တောင်ကုတ်တွင် ကားတိမ်းမှောက်၊ လူ ၂ ဦးသေဆုံး

တောင်ကုတ်တွင် ကားတိမ်းမှောက်၊ လူ ၂ ဦးသေဆုံး
by -
ထွန်းထွန်း

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နှင့် မအီမြို့အကြား တွင် တနင်္ဂနွေနေ့က လူတင် ဘတ်စ်ကား တစီး တိမ်းမှောက်သွားသဖြင့် လူ ၂ ဦးသေဆုံးကာ အနည်းဆုံး ၅ ဦးခန့် ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

arakan-road-systemသေဆုံးသွားသူများမှာ တောင်ကုတ်မြို့နယ် ဘုရွှေမော်ကျေးရွာ (ကျော့ကိုင်း)မှ ယောင်္ကျားလေး တစ်ဦးနှင့် သံတွဲမြို့နယ်မှ အမျိုးသမီးကြီး တစ်ဦးတို့ ဖြစ်သည်။

သူတို့အား သေဆုံးသွားသည့်နေရာမှ တောင်ကုတ် နာရေး ကူညီမူ အသင်း၏ ကားဖြင့် သယ်ယူလာပြီး တောင်ကုတ် ဆေးရုံသို့ ပို့ပေးခဲ့ကြောင်း တောင်ကုတ်မှ လူငယ် တစ်ဦးက ပြောသည်။

" ကားတိမ်းမှောက်တဲ့ နေရာမှာဘဲ သူတို့ နှစ်ဦးစလုံးက ပွဲချင်းပီး သေတယ်။ ဒဏ်ရာ ရတာက လေး- ငါးဦးလောက်တော့ ရှိတယ်။ ကျနော်တို့ နာရေး ကူညီမူ အသင်း ကားက အလောင်းနဲ့ ဆေးရုံကို ရောက်တဲ့ အခါ လူနာတွေ မရှိတော့ဘူး။ ဆေးရုံက ဆင်းသွားပါပြီ။ အဲဒါကြောင့် သူတို့ ဘယ်သူတွေဆိုတာမပြောနိုင် ပါဘူး" ဟု သူက ဆက်ပြောသည်။

တိမ်းမှောက်သွားသောကားမှာ ရွှေပြည်သာ ခရီးသည်တင် ဘတ်စ်ကား ဖြစ်ပြီး တံတားပေါ်မှ လမ်းချော်ကာ ရေအိုင်ထဲ ထိုးကျ တိမ်းမှောက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

" မိုးရွာတော့ လမ်းကဆိုးနေတဲ့ အထဲ ကားက ကုန်တွေကိုပါ တင်လာတော့ မထိန်းနိုင်ဘဲ ရေအိုင်ထဲကို တံတားပေါ်က ထိုးကျသွားတာ ဖြစ်ပါတယ်။ လမ်းက မကောင်းတော့ ခုလို အဖြစ်မျိုး ဒီဒေသမှာ ခဏခဏ ဖြစ်နေပါတယ်" ဟု သူက ပြောသည်။

ယခုအခါ ကားစပယ်ယာအား ရဲက ဖမ်းဆီးထားပြီး ကားဒရိုင်ဘာမှာမူ ထွက်ပြေး တိမ်းရှောင်နေကြောင်း သိရသည်။

Most read this week