ရန်ကုန် (မဇ္စျိမ) ။ ။ တရားရင်ဆိုင်နေရသည့် မြန်မာတိုင်းမ်ဂျာနယ် စီအီးအိုဟောင်းသြစတြေးလျ နိုင်ငံသား မစ္စတာ ရော့စ်ဒန်ကလေကို အမှုမှ လွတ်စေလိုကြောင်း စီအီးအိုသစ် ဒေါက်တာ တင်ထွန်းဦးက ပြောသည်။
အင်္ဂါနေ့ နေ့လည်ပိုင်းတွင် ကမာရွတ်မြို့နယ်တရားရုံး၌ မစ္စတာ ရော့စ်ဒန်ကလေကို စစ်ဆေးသည့် တရားခွင်အပြီး မည်သို့ဖြစ်စေချင်ပါသလဲဟု သတင်းထောက်တဦး၏ အမေးကို ဒေါက်တာတင်ထွန်းဦးက လွတ်မြောက်စေလိုကြောင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ကျနော့်အနေနဲ့တော့ ရော့စ်ကို လွတ်စေချင်ပါတယ်” ဟု သူက ပြောသည်။ ထို့ပြင် စစ်ဆေးနေသည့် တရားခွင်သည် ထပ်မံကြာမြင့်ဖွယ်မရှိဘဲ မကြာမီ ပြီးဆုံးမည်ဟုလည်း ထင်မြင်ချက်ပေးခဲ့သည်။
အင်္ဂါနေ့တရားခွင်တွင် မစ္စတာဒန်ကို စစ်ဆေးရမည် ဖြစ်သော်လည်း နှစ်ဖက်ရှေ့နေများမှာ အခြားတရားခွင် များ ရှိနေသဖြင့် ပဏာမ ထွက်ဆိုချက်များသာ ရယူပြီး ရုံးတော်က မေလ ၃ဝ ရက်နေ့သို့ ပြန်လည်ချိန်းဆို ခဲ့သည်။
တရားခွင်သို့ မြန်မာတိုင်းမ် စီအီးအိုသစ် ဒေါက်တာတင်ထွန်းဦး၊ မြန်မာတိုင်းမ် ဝန်ထမ်းများ၊သြစတြေးလျ သံရုံးမှ ကောင်စစ်အရာရှိနှင့် ပြည်တွင်းပြည်ပ သတင်းသမားများ လာရောက်ခဲ့ကြသည်။
မစ္စတာဒန်ကလေကို လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် ပုဒ်မ ၁၃ (၁) အပြင် မခိုင်ဇာလင်းကို နာကျင်အောင်ပြုလုပ်မှု ပုဒ်မ ၃၂၃၊ နာကျင်စေရန် ကြံရွယ်ချက်ဖြင့် မူးယစ်ဆေးဝါး တိုက်ကျွေးခြင်း ပုဒ်မ ၃၂၈၊ လက်ရောက်ခြင်း ပုဒ်မ ၃၅၂ နှင့် သွားလာပိုင်ခွင့်ရှိသည့် နေရာသို့ မသွားလာနိုင်အောင် ပိတ်ပင်ခြင်း ပုဒ်မ ၃၄၁ တို့ဖြင့် တရားစွဲထားသည်။
သို့သော် မေလ ၁၂ ရက်နေ့ ရုံးချိန်းတွင် မခိုင်ဇာလင်းက တဦးတယောက်၏ ခြိမ်းခြောက်ခြင်း၊ တိုက်တွန်းခြင်း မပါဘဲ ကိုယ်ပိုင်ဆန္ဒအရ အမှုရုပ်သိမ်းကြောင်း ဝန်ခံထွက်ဆိုခဲ့ရာ တရားသူကြီးက အမှုရုပ်သိမ်းခွင့် လျှောက်လွှာအား လက်ခံထားခဲ့သည်။
ဒေါက်တာ တင်ထွန်းဦးနှင့့်် စီမံရေးမန်နေဂျာ ဦးဝေလင်းက တဦးလျှင် ကျပ်သိန်း ၅ဝ ဖြင့် အာမခံရခဲ့သော မစ္စတာဒန်သည် မြန်မာတိုင်းမ်ဂျာနယ် အင်္ဂလိပ်ပိုင်း အယ်ဒီတာချုပ်အဖြစ်၎င်း၊ မြန်မာတိုင်းမ်မီဒီယာ၏ အုပ်ချုပ်မှု ဒါရိုက်တာအဖြစ်၎င်း လုပ်ကိုင်နေသည်။