ကရင်နီပြည်နယ်တွင် ယခင်နှစ်ကမိုးခေါင်ရေရှား ဖြစ်ခဲ့သည့်အတွက် တောင်ယာခုတ်သူများနှင့် လယ်ယာလုပ်သူတို့မှ ရေရှားပါးသည့်ပြဿနာနှင့် ရင်ဆိုင်ခဲ့ရပြီးစိုက်ပင်များမအောင်ဘဲသီးနှံထွက် နှုန်း နည်းပါးခဲ့သည်။
ယခုနှစ်မှာမူ အချိန်နှင့်မကိုက်ညီဘဲ မိုးရွာသွန်းသည့်အတွက် ယာခင်းမီးရှို့ရာတွင် မီးမလောင်သောကြောင့် စိုက်ခင်းမြေလွှာများပျက်စီးပြီး သီးနှံများ မအောင်မည်ကို စိုးရိမ်၍ တောင်ယာခုတ်သူများ ယခင်နှစ်များထက် လုပ်အားနှစ်ဆတိုး၍ ကြိုးပမ်းနေကြရသည်ဟု သိရသည်။
“တောင်ယာက မီးရှို့ပြီးပြီ ဒါပေမယ့် အကုန်မလောင်ဘူး။ နည်းနည်းကြီးတဲ့ သစ်ကိုင်းတွေ၊ သစ်ပင်တွေ မလောင်ဘူး။ ဘယ်လိုလုပ်ရမလဲ မသိဘူး။ မိုးကလည်း သူ့ရာသီ မဟုတ် ရွာတော့ ကျနော်တို့ တောင်ယာက မီးကောင်းကောင်း မလောင်ဘူး” ဟု ကရင်နီပြည် ဘောလခဲမြို့နယ် ရွာသစ်ကျေးရွာမှ တောင်ယာလုပ်သော ဒေသခံတစ်ဦးက ပြောသည်။
လွိုင်ကော်၊ ဖာဆောင်း၊ ဖရူဆို စသည့် တခြားမြို့နယ်များမှာလည်း မိုးစောစီးစွာ ရွာချသည့်အတွက်တောင်ယာ မီးမလောင်သည့် ပြဿနာနှင့် ရင်ဆိုင်နေကြရသည်ဟု သိရသည်။
“လူထုတွေက တစ်ခုပြီး တစ်ခု အဲလို လေဘေးနဲ့ကြံုလိုက်၊ တခါတလေ မိုးခေါင်ရေရှားနဲ့ ကြံုလိုက်၊နောက်ခ ုကျတော့ မိုးစောလွန်းတယ် ဆိုပြီးတော့မှ တောင်ယာမီးမလောင်နဲ့ ကြံုလိုက်ဆိုတော့ လူထုဒုက္ခကတော့ တစ်မျိုးပြီး တစ်မျိုးပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။
တောင်ယာခင်းများ မီးကောင်းမွန်စွာ မလောင်နိုင်ပါက မြေဆီလွှာမကျက်ခြင်း၊ မြေသားများမာခြင်း၊စိုက်ပျိုး ပင်များ ရှင်သန်ကြီးထွားရန်အတွက် နှောင့်နှေးစေပြီး အပင်များသေစေခြင်း၊ ပေါင်းထူခြင်း၊အပင်မသန်ခြင်း များ ဖြစ်တတ်သည်ဟု တောင်ယာလုပ်သူတို့က ဆိုသည်။ ထို့ကြောင့် မြေဆီလွှာများမပျက်စီးရန်ပိုမိုဂရုစိုက်မှု များ လုပ်လာကြရသည်။