လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဟု ဒေါ်စုပြော

လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဟု ဒေါ်စုပြော
by -
မျိုးသိဏ်း

ရန်ကုန် (မဇ္စျိမ) ။      ။ သမ္မတ အမိန့်ဖြင့်အကျဉ်း သားများ လွှတ်ပေးသည်ကိုလွတ်ငြိမ်းချမ်းသာခွင့် ဟု မခေါ်နိုင်ဘဲ ပြစ်ဒဏ်လျှော့ပေးခြင်းဟုသာ ခေါ်ဆိုနိုင်မည်ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြာသပတေးနေ့တွင် ပြောဆိုလိုက်သည်။

အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက်ဝိုင်ယွန်းကို နေအိမ်တွင် ၂ နာရီကျော်ကြာ လက်ခံတွေ့ဆုံအပြီး  သတင်းထောက်များ၏ အမေးကို ပြန်ဖြေခဲ့ခြင်း ဖြစ်သည်။

da1"Amnesty (လွတ်ငြိမ်းချမ်းသာခွင့်) ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး စဉ်းစားစရာ ဖြစ်နေတယ်။ ဒါနဲ့ရှည်ရှည်ဝေးဝေး ပြောမနေရအောင်လို့ Dictionary (အဘိဓာန်)ထဲမှာကြည့် လိုက် တယ်။ Amnesty ဆိုတာ အားလုံးလွတ်ငြိမ်းချမ်းသာ ခွင့် ပေးတဲ့ သဘောပဲ။ အဲဒီတော့ ဒါကို Amnesty လို့တော့ မပြောနိုင်ဘူး။ ဒီဟာက Sentence ကို Commute လုပ်တာ ပေါ့။ ပြစ်ဒဏ်ကို လျှော့ပေါ့ပေးတဲ့ သဘောပဲ ရှိတာပေါ့။ သေဒဏ်ပေး ထားတဲ့သူကို တသက်တကျွန်း၊ ကျန်တဲ့သူ တွေကို တနှစ်စီလျှော့တယ်ဆိုတော့ ဒါ ပြစ်ဒဏ်လျှော့တဲ့ သဘောပဲလေ၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးတာမှ မဟုတ်တာ" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အမေရိကန် ကိုယ်စားလှယ်က လက်ရှိအစိုးရနှင့် အကျဉ်းသား လွှတ်ပေးရေးအပေါ် အမြင်များကို မေးမြန်းခဲ့သည်ဟုဆိုသည်။

သဘောထားချင်း မတူသူများနှင့် စပ်ဆက်မှုရှိမှ တူညီသည့် သဘောထားရနိုင်မည် ဖြစ်သောကြောင့် အစိုးရနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တိုက်ရိုက်ထိတွေ့ဆက်ဆံရေး လမ်းစဉ်အပေါ် ယုံကြည်ကြောင်း
 ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သေးသည်။ ထို့အပြင် လာမည့် တလ၊ နှစ်လအတွင်း နယ်မြို့များသို့ ခရီးထွက်နိုင်မည်ဟု ခန့်မှန်းသည်။

မေလ ၁၇ ရက်နေ့တွင် သမ္မတက အကျဉ်းသားများ ထောင်ဒဏ်တနှစ် လျှော့ပေးခဲ့ရာ နိုင်ငံတဝှမ်းမှ အကျဉ်းသား ၁၄၆ဝဝ လွတ်မြောက်ခဲ့သည်။

နောက်ဆုံး စုံစမ်းသိရှိရသည့် စာရင်းများအရ လွတ်မြောက်လာသည့် အကျဉ်းသားများအနက်နိုင်ငံရေး အကျဉ်းသား ၅၅ ဦး (ဝ.၃ ရာခိုင်နှုန်း) သာ ပါဝင်ပြီး NLD ပါတီဝင် ၂၇ ဦး ပါဝင်ကြောင်း သိရသည်။