မြေပုံအမတ် ဦးဖေသန်းနဲ့ အင်တာဗျူး

မြေပုံအမတ် ဦးဖေသန်းနဲ့ အင်တာဗျူး
by -
နိရဥ္စရာ သတင်းဌာန

ရခိုင်တိုင်းရင်းသားများ တိုုးတက်ရေး ပါတီက အမတ် (၉) ဦးကို သူတို့နဲ့ပြိုင်ဘက် ကြံ့ခိုင်ရေး ပါတီ အမတ် ရှံုး (၉)ဦးက တရားစွဲဆိုထားပါတယ်။ အခုအခါ သူတို့ကို နေပြည်တော်မှာ ဒီလ ၁၈ ရက် နေ့က စပြီး အမူကို စစ်ဆေးနေပြီ ဖြစ်ပါတယ်။

arakan-flagအမူကို စစ်ဆေးနေစဉ်ကာလမှာ နေပြည်တော်ကို ရောက်ရှိနေတဲ့ ဦးဖေသန်းနဲ့ ဆက်သွယ် မေးမြန်းခွင့် ရရှိခဲ့ပါတယ်။ ဦးဖေသန်းက အမှု အခြေအနေကို ခုလို စပြောပါတယ်။

ဦးဖေသန်း။ ။ ကျနော်တို့ကို ဒီလ ၁၈ ရက်နေ့ကစပြီးတော့ ၁၈ ရက်၊ ၁၉ ရက်၊ ၂၀ သုံးရက် စစ်ဆေး ပြီးပါပြီ။ အဲဒီမှာတော့ ကျနော် တို့ကို ကန့်ကွက်ထားတဲ့ ကြံ့ခိုင်ရေးက ပြည်သူ့ လွှတ်တော်၊ ပြည်နယ် လွှတ်တော် ၂ယောက် စုစုပေါင်းသုံးယောက်ကို ပထမ စစ်တယ်။ ပြီးတော့သူတို့ရဲ့ သက်သေ ၆ ယောက်ကို စစ်ပါတယ်။ စနေ၊ တနင်္ဂနွေ ၂ ရက်နားပြီးတော့ တနင်္လာနေ့ မှာ သူတို့ ဘက်က နောက်ထပ် သက်သေ ၂ ယောက်ကို ဆက်စစ်ဆေးပါမယ်။ အဲဒါပြီးမှာ ကျနော်တို့ရဲ့ ကန့်ကွက် ခံထားရတဲ့ မြေပုံက ပုဂ္ဂိုလ် ၃ ယောက်ကို စစ်မှာ ဖြစ်ပါတယ်။ ပြီးမှ ကျနော်တို့ရဲ့ သက်သေတွေကို စစ်ဆေးမှာဖြစ်ပါတယ် ခင်ဗျာ။ အမူက အဲဒီလိုအခြေအနေ ကို ရောက်နေပါတယ်။

မေး။ ။ အခု စစ်ဆေးနေတဲ့ထဲမှာ မြေပုံမြို့နယ်က ဘယ်သူတွေ ပါဝင်ပါလဲ ခင်ဗျာ။

ဦးဖေသန်း။ ။ ကျနော်က မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းပါ။ ပြည်နယ် လွှတ်တော် အမှတ် ၁ ကိုယ်စားလှယ် ဦးအောင်ဝင်း၊ ပြည်နယ်လွှတ်တော် အမှတ် ၂ ကိုယ်စားလှယ် ဦးမောင်လုံး ပါ။ ကျနော်တို့ ၃ ယောက်လုံးက ကန့်ကွက်ခံထားရတာပါ။

မေး။ ။ ဦးဖေသန်းတို့ကို စစ်ဆေးတဲ့အခါ သူတို့ ဘာတွေ မေးမြန်းတာ ရှိပါသလဲ။

ဦးဖေသန်း။ ။ ကန့်ကွက်ထားတဲ့ ပုဂ္ဂိုလ်တွေက ကန့်ကွက်ထားရာမှာ အဓိက သူတို့ ဖော်ပြထားတာက မဲရုံမှူး၊ ကော်မရှင် အဖွဲ့ဝင်တွေက ပယ်မဲတွေကို မဆုံးဖြတ်တတ်လို့ သူတို့မှာ ပယ်မဲတွေ များသွားရတယ်ဆိုတဲ့ အကြောင်း။ နောက်တခုက ကော်မရှင်တွေ၊ မဲရုံးမှူးတွေ၊ ရယက ဥက္ကဌ တွေဟာ ရခိုင်ပါတီကိုဘက်လိုက် ပြီးတော့ လုပ်ဆောင်သွားတဲ့အတွက် သူတို့မှာ မဲနည်းသွားရတယ်။ နောက်ပြီး မဲလာပေးတဲ့သူတွေကမတော် မတရား လုပ်တာကို မဟန့်တားဘူးပေါ့။ အဲဒါတွေပါ အဲဒါကြောင်း သူတို့မှာ မဲနည်းသွားရတယ်ဆို့တဲ့ အကြောင်း။ နောက်တချက်က ကျေးရွာတွေမှာ ကျနော်တို့ ရခိုင်ပါတီက မဲဆွယ်စည်းရုံးတဲ့ အခါမှာ ကြံ့ခိုင်ရေး ပါတီကို ပုတ်ခတ်ပြီး မဲဆွယ် စည်းရုံးတယ် ဆိုတဲ့အကြောင်း။ စစ်အစိုးရကို ပုတ်ခတ်ဝေဖန်ပြီးတော့ တိုက်ခို်က် ပြောဆိုတဲ့အတွက် အဲဒီ ပါတီက မဲပိုရသွားတယ် ဆိုပြီးတော့ဗျာ အဲဒါမျိုးတွေနဲ့ ကန့်ကွက်ထားပါတယ်။

မေး။ ။ ကန့်ကွက်ထားတာက ဘယ်သူတွေပါလဲ ခင်ဗျာ။

ဦးဖေသန်း။ ။ ကန့်ကွက်ထားတာက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကျနော့်ဦးဖေသန်းကိုကန့်ကွက်ထား သူက ကျနော်နဲ့ ပြိုင်ဘက် ဦးရွှေမန်းတင်ပါ။ ဦးအောင်ဝင်းကို ကန့်ကွက်ထားတဲ့ ပုဂ္ဂိုလ်ကတော့ ဦးလှစောအောင်ပါ။ ဦးမောင်လုံးကို ကန့်ကွက်ထားသူကတော့ ဦးကျော်လှ ပါ။ သူတို့ ၃ ယောက်ပါ။

မေး။ ။ အမှုအခြေအနေက ဘယ်လိုဖြစ်လာမယ်လို ထင်ပါသလဲ ခင်ဗျာ။

ဦးဖေသန်း။ ။ ကျနော်တို့ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၆၆ အရ၊ ကျနော်တို့ ကိုယ်စားလှယ် ကသော် လည်းကောင်း၊ ဒါမှမဟုတ် ကိုယ်စားလှယ်က ခန့်အပ်ထားတဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်ကသော်လည်း ကောင်း အဲဒီ မဲမတရားမှုတွေကို ပြုကျင့်တဲ့ အခါမှ ဥပဒေနဲ့ ငြိစွမ်းတာပါ။ ဒါမှ မဟုတ်ရင် ကျနော်တို့ အပါဝင် ရွေးကောက်ပွဲ ကို်ယ်စားလှယ် ၂ ယောက်က ကျနော်တို့ ခိုင်းစေတဲ့လူက မဲမတော်မရား ပြုလုပ်ရင်တော့ကျနော် တို့နဲ့လည်း ဆိုင်ပါတယ်။ မဲရုံမှူးတွေ၊ မဲကော်မရှင်တွေ၊ကျေးရွာရယကဥက္ကဌတွေ ဆိုတာက ကျနော်တို့ ခိုင်းတဲ့သူတွေ မဟုတ်ပါဘူး။ နိုင်ငံတော်က တာဝန် ပေးထားတဲ့ သူတွေဖြစ်ပါတယ်။ တကယ်လို့များ အဲဒီ လူတွေက အမှားတစုံ တရာ ပြုလုပ်တယ် ဆိုရင်တောင်မှ ကျနော်တို့နဲ့ ဆိုင်တဲ့ ကိစ္စတွေ မဟုတ်ပါဘူးလို့ ကျနော်တို့ ခံယူပါတယ်။ နောက်ပြီးတော့ ကျေးရွာတွေမှာ ဟောပြောစည်းရုံးတဲ့ အခါမှာလည်း ကျနော်တို့က နိုင်ငံတော်ကို ပုတ်ခတ်တဲ့ စကားတွေ ပြောလို့ မရပါဘူးခင်ဗျာ။ ကျနော်တို့ကလည် ကော်မရှင်ကို ခွင့်တိုင်ပြီးမှ ဘယ်နေရာမှာ ဘယ်စကားကို ပြောမယ်ဆိုတာ ခွင့်တင်ရပါတယ်။ အဲဒီနောက်မှာ စရဖတို့၊ သတင်းတပ်ဖွဲ့၊ ရဲတပ်ဖွဲ့တို့က ကျနော်တို့ရဲ့ ဟောပြောချက်တွေကို အနီးကပ် စောင့်ကြည့် ပြီးတော့ အမြဲတမ်း လေ့လာပြီးတော့ report ပို့ပါတယ်။ အဲဒီအချိန်က ဘာမှ ပြသာနာလည်း မဖြစ်ခဲ့ပါဘူး။ သူတို့ ပါတီအနေနဲ့လည်းကျနော်တို့ ဟောပြော ချက်တွေအပေါ်မှာ ဘယ်နေရာမှာ ဘယ်လို ပြောတယ်၊ ဘယ်လို ဆိုတယ် ဆိုပြီးတော့တရားစွဲဆို တာလည်း မရှိပါဘူး။ ဥပဒေအရလည်း ကျနော်တို့ ရွေးကောက်ပွဲကာလ ဖြစ်စဉ်နဲ့ ရွေးကောက်ပွဲနောက်ပိုင်း ၁၅ ရက်မှာ ရဲကို အမှုဖွင့် တိုင်ကြားနိုင်ပါတယ်။ အဲဒီလို အခြေအနေမျိုးမှာ ဘာမှမလုပ်ခဲ့ဘဲနဲ့ သူတို့ရှုံးတယ် လို့ ရွှေးကောက်ပွဲ ကော်မရှင်က ကျေညာမှ မစားရတဲ့ အမဲ သဲနဲ့ပက် ဆိုသလို မဟုတ်က ဟုတ်ကအပြစ်ရှာ ပြီးတော့ လုပ်နေ တာကတော့ ယုတ္တိရှိတဲ့ ကိစ္စတွေ မဟုတ်ပါဘူး။

မေး။ ။ ဦးဖေသန်းတို့နဲ့ အတူ တရားစွဲခံရတဲ့ နောက် ဘယ်မြို့နယ်တွေက အမတ်တွေ ပါဝင်ပါသလဲ။ တရားစွဲခံရတဲ့ အထဲမှာ။

ဦးဖေသန်း။ ။ ကျနော်တို့ RNDP က ပုဂ္ဂိုလ် ၉ ယောက်ရှိပါတယ် ခင်ဗျာ။ ရသေ့တောင်မြို့နယ်က ဦးလှ မောင်သိန်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်။ ကျောက်ဖြူမြို့နယ်က ဦးအုန်းတင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်။ ဦးကျော်လွင် ပြည်နယ်လွတ်တော်ကိုယ်စားလှယ်။ ပေါက်တောမြို့နယ်က ဦးကျော်ထွန်းအောင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်။ ဦးအောင်ကျော်ဇံ ပြည်သူ့လွွှတ်တော်ကိုယ်စားလှယ်။ အကုန်လုံး ၉ ယောက်ဖြစ်ပါတယ်။

Most read this week