အင်းလေး ခေါင်တိုင် ကိုင်းခြံမြေများ ပြန်ရရေး ရွာသားများ တိုင်တန်း

အင်းလေး ခေါင်တိုင် ကိုင်းခြံမြေများ ပြန်ရရေး ရွာသားများ တိုင်တန်း
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေး ဒေသ ခေါင်တိုင်ကျေးရွာတွင် ကိုင်းခြံမြေများ သိမ်းဆည်းခြင်း ခံရသည့် ရွာသားများက ၎င်းတို့၏ မြေများ ပြန်လည် ရရှိလိုမှုဖြင့် မေလ ၁၇ ရက်နေ့က ပြည်နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံတိုင်တန်း ထားကြောင်း သိရှိရသည်။

hupin__bungalows

မြေပိုင်ရှင် ၁၄ ဦးက လက်မှတ်ရေးထိုးထားသည့် အဆိုပါ တိုင်တန်းစာတွင် သူတို့၏ ကိုင်းခြံမြေများကို လွန်ခဲ့ သည့် လေးနှစ်ကတည်းက ဟူပင်ဟိုတယ်ပိုင်ရှင်က ဟိုတယ်တိုးချဲ့ရန် သိမ်းဆည်းခဲ့ကြောင်း၊ထိုအတွက်ထိုက် တန် သည့် လျော်ကြေးငွေ (သို့မဟုတ်) ၎င်းမြေများ၌ ပြန်လည် စိုက်ပျိုးခွင့်ရရှိရေးအတွက်“ဥပဒေနှင့်အညီ” ဆောင်ရွက် ပေးပါရန် တင်ပြလျှောက်ထားသည်ဟု ပါရှိသည်။

ထိုတိုင်တန်းစာကို ဒု-သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်နယ်ဝန်ကြီးချုပ်၊အင်းတိုင်းရင်းသားရေးရာ ဝန်ကြီး၊ ကမ္ဘာ့အလုပ်သမားများအဖွဲ့ချုပ်(ILO) အပါအဝင် အခြားဌာန ၁၈ ခုတို့ထံလည်းလိပ်မူ၍မိတ္တူပေးပို့ ထားသည် ဟု သိရှိရသည်။

လျော်ကြေး တစ်စုံတစ်ရာရရှိခြင်း မရှိဘဲ ၂၀၀၇ ခုနှစ် ကတည်းက မြေအသိမ်းခံခဲ့ရသော်လည်းမြေပိုင်ရှင်များ က မည်သို့ တိုင်တန်းရမည်ကို နားမလည်သောကြောင့် တိုင်တန်းခြင်း မပြုခဲ့ပေ။  ယခုအခါ မိမိတို့ဘက်မှ လိုက်ပါ ဆောင် ရွက်ပေးမည့်သူများ ပေါ်ထွက်လာသဖြင့် အဆိုပါ မြေပိုင်ရှင် ၅၀ ဦးထဲကမှ ကိုင်းခြံမြေ နှစ်စဉ် အခွန်အခ ပြေစာများ လက်ဝယ်ရှိသူ တချို့နှင့် တိုင်ရဲသူတချို့က ယခုကဲ့သို့ တိုင်းတန်းခဲ့ခြင်းဖြစ်သည်ဟု ဆို၏။

လိုက်ပါဆောင်ရွက်ပေးသူများနှင့် တိုင်တန်းသူ ကိုင်းခြံမြေပိုင်ရှင်များသည် ယခုလ ၁၇ ရက်နေ့က အင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးဝင်းမြင့်နှင့် တွေ့ဆုံခွင့်ရခဲ့ကြသည်။ ထိုတွေ့ဆုံပွဲတွင် ပါ၀င်သူ တဦးဖြစ်သူ ကိုချစ်ဦးမောင်က “အင်းတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဝင်းမြင့်နဲ့ အဲဒီ တိုင်တဲ့ နေ့မှာဘဲ တွေ့ခဲ့တယ်။ သူက ဟူပင် ဟိုတယ်နဲ့ ဆွေးနွေးပြီး ပြေ လည်အောင် ဆောင်ရွက်ပေးမယ်လို့ ပြောတာပဲ” ဟု ပြောသည်။

၎င်းကိစ္စနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်ကိုဆက်သွယ် ရာ ခရီး ထွက်သွားကြောင်း သိရှိရသည်။ ဟူပင်ဟိုတယ်ကို ဆက်သွယ်မေးမြန်းရာတွင်လည်း တစ်စုံတစ်ရာ ပြန်လည် ဖြေကြားခြင်း မရှိပေ။

ဟူပင်ဟိုတယ်က  ခေါင်တိုင်ကျေးရွာနေ မြေပိုင်ရှင် ၅၀ ထံမှ ကိုင်းခြံမြေ ၁၈ ဧကကို သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။ အင်းလေးဒေသတွင်လက်ရှိ မြေတစ်ဧက ပေါက်စျေးမှာ သိန်း ၁၀၀ ၀န်းကျင် ဖြစ်သည်။ထိုကိုင်းခြံ မြေများ၌ ဒေသခံများက မိသားစု စားဝတ်နေရေး၊ သားသမီး ပညာရေးအတွက် အာလူး၊ ကြက်သွန်၊ ငရုတ် တို့ကို  ထွန်ယက်စိုက်ပျိုး၍ ရပ်တည်လာခဲ့ကြခြင်း ဖြစ်သည်။

“ကျနော်တို့က အဓိက ကိုင်းခြံမြေ ပြန်လိုချင်တယ်။ ကိုင်းခြံမြေအသိမ်းခံရပြီးနောက်ပိုင်းကတည်းက တခြားသူတွေ ရဲ့ ကိုင်းခြံမြေတွေမှာ သွားလုပ်ကိုင်စားသောက် နေရတယ်။ အဆင်မပြေလို့သားသမီးတွေ ကိုပညာမသင်ပေးနိုင် ဘူး” ဟု မြေသိမ်းခံရသူ တစ်ဦးက ပြောပါသည်။

၎င်းကိုင်းခြံမြေပိုင်ရှင်များမှာ တည်ဆဲဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ခဲ့သဖြင် တရားဝင်လုပ်ကိုင်ခွင့်ရှိ သူများ အဖြစ် အစိုးရမြေတိုင်းဦးစီးဌာနနှင့် လယ်ယာစိုက်ပျိုးရေးဦးစီးဌာနက ၁၉၉၄ ခုနှစ်ကတည်းက သတ်မှတ် အတည်ပြု ခဲ့ပြီး ဖြစ်သည်။

အလားတူ ညောင်ရွှေမြို့နယ် လင်းတင်းနှင့် ရေဦးရွာမှ ကိုင်းခြံမြေ အသိမ်းခံရသော မြေပိုင်ရှင်များလည်း သက်ဆိုင်ရာအာဏာပိုင်များသို့ ၎င်းတို့၏ မြေ ပြန်လည် ရရှိလိုကြောင်း တိုင်တန်း ထားသည်ဟုအထက် ဖော်ပြပါ မြေသိမ်းခံရသူထံမှ သိရှိရသည်။

Most read this week