ဒေသကို စွန့်ခွာသူများ၍ လယ်လုပ်သားများ ရှားပါး

ဒေသကို စွန့်ခွာသူများ၍ လယ်လုပ်သားများ ရှားပါး
by -
နိရဥ္စရာ သတင်းဌာန

စီးပွားရေး အကျပ်အတည်းကြောင့် ရခိုင်မှ လူများ ဒေသကို စွန့်ခွာပြီး တခြား ဒေသများသို့ ထွက်ခွာ နေကြသဖြင့် ယခုနှစ် စိုက်ပျိုးရာသီတွင် လယ်ယာ လုပ်ငန်းများ အတွက် လယ်လုပ်သား (သူရင်ဌား) များ အထူး ရှားပါးနေကြောင်း သိရသည်။

Farming_Myanmar" စီးပွားရေး ကျပ်တော့ လူငယ်တွေရော လူလတ်တွေရော ထိုင်း၊ မလေးရှားနဲ့ ကချင် ရွှေမော် ဘက်ကို ထွက်ခွာသွားကြတဲ့ အတွက်် အခုအခါ လယ်ယာ လုပ်ငန်းတွေမှာ လုပ်ကိုင်မယ့် လယ်လုပ်သားက မရှိ သလောက်ကို ရှားပါးနေတယ်။ ရွာကျော်၊ မြို့နယ်ကို ကျော်ပီး ရှာတာတောင် သူရင်းဌား မရဘဲ ဖြစ်နေတဲ့ အတွက် လယ်သမားတွေ တော်တော့ကို အခက်ကြံုနေကြရပါတယ်" ဟု ကျောက်တော်မြို့နယ် ကျနင်းကန်မှ လယ်သမားကြီး တစ်ဦးက ပြောသည်။

ယခုအခါ စပါးစိုက်ပျိုးရာ စတင်တော့မည် ဖြစ်သဖြင့် လယ်ယာ လုပ်ငန်း အတွက် ရခိုင်ပြည်နယ် အဝန်းတွင် လယ်သမားများက ထွန်ယက် စိုက်ပျိုးရန် ပြင်ဆင်နေရာ သူရင်းဌား ရှားပါးမူကြောင့် မည်သို့ လုပ်ဆောင်ရ မည်ကို ကြံဆ၍ မရ ဖြစ်နေကြောင်း သူက ပြောသည်။

" စပါးတကျ (ရက်ပေါင်း ၂၀ ခန့်) လယ်ထွန် စိုက်ပျိုးမယ့် သူရင်းဌား တစ်ယောက်ကို ကျပ် ၈၀၀၀၀ ကနေ တစ်သိန်းထိ ပေးတာတောင် ရှာမရဘူး။ စပါးတောင်း တစ်ရာ တစ်သိန်းနှစ်သောင်းဘဲရှိတဲ့ ကျွန်တော်တို့ ဒေသမှာ သူရင်းဌား တစ်ယောက်ကို ကျပ်တစ်သိန်းပေးတာတောင် ရှာမရတဲ့ အတွက် ဒီထက် ပိုပေးရရင် လယ်လုပ်လို့ ဘာမှ မြတ်စရာ မရှိတော့ပါဘူး။ လယ်လုပ်သားတွေ ရှာမရတော့ လက်တွန်း လယ်ထွန်စက်တွေ ၀ယ်မယ်ဆိုရင်လည်း ပိုက်ဆံ မရှိတဲ့ လယ်သမားက ပိုများနေတယ်။ ခု ပြဿနာကို ဘယ်လိုဖြေရှင်းရမယ် ဆိုတာ စဉ်းစားလို့တောင် မရ ဖြစ်နေကြပါတယ်" ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ သူရင်းဌား ရှာမရ ဖြစ်နေသည့် ပြဿာနာကို ကျောက်တော်မြို့နယ် တစ်ခုတည်းတွင်ရင်ဆိုင်နေရ သည် မဟုတ်ဘဲ မြောက်ဦး၊ပုဏ္ဍားကျွန်း၊ မင်းပြား၊ ပေါက်တောနှင့် ရသေ့တောင်် အရှေ့ဘက်ခြမ်းဒေသများ တွင် ရင်ဆိုင်နေကြရသည်။

ယခင်နှစ်များက ယခုသို့ မဆိုးကြောင်းနှင့် ယခုနှစ်တွင် လယ်လုပ်သား ရှားပါးမူမှာ ဆိုးဆိုးရွားရွားဖြစ်လာ ကြောင်း သိရသည်။

အမည်မဖေါ်လိုသူ ရသေ့တောင် မြို့နယ်က အမျိုးသမီး တစ်ဦးကလည်း " ကျွန်မတို့ ဒေသမှာတချို့ကျေးရွာ တွေမှာ ယောင်္ကျားတွေ မရှိတဲ့ ရွာတွေတောင် ရှိနေတယ်။ အကုန်လုံး မလေးရှားကို ထွက်ခွာသွားကြတော့ အမျိုးသမီးတွေ ချည်းဘဲ ကျန်နေခဲ့တဲ့ ရွာတွေလည်း ရှိပါတယ်။ အသုဘကို မိန်းမတွေ ထမ်းပြီး သဂြိင်္ုလ်ရတဲ့ ရွာတွေလည်း ရှိပါတယ်" ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် စီးပွားရေး အလွန်ကျပ်တည်းသည့် ကြားထဲ တပ်စွဲထားသော စစ်တပ်များမှ အခွန်အကောက် မတရားကောက်ခံခြင်း၊ လူထုအား အနိုင်ကျင့်ခြင်း၊ စီးပွားရေး လုပ်ငန်းများကို စစ်တပ်မှ ချုပ်ကိုင်ထားခြင်း စသည့် အကြောင်းအရင်းများကြောင့် ဒေသခံ ပြည်သူများ ရခိုင်တွင် နေချင်စိ်တ် မရှိတော့ဘဲ နေရပ်ရင်းကို စွန့်ခွာပြီး တခြား ဒေသများသို့ ထွက်ခွာနေကြခြင်း ဖြစ်သည်။

ယခု နောက်ဆုံး ရရှိသော သတင်းအရ မင်းပြားမြို့နယ်မှ ကျေးရွာတစ်ချို့မှာ တနင်္သာရီတိုင်းဆီးအုန်းခင်း များတွင် လုပ်ကိုင်ရန် အတွက် ရွာလုံးကျွတ် ပြောင်းရွှေ့နေကြကြောင်း သတင်း ရရှိသည်။

ယခုကဲ့သို့ ရခိုင်လူထု စီးပွားပျက်ပြီး နေရပ်ရင်းကို စွန့်ခွာရသည့် အခြေအနေမျိုးထိ ဆိုက်ရောက်အာင် ယခင် စစ်အစိုးရနှင့် လက်ရှိ ဦးသိန်းစိန် အစိုးမှ နောက်ကွယ်မှ စီစဉ် ဆောင်ရွက်နေကြောင်း ဝေဖန် စွပ်စွဲပြောဆိုမူ များလည်း ထွက်ပေါ်နေဟု သိရသည်။

Most read this week