သစ္စာဖောက်ခံရသော သူပုန်အကျဉ်းထွက် များနှင့် တွေ့ဆုံခြင်း

သစ္စာဖောက်ခံရသော သူပုန်အကျဉ်းထွက် များနှင့် တွေ့ဆုံခြင်း
by -
ကိုပေါက်

နယူးဒေလီ (မဇ္စျိမ)  ။      ။ ၁၃ နှစ်ကြာချုပ်နှောင် ခံခဲ့ရသော ရခိုင်နှင့် ကရင် မျိုးချစ်သူပုန် ၃၁ ဦး သည် ကြာသပတေး နေ့လည်ပိုင်းတွင် အိန္ဒိယနိုင်ငံ ကိုလ်ကာတာမြို့ရှိ Presidency အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက် လာခဲ့သည်။

freedomfigher1ss

တိုင်းရင်းသားလူမျိုးများ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် မြန်မာစစ်အစိုးရကို တော်လှန်နေသည့် ကရင်အမျိုးသား အစည်းအရုံး KNU နှင့် ရခိုင်အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ NUPA မှ တပ်ဖွဲ့ဝင်များ ဖြစ်သည်။

အိန္ဒိယ စစ်ထောက်လှမ်းရေး အရာရှိတဦး အစီအစဉ်ဖြင့် ကပ္ပလီပင်လယ် အန္ဒမန်ကျွန်းစုရှိ လန်းဖောကျွန်း၌ စစ်မျက်နှာ ဖွင့်နိုင်ရေးအတွက် လာရောက်စဉ် ၁၉၉၈  ဖေဖော်ဝါရီလ ၁၁ ရက်တွင် ဖမ်းဆီးခံခဲ့ရသည်။ ၎င်းတို့ ခေါင်းဆောင် ၆ ဦးလည်း ထိုကျွန်း၌ပင် အိန္ဒိယအာဏာပိုင်များ၏ သတ်ဖြတ်ခံခဲ့ရသည်။

CBI အမည်ရှိ အိန္ဒိယ ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့က ၁၉၉၈ ဖေဖော်ဝါရီ ၁၈ နေ့စွဲဖြင့် ပထမသတင်းပေး တိုင်တန်းချက် FIR အပေါ် အခြေခံ၍ သူတို့ကို အိန္ဒိယသို့ တရားမဝင် ခိုးဝင်မှု၊ လက်နက်နှင့်ပေါက်ကွဲစေ တတ်သော ပစ္စည်းများ လက်ဝယ်ထားမှုဖြင့် တရားစွဲခဲ့သည်။

 ခင်ဗျားတို့ ကျနော်တို့က ညီအကိုပဲ၊ လက်မြှောက်ရမယ် ဆိုရင်လည်း ကျနော်တို့လူကြီးတွေ လာပါစေအုံး၊
 စောင့်အုံးမယ်လို့ ပြန်ပြောတယ်။ ဘာတွေ ဆွေးနွေးထားတယ်ဆိုတာ မသိဘူးတဲ့၊ ဒါကြောင့် လက်သာမြှောက်ပါတဲ့။ ...

အထိန်းသိမ်းခံကာလ ၁၂ နှစ်နှင့် ရုံးတင်ကာလ ၄ နှစ်နီးပါးအကြာတွင် သူပုန်များဘက်က အိန္ဒိယနိုင်ငံ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၆၅ (ခ) အရ လျှောက်ထားနိုင်ခဲ့သည်။ အဆိုပါ လျှောက်ထားမှုကို သဘောတူကာ ထိန်းသိမ်းခံထားရသူ ၃၄ ဦးကို တဦးလျှင် ဒဏ်ငွေ ရူပီး ၆ဝဝဝ ဆောင်စေကာ ထောင်ဒဏ် ၃ နှစ်လည်း ချမှတ်ခဲ့သည်။ သို့သော် သူတို့အနေဖြင့် အဆိုပါပြစ်ဒဏ်ကို ကျခံပြီးဖြစ်သည့်အတွက်ပယ်ဖျက်ပေးခဲ့ သည်။ စုစုပေါင်း အထိန်းသိမ်း ၃၄ ဦးအနက် ယနေ့ ၃၁ ဦးသာ ပြန်လွတ်လာခဲ့ပြီး ကျန် ၃ ဦးမှာ အခြားအမှု အခင်း များဖြင့် တရားရင်ဆိုင်ရန် ဆက်လက် ချုပ်နှောင်ခံရဆဲ ဖြစ်သည်။

မျိုးချစ်သူပုန် ၃၁ ဦးထဲမှ ၃ ဦးကို ၎င်းတို့ ခံစားချက်၊ လန်းဖောကျွန်းနှင့် ထောင်တွင်း အတွေ့အကြံု၊ အနာဂတ် ရည်ရွယ်ချက်များကို သိရှိနိုင်ရန် မဇ္စျိမသတင်းထောက် ကိုပေါက်က ဆက်သွယ်မေးမြန်းထားပါသည်။

ဓညလင်း
(ရခိုင်အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ NUPA)

မူလတန်းကျောင်းအုပ် ဦးထွန်းအောင်၏ မွေးချင်း ၄ ဦးအနက် တဦးတည်းသော သားဖြစ်သည်။ စစ်တွေ ကောလိပ်တွင် သမိုင်းအဓိက ဘာသာရပ်ဖြင့် ဒုတိယနှစ်အထိ တက်ရောက်ခဲ့သည်။ ၁၉၈၈ သြဂုတ်လ စစ်ကိုင်းနှင့် မော်လမြိုင်မြို့ လူထုဆန္ဒပြပွဲကြီးများတွင် ပါဝင်လှုပ်ရှားခဲ့သည်။ ထို့နောက် ရခိုင် ကျောင်းသား လူငယ်များ ကွန်ဂရက် ASYC ဖွဲ့စည်းတည်ထောင်ရာ၌ ဦးဆောင်ပါဝင်ခဲ့သည်။ ထို့ပြင် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲဝင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD မဲဆွယ်ပွဲများအတွက်လည်း ပါဝင်ကူညီခဲ့သည်။ နောက်ပိုင်း တွင် စစ်ထောက်လှမ်းရေးက လိုက်လံဖမ်းဆီးမှုများကြောင့် ၁၉၉ဝ မှာပင် ထိုင်-မြန်မာနယ်စပ်သို့ ထွက်ခွာလာ ခဲ့သည်။ ၁၉၉၅ စက်တင်ဘာ ၂၇ ရက်နေ့တွင် ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များ အစည်းအရုံး AASYC ကို ဖွဲ့စည်းရာ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ရခိုင်လွတ်မြောက်ရေးပါတီ ALP ထဲ ဝင်ရောက်ခဲ့ သည်။ ၁၉၉၇  မတ်လ ၄ ရက်တွင် ရခိုင်ပါတီ ၄ ခု ပေါင်းပြီး NUPA ခေါ် ရခိုင်အမျိုးသားစည်းလုံးညီညွတ်ရေး ပါတီကို ဖွဲ့စည်းရာ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖြစ်ခဲ့သည်။

အခုလို လွတ်လာတာ ဘယ်လိုခံစားရလဲဗျ။

ပျော်တာပေါ့ခင်ဗျာ။ ၁၃ နှစ် ၃ လနဲ့ ၆ ရက်ဆိုတော့ ကျနော်တို့ရဲ့ဘဝကတော့ တဆစ်ချိုး ပြောင်းလဲလာတော့ တာပေါ့။ ဒီလောက်အချိန်တွေ ကြာပြီးမှ ပြန်လွတ်လာရတော့ အများကြီး ဝမ်းသာရပါတယ်။ ၃ ယောက် ကျန်ခဲ့တဲ့အတွက်တော့ စိတ်မကောင်းဘူးပေါ့ဗျာ။

ကျန်းမာရေးအခြေအနေကော ဘယ်လိုရှိပါသလဲခင်ဗျ။

ကောင်းကြပါတယ်။

ရခိုင်တော်လှန်ရေးထဲကို ဘယ်လို စပြီး ဝင်ရောက်လာခဲ့တာလဲခင်ဗျာ။

အဲဒီတုန်းက မဆလနဲ့ နဝတ အစိုးရတွေရဲ့ ပြည်သူလူထုအပေါ် မတရားရက်စက်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတွေကို ကျောင်းနေအရွယ်ကတည်းက စခံစားသိမြင်လာခဲ့ပါတယ်။ ဒီအစိုးရတွေ ပြောင်းမှဖြစ်မယ်ဆိုတာ သိခဲ့ပါ တယ်။ အဲဒီအချိန်မှာ ၈၈၈၈ အရေးအခင်း ပေါ်ပေါက်လာတယ်ပေါ့။ အဲဒီအရေးအခင်းမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပါတီတွေထောင်တော့ ရခိုင်ကျောင်းသားပါတီမှာ ပါဝင်ခဲ့ပါတယ်။ရွေးကောက်ပွဲ မှာ တော့ ဝင်မပြိုင်ခဲ့ပါဘူး။ ALD တို့၊ NLD တို့ ပါတီကြီးတွေ မဲနိုင်ဖို့ပဲ လုပ်ခဲ့ပါတယ်။ ရွေးကောက်ပွဲပြီးတော့ အာဏာလွှဲမပေးတဲ့အပြင် ပါတီတွေကို မတရားအသင်း ကြေညာလိုက်တော့ ဒီတိုင်းဆို အဖမ်းခံရတော့မှာ ဆိုပြီး ထိုင်းနယ်စပ်ကို တိမ်းရှောင်လာရပါတယ်။ ထိုင်းနယ်စပ်က ကရင်တို့၊ ABSDF တို့၊ မွန်အဖွဲ့တို့က အများကြီး အကူအညီ ပေးကြပါတယ်။ ကျနော်တို့ကလည်း ရခိုင်ကျောင်းသားအဖွဲ့ AASYC ကို ၁၉၉၅ မှာ ထူထောင်ခဲ့ပါတယ်။ နောက်ပြီး ကျနော်ဟာ ရခိုင်လွတ်မြောက်ရေးပါတီဖြစ်တဲ့ ALP အဖွဲ့ဝင်တယောက် ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာ ပင်လယ်ထဲမှာ တာဝန်ယူဖို့ တာဝန်ပေးပါတယ်။

လက်နက်ကိုင် အဖွဲ့အစည်းထဲကို ဘယ်တုန်းက စတင်ဝင်ရောက်ခဲ့ပါသလဲ။

AASYC ကလည်း အဲဒီတုန်းက လက်နက်ကိုင် အဖွဲ့အစည်းပါပဲခင်ဗျ။ အဲဒီတုန်းကလည်း NUPA ဟာ ရခိုင်တိုင်းရင်းသား အဖွဲ့အစည်းတွေ စုစည်းထားတဲ့ အဖွဲ့ကြီးတခု ဖြစ်ပါတယ်။ အဲဒီထဲကို ဝင်ခဲ့ပါတယ်။

freedomfigher2s
ဘယ်လိုမျှော်လင့်ချက်တွေနဲ့ လန်းဖော (အန္ဒမန်ကျွန်းစု) ကို ပင်လယ်ခရီး ထွက်လာခဲ့ရတာလဲခင်ဗျ။

လန်းဖောကျွန်းကို ကျနော်တို့လာရတာက အိန္ဒိယအစိုးရရဲ့ ဖိတ်ခေါ်ချက်နဲ့လာတာ။ ကျနော်တို့ NUPA ဟာ အိန္ဒိယအစိုးရကို အကူအညီပေးခဲ့သလို အိန္ဒိယအစိုးရကလည်း ကျနော်တို့ကို တစုံတရာအကူအညီပေးခဲ့ ပါတယ်။ ၁၉၉၅ နဲ့ ၉၇ အတွင်းမှာ ကျနော်တို့နဲ့ အိန္ဒိယအစိုးရ ဆက်ဆံရေး ကောင်းမွန်ခဲ့ပါတယ်။တော်တော် လေးကို ကောင်းမွန်ခဲ့ပါတယ်။ ကျနော်တို့ရဲ့ ဌာနချုပ်ကို အိန္ဒိယနိုင်ငံတွင်းက မီဇိုရမ်ပြည်နယ် ပရာဗာမှာ တည်ထောင်ခွင့် ပေးထားခဲ့ပါတယ်။ အဲဒီချိန်မှာ အန္ဒမန်နဲ့ နီကိုဘာကျွန်းစုထဲက ကျွန်းတကျွန်းကိုနေထိုင်ခွင့် ပေးဖို့ သဘောတူညီခဲ့ပါတယ်။ အဲဒါကို အိန္ဒိယ စစ်ထောက်လှမ်းရေးက သဘောတူခဲ့ပါတယ်။အဲဒီသဘော တူညီချက်ကြောင့် ကျနော်တို့ လန်းဖောကျွန်းကို လာခဲ့တာဖြစ်ပါတယ်။ အိန္ဒိယ အစိုးရက ကျနော်တို့ကို လက်နက်တွေ တပ်ဆင်ပေးမယ်၊ ကျနော်တို့ရဲဘော်တွေကို စစ်သင်တန်းတွေပေးမယ်၊ ပြီးတော့ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် ဖြတ်သန်းတဲ့အခါ အချက်အခြာကျတဲ့ နေရာဖြစ်လို့ အဲဒီမှာ တထောက်နားခွင့် နေရာပေးမယ်။ ကျနော်တို့က ဒါကိုတောင်းဆိုခဲ့လို့ အိန္ဒိယအစိုးရက ကျနော်တို့ကို ကတိပေးပြီးတော့ အဲဒီကျွန်းကို ပေးမယ်ဆိုပြီး ခေါ်လို့ ကျနော်တို့ လာခဲ့တာ ဖြစ်ပါတယ်။

လာခဲ့တုန်းက စုစုပေါင်း ဘယ်နှယောက်လဲဗျ။

ငါးဖမ်းသမားတွေရောဆို စုစုပေါင်း ရ၂ ယောက်ပါ။

အန်ဒမန်ကျွန်းရောက်ပြီး အဖမ်းခံလိုက်ရတဲ့ နောက်မနက် အဖြစ်အပျက်လေးတွေကို ပြန်ပြောပြပေးပါအုံး ခင်ဗျ။

၈ ရက်နေ့ကနေ စထွက်လာပြီးတော့ ၁ဝ ရက်နေ့ ညနေ ၄ နာရီမှာ ကျနော်တို့ လန်းဖောကျွန်းကိုရောက်ပါ တယ်။ အဲဒီ လန်းဖောကျွန်းမှာ ကျနော်တို့ရဲ့ အိန္ဒိယတာဝန်ခံဖြစ်တဲ့ ဗိုလ်မှူးစောထွန်းနဲ့သူ့လက် ထောက် ကိုရန်နိုင်တို့ကို တွေ့ပါတယ်။ သူတို့နဲ့အတူ အိန္ဒိယထောက်လှမ်းရေး ဂရေးဝေါ ရှိနေပါတယ်။ ကျနော်တို့ ရောက်တဲ့အခါ လှိုက်လှိုက်လှဲလှဲ ဝမ်းပန်းတသာနဲ့ ကြိုဆိုကြပါတယ်။ အဲဒီညမှာ ဘာမှပြဿနာမရှိ ပါဘူး။ သူငယ်ချင်းလိုပဲ ပျော်ပျော်ပါးပါး စားသောက်ပြီးတော့ အိပ်ကြပါတယ်။နောက်နေ့မနက် ကျတော့ ဂရေးဝေါက ဘာပြောလဲဆိုရင် အိန္ဒိယအစိုးရ တာဝန်ရှိသူတွေ ရဟတ်ယာဉ်နဲ့ လာမယ်တဲ့။

မနက်မိုးလင်း ကျနော်တို့ကျွန်းနားမှာ အိန္ဒိယရေတပ်ကို တွေ့ရပါတယ်ခင်ဗျ။ သူတို့ရဲ့ လူကြီးတွေဟာ အဲဒီမှာ ရှိတယ်ပေါ့၊ ရဟတ်ယာဉ်နဲ့ လာမှာပေါ့၊ အဲဒါကြောင့် ကြိုဆိုဖို့ နေရာလုပ်ပါတဲ့။ အဲဒါနဲ့ ကျနော်တို့ကပင်လယ် ကမ်းစပ် သောင်ပြင်မှာ အကုန်လုံး တက်နေကြပါတယ်။ အဲဒါပြီးတော့ ကျနော်တို့ လူကြီး ၅ ယောက်ဖြစ်တဲ့ ဗိုလ်ရာဇာ၊ ဗိုလ်မှူးစောထွန်း၊ ဗိုလ်ရန်နိုင်၊ ဗိုလ်လွန်းဇံခိုင်နဲ့ KNU က ပဒိုမူးလွေပါ။ သူတို့ ၅ ယောက်ကို ကျနော်တို့ ရပ်နေတဲ့ နေရာမှာ ရဟတ်ယာဉ်ဆင်းမယ့် နေရာ မရှိဘူးပေါ့။ အဲဒါကြောင့် ကျနော်တို့နဲ့ခပ်လှမ်း လှမ်း တောတန်းနောက်မှာ ကွင်းရှိတယ်ပေါ့။ အဲဒီကွင်းကို သွားရအောင်ဆိုပြီး အဲဒီ ၅ ယောက်ကိုခေါ်သွားပါ တယ်ခင်ဗျ။ ခေါ်သွားတုန်းက ၅ ယောက်ပါ။ 

ကျနော်တို့ ရခိုင်တော်လှန်ရေးကို အိန္ဒိယက ကူညီပေးမယ်ဆိုပြီး ယုံကြည်မှုကြောင့် ဒီလိုဖြစ်သွားရတာပေါ့။...

သူတို့ ထွက်သွားတော့ ခပ်လှမ်းလှမ်းအရောက် သူတို့ကိုကျနော်တို့က မမြင်ရတော့ပါဘူး။ တောတန်းနဲ့ ကွယ်သွားပါတယ်ခင်ဗျ။ ခဏနေမှ ခေါင်းပေါင်းနဲ့ ပန်ချာစစ်ဗိုလ်က ကျနော်တို့ရှေ့မှာ လာရပ်ပါတယ်။ သူက ဘာပြောလဲဆိုရင် ကျနော်တို့ ခင်ဗျားတို့ဟာ ညီအကိုတွေ၊ ဘာမှ မစိုးရိမ်ကြနဲ့ပေါ့၊ ခင်ဗျားတို့ဘာအကူအညီ လိုလဲ၊ လိုတဲ့ အကူအညီကို ကျနော်တို့ ကူညီသွားမယ်လို့ ပြောပါတယ်။ ခင်ဗျားတို့ လက်ကို မြှောက်ပါလို့ ပြောတယ်။ ကျနော်တို့က ဘာကြောင့် လက်မြှောက်ရလဲ၊ ခင်ဗျားတို့ ကျနော်တို့က ညီအကိုပဲ၊လက်မြှောက် ရမယ် ဆိုရင်လည်း ကျနော်တို့လူကြီးတွေ လာပါစေအုံး၊ စောင့်အုံးမယ်လို့ ပြန်ပြောတယ်။ ဘာတွေဆွေးနွေး ထားတယ်ဆိုတာ မသိဘူးတဲ့၊ ဒါကြောင့် လက်သာမြှောက်ပါတဲ့။ အဲလိုအချိန်မှာ စစ်သား ၃-၄-၅ဝ လောက်က ကျနော်တို့ ဘေးနားမှာနေပြီး ကျနော်တို့ကို သေနတ်တွေနဲ့ ချိန်ထားတာပေါ့။

အဲဒီအခါ ကျနော်တို့က သဘောပေါက်ပြီပေါ့။ ကျနော်တို့ကို သူတို့က အမိန့်ပေးနေပြီ၊ ကျနော်တို့ လက်ထဲမှာ ဘာမှ မရှိဘူးနေပါ့နော်၊ ခုခံစရာလည်း အကြောင်းမရှိဘူး။ သူတို့ခေါ်လို့ လာတာဆိုတော့ ကျနော်တို့ကလည်း လက်မြှောက်ရတာပေါ့။ နောက် ကျနော်တို့လက်တွေကို ကြိုးချည်တယ်၊ မျက်စိကို ပိတ်တယ်။ကျနော်တို့ကိုယ် ပေါ်က အဝတ်အစားတွေ အကုန်လုံး ချွတ်လိုက်ပါတယ်။ နောက် ကျနော်တို့ကို သဲသောင်ပြင်မှာလှဲခိုင်းလိုက် ပါတယ်။

အဲလိုလုပ်နေတဲ့ အချိန်အထိ KNU က ဗိုလ်မင်းဆွေဟာ ကျနော်တို့နောက်မှာ ရှိနေပါသေးတယ်။ ပို့ဘလဲကို ရောက်လို့ ပြန်စစ်ဆေးတဲ့အခါမှ သူလည်း ပျောက်တဲ့အထဲမှာ ပါသွားပါတယ်။ ကျနော်တို့ကို လက်မြှောက် ခိုင်းပြီးမှ သဲသောင်ပြင်မှာ မှောက်ခိုင်းပါတယ်။ မျက်စိပိတ်လိုက်လို့ ကျနော်တို့ ဘာမှ မမြင်ရတော့ပါဘူး။ ပထမတုန်းကတော့ ကျနော်တို့ ထင်တာက ကျနော်တို့နဲ့ အရပ်သားတွေ၊ လှေသားတွေ ပါလာတဲ့အတွက်တော့ မြန်မာအစိုးရ မသိရလေအောင် ဖုံးကွယ်ဖို့ လုပ်တာလို့ စဉ်းစားပါတယ်။

မျက်စိပိတ်နေရချိန်မှာ ကျနော်တို့လူကြီးတွေ သွားတဲ့ဘက်က သေနတ်သံ အချက် ၂ဝ ၊ ၃ဝ လောက် ကြားရပါတယ်။ ဒါပေမဲ့ ကျနော်တို့ ဘာမှ မတတ်နိုင်ပါဘူး။ ကျနော်တို့လက်ထဲမှာ တစုံတရာ ဘာမှ မရှိပါဘူး။ ဓားတောင် မပါတဲ့အတွက် ခုခံစရာလည်း အကြောင်းမရှိဘူး။ ကျနော်တို့လူကြီးတွေ ဒီလိုဖြစ်လို့ ဒေါသဖြစ် တာပေါ့၊ ဝမ်းနည်းပူဆွေးမိတာပေါ့။ အစားထိုးမရတဲ့ အရာတွေပါ။ ပိုက်ဆံတွေ၊ လက်နက်တွေ၊ ပစ္စည်းတွေကို ရှာလို့ ရပေမယ့် လူကြီးတွေကို ပြန်အစားမထိုးနိုင်ပါဘူး။

ဦးစိုးနိုင်
(ရခိုင်အမျိုးသား စည်းလုံးညီညွတ်ရေးပါတီ NUPA)

ဦးစိုးနိုင်ကို ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်တွင် ၁၉၅၄ ခုနှစ်က မွေးဖွားခဲ့သည်။ ၁၉၇ဝ တွင် ဓာတုဗေဒ အဓိကဖြင့် ရန်ကုန် ဝိဇ္ဇာ/သိပ္ပံတက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။ ၁၉၇ဝ ကျောင်းသားသမဂ္ဂအဆောက် အအုံ ပြန်လည် တည်ဆောက်ပေးရန် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့ပြီး မြကျွန်းသာ အမည်နှင့် ရခိုင်ဘာသာဖြင့် ရေးသားထားသည့် လက်ကမ်းစာစောင် ထုတ်ဝေခဲ့သည်။ ယင်းစာစောင်မှာ ဗိုလ်ချုပ်နေဝင်း အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖော်ပြသည့် စာစောင် ဖြစ်သည်။ စာတမ်းဝေမှုကြောင့် ဖခင်ဖြစ်သူကို အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

၁၉၇၄ တွင် သူတို့အဖွဲ့ ခေါင်းဆောင်အပါအဝင် အဖွဲ့သား ၂ဝ ကျော် ဖမ်းခံခဲ့ရပြီး ခေါင်းဆောင်ဖြစ်သူ မောင်သိန်းမြကို လူမြင်ကွင်းတွင် ခေါင်းဖြတ်သတ်ခဲ့သည်။ သူကိုုယ်တိုင်လည်း တောထဲတွင်အသတ်ခံရ မည့်ဆဲဆဲ စစ်ဌာနချုပ်က စစ်ဆေးမေးမြန်းစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်မှုကြောင့် သေဘေးမှလွတ်ခဲ့ရ သည်။

စစ်တွေတွင် တနှစ်ခန့် ထိန်းသိမ်းခံခဲ့ရပြီး ရန်ကုန်ထောင်သို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၇၆ ဇွန်တွင်ပြန်လွတ်လာ သည်။ သို့သော် ရန်ကုန်တွင် နေထိုင်ခွင့်မပေးဘဲ နေရင်း စစ်တွေသို့ ပြန်ခိုင်းခဲ့သည်။

ရန်ကုန်တွင် ဆက်လက်နေထိုင်သောကြောင့် စစ်ထောက်လှမ်းရေးတွေက နောက်ယောင်ခံတာကြောင့် ထိုင်း-မြန်မာ နယ်စပ် ထွက်ပြေးခဲ့သည်။

၁၉၈၈ လူထုအုံကြွမှုတွင် ထိုင်းဘက်သို့ ထွက်ပြေးလာသည့် ကျောင်းသားနှင့် လှုပ်ရှားသူများကို စားစရာ၊ ဆေးဝါးနှင့် နေစရာများ ကူညီပေးခဲ့သည်။ ယင်းနောက် သူပါဝင်လှုပ်ရှားသော NUPA ပါတီကို အိန္ဒိယ ထောက်လှမ်းရေးတွေက ဆက်သွယ်လာပြီး မြန်မာရေပိုက်နက်အတွင်းမှ တရုတ်ငါးဖမ်းလှေ လှုပ်ရှားမှုအတွက် အိန္ဒိယအစိုးရကို သတင်းပေးလုပ်ခိုင်းခဲ့သည်။ ထို့အတွက် အိန္ဒိယအစိုးရက NUPA ကို အန္ဒမန်ကျွန်းစု၏ မြောက်ဘက်အကျဆုံး လန်းဖောကျွန်းကို အသုံးပြုခွင့်ပေးခဲ့သည်။

ဦးစိုးနိုင်မှာ ၁၉၉၈  ဖေဖော်ဝါရီ ၆ ရက်တွင် ၁ဝ ရက်နေ့တွင် လန်းဖောကျွန်း သွားနိုင်အောင် စီစဉ်ပေးမည်ဟု ခေါင်းဆောင် ခိုင်ရာဇာ အမိန့်အရသွားရာတွင် ဖမ်းဆီးခံခဲ့ရသည်။

freedomfigher19
အခုလို ပြန်လွတ်လာတာ ဘယ်လိုခံစားရလဲ။

နှစ်ကြာကြီး ထောင်ထဲမှာ နေလာရပြီး ဒီနေ့လွတ်တော့ ပျော်တော့ပျော်တာပေါ့။ ဒါပေမဲ့ နှစ်ကြာလာတော့ ဆုံးရှုံးမှုတွေ ရှိတာပေါ့။ ၁၃ နှစ်ဆိုတာ ကျနော်တို့လုပ်ငန်းတွေ၊ ကျနော်တို့ရဲ့ တော်လှန်ရေးခရီးအတွက်  ဆုံးရှုံးတာပေါ့။

ဘာတွေဆက်လုပ်မယ်လို့ စိတ်ကူးရှိလဲဗျ။

အဆက်အသွယ်တွေက ပြတ်နေတော့ အပြင်ရောက်မှ စဉ်းစားပြီးတော့ လုပ်ကြရမှာပါ။ အခုအခြေအနေက ဘာမှ မသိသေးဘူး။

ဒီ ၁၃ နှစ်တာ ထောင်တွင်းဘဝကို ခြံုငုံပြီးတော့ ဘယ်လိုပြောနိုင်မလဲခင်ဗျ။

တော်လှန်ရေးလုပ်တာက ဗမာပြည် ဒီမိုကရေစီအရေးလုပ်တာ အိန္ဒိယထောင်မှာ အချိန်ကုန်သွားသလို ဖြစ်တာပေါ့။ ကျနော်တို့က အိန္ဒိယကို ကူညီပေးခဲ့ရပြီးမှ သူတို့က ကျနော်တို့ကို ဒီလိုလုပ်လိုက်တာ ကျနော်တို့ရင်ထဲမှာ ခံစားရတာပေါ့ဗျာ။ ကျနော်တို့ ရခိုင်တော်လှန်ရေးကို အိန္ဒိယက ကူညီပေးမယ်ဆိုပြီး ယုံကြည်မှုကြောင့် ဒီလိုဖြစ်သွားရတာပေါ့။

ဒီလို ၁၃ နှစ်တာအတွင်းမှာ ဘာအကျိုးအမြတ်တွေများ ရခဲ့ပါသလဲ။

ခံနိုင်ရည် ရှိသွားတာပေါ့ဗျာ။ ပိုလို့ ခိုင်မြဲသွားတယ်လို့ ခံစားရတယ်။

ဒီလိုလွတ်မြောက်လာအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူတွေကို ဘာများပြောချင်ပါသလဲ။

ဝိုင်းဝန်းကြိုးစားပေးတဲ့ တော်လှန်ရေး အဖွဲ့အစည်းအားလုံး၊ မြန်မာပြည်သား အားလုံးကို အများကြီး ကျေးဇူးတင်ပါတယ်။

စောချာတိုးတိုး
(ကရင်အမျိုးသား အစည်းအရုံး KNU)

အခုလို လွတ်မြောက်လာခဲ့တာ ဘယ်လိုခံစားရလဲ။

အာ… သိပ်ပျော်တာပေါ့ဗျာ။ ဒီမိုကရေစီအဖွဲ့အစည်းတွေကိုလည်း ဒီလိုလွတ်မြောက်အောင်ကြိုးစားပေးတဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ဘယ်လိုပြောရမှန်း မသိအောင် တအားဝမ်းသာသွားတယ်ကွာ။

ထောင်ထဲမှာ နေခဲ့ရတာ ဘယ်လိုခံစားရလဲ။

ထောင်ကတော့ ခံစားရတာပေါ့။ စိတ်ကတော့ အမြဲပင်ပန်းနေတာပေါ့။

ဘာတွေ ဆက်လုပ်သွားမလဲ။

ဒီမိုကရေစီ မရမချင်းကတော့ ဆက်ကြိုးစားသွားရမှာပေါ့။ အားလျှော့စရာလည်း မလိုပါဘူး။ အခုဟာက သင်ခန်းစာပေါ့ဗျာ။ အားဆေးတခွက်ပေါ့။ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်တောင် နှစ်ပေါင်းမနည်းခံခဲ့ရ တာပဲ။ သူက အမျိုးသမီးတယောက်တောင် အားမလျှော့ဘဲ တွန်းလှန်နိုင်တယ်ဆိုရင် ကျနော်တို့က သူ့ကို အတုယူရမှာပေါ့ဗျာ။ ကျနော်တို့ ဒီမိုကရေစီရဖို့၊ အမျိုးသားလွတ်မြောက်ဖို့ အမြဲ တာဝန်ရှိတယ်လို့ယူဆပါ တယ်။

မိခင်အဖွဲ့အစည်း KNU ကိုရော ဘာများ နှုတ်ခွန်းဆက်စကား ပြောချင်ပါသေးလဲ။

ဘာမှ အထူးအထွေ မရှိပါဘူး။ တယောက်နဲ့တယောက် အားပေးရမှာပေါ့။

Most read this week