ့ဆက်အနာဂတ်မှာမြန်မာအစိုးရတပ် များ နှင့် ရှမ်းတပ်မတော်တို့အကြား ဖြစ်ပေါ်လာမည့် စစ်ရေးအခြေအနေတို့သည်လည်းအစိုးရအပေါ်၌ သာမူနေပါကြောင်း ရှမ်းပြည်တပ်မတော်ကဆိုသည်။
“ရှေ့ဆက်ပြီး ဘယ်လိုသွားမလဲ ဆိုတာ ဗမာအစိုးရအပေါ်မှာ မူတည်ပါတယ်။ ကျနော်တို့ပဲ ဆိုင်တာမဟုတ် ဘူး။ အကယ်၍ ဗမာတွေက ကျနော်တို့ကို လာတိုက်ခိုက်မယ်ဆိုရင် ကျနော်တို့လည်းကိုယ့်လူမျိုး အတွက် ဆက်ပြီး ကာကွယ်ပြီး တိုက်ခိုက်သွားရမှာပဲ” ဟု မေလ ၂၁ ရက်နေ့တွင် ကျရောက်သည့် ၅၃ ကြိမ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့တွင် ဗိုလ်ချုပ်ကြီး စဝ်ယွက်စစ်က ပြောသည်။
၅၃ ကြိမ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့တွင် သျှမ်းပြည်တပ်မတော်တွင် SSA-S နှင့်ရှမ်းပြည်တပ်မတော် မြောက်ပိုင်း SSA-N သည် စစ်ရေးအရ ပူးပေါင်း၍ တိုက်ပွဲဝင်သွားရန် သဘောတူခဲ့ကြပြီး တခြားသော လက်နက်ကိုင်မဟာမိတ်များမှလည်း ပါ၀င်ပူးပေါင်းလာရန် ကြိုးစားသွားမည်ဟု SSA-S မှ ဒု-ဗိုလ်ချုပ်ကြီး စဝ်ယွက်စစ်က ပြောသည်။
SSA-N မြောက်ပိုင်းသည် ၁၉၈၉ ခုနှစ်ခန့်က နိုင်ငံရေး နည်းလမ်းအရ အဖြေရှာရန် စစ်အစိုးရနှင့် အပစ် အခတ်ရပ်စဲရေး ယူခဲ့သော်လည်း အစိုးရက နိုင်ငံရေး ပြဿနာအား နိုင်ငံရေးနည်းအရ ဖြေရှင်းမှုကို လက်မခံသည့်အပြင် စစ်ရေးအရ ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို နယ်ခြား စောင့်တပ်ဖွဲ့ အသွင်ကူးပြောင်းရေးအတွက် ကြိုးပမ်းခဲ့ရာ SSA-N က လက်မခံခဲ့ဘဲ ယခုလို SSA-S နှင့် ပူးပေါင်းလိုက်သည်။
“တခြားသော တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနဲ့ တပ်ပေါင်းစု အလံတော်အောက်မှာ အမျိုးသားလွတ်မြောက်ရေး ပန်းတိုင်ဆီကို အရောက်လှမ်းပြီး တိုးတက်လာတဲ့ သျှမ်းပြည်နေ့ဆီကို တည်ဆောက်နိုင်ကြပါစေ” ဟု ရှမ်းပြည်တပ်မတော်နေ့သို့ ပေးပို့သော KNPP မှ သဝဏ်လွှာကဆိုသည်။
သျှမ်းပြည်တော်လှန်ရေးနေ့ အခမ်းအနားတွင် ပအို၀့်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ ( PNLO)၊ (၀) အမျိုးသား အဖွဲ့ချုပ် (WNO)၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS၊ KNU၊ KNPP နှင့် မဟာမိတ်များ တက်ရောက်ကြပါသည်။
၂၀၁၁ ခုနှစ် မေလ ၂၁ ရက်နေ့တွင် ကျရောက်သည့် ၅၃ ကြိမ်မြောက် ရှမ်းပြည်တပ်တော်နေ့ကို SSA-S ဌာနချုပ်တည်ရှိရာ လွယ်တိုင်းလျန်းတွင် ကျင်းပပြုလုပ်သည်။ SSA-S သည် အင်အား ရ ထောင်ကျော် ရှိသည်ဟု စစ်ရေးလေ့လာသူတို့၏ ခန့်မှန်းထားချက်အရ သိရသည်။