ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ထီဖိုးသံ ကျေးရွာမှာအခြေချထားသည့် ခမရ(၂၀၈) စစ် ကြောင်း (၂) တပ် စခန်းကိုခုတ်ထွင်ရှင်းလင်းရန် အတွက် ဒေသခံရွာသားများအပေါ် နယ်မြေခံ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ထီဖိုးသံကျေးရွာမှာအခြေချထားသည့် ခမရ(၂၀၈)စစ်ကြောင်း (၂) တပ် စခန်းကို ခုတ်ထွင်ရှင်းလင်းရန်အတွက် ဒေသခံရွာသားများအပေါ် နယ်မြေခံစစ်တပ်မှယခု ရက်ပိုင်းတွင် အတင်းအဓမ္မလုပ်အားပေးစေခိုင်းမှုများပြုလုပ်ခဲ့သည်ဟု တဒေသခံရွာသားများကပြောပါ သည်။ ယခုလို လုပ်အားပေးစေခိုင်းခံရသည့်အထဲတွင် အမျိုးသမီးအများစုပါ၀င်သည်ဟုဒေသခံတစ်ဦးမှ ယခုလိုပြောပါသည်။
“ထီဖိုးသံရွာရဲ့ဥက္ကဌသူကြီးမကိုမှာလိုက်တယ်။ (၁၇)ရက်နေ့မှာ တစ်အိမ်တစ်ယောက်သွားခုတ်ရမယ်။ အဲတာလူက(၂၀၀)လောက်ဘဲသွားနိုင်တယ်။ ကျန်တဲ့(၁၈၀)ကမသွားနိုင်ဘူးပေါ့။ မနက် (၆) နာရီက (၁၂)နာရီအထိ တပ်စခမ်းတွေသွားခုတ်ရတယ်။ မိိန်းခလေးက(၁၅၀) ယောကျ်ားက(၅၀)။ ဗသသေချာချာ ရှင်းရတယ်။ ရွာရဲ့အရှေ့ဘက် အဲဒီတပ်စခမ်းကတော့ ဧရိယာအကျယ်အဝန်းကတော့(၁၀)ဧကရှိတယ်။ ပြီးလို့ရှိရင်ခြံရဲ့အပြင်ကို(၁၅)ကိုက် အဲတာခုတ်ပေးရတယ်။ ပါတ်ပါတ်လည်ဘဲ။”
ထီးဖိုးသံကျေးရွာစခန်းထိုင် ခမရ(၂၀၈) စစ်ကြောင်း (၂ )မှ ဗိုလ်ကြီးနေမျိုးအောင် ဦးဆောင်သည့် တပ်ဖွဲ့ကိုကရင်အမျိုးသားလွတ်မြောက်ရေးအမှတ်(၆)တပ်မဟာ စစ်ဗျူဟာလက်အောက်ခံအဖွဲ့ မှ ၀င်ရောက် ပတ်ခတ်မှုပြုလုပ်ပြီး နောက်နေ့မနက်တွင် ယခုလိုရွာသားများကိုတပ်စခန်းသို့ခုတ်ထွင် ရှင်းလင်းခိုင်းစေသည်ဟု ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကပြောပါသည်။ အဆိုပါထီဖိုးသံဒေသတွင် မြန်မာစစ်တပ်နှင့် ကရင်လက်နက် ကိုင်အဖွဲ့များအကြား မကြာခနတိုက်ပွဲတွေဖြစ်ပွါးနေသည်ဟုအဆိုပါ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါသည်။
ထီးဖိုးသံကျေးရွာတွင် အိမ်ခြေပေါင်း(၃၈၀)ရှိပြီး ပြီးခဲ့သည့်မာတ်ချ်လတုန်းကလည်းခမရ(၂၀၈) တပ်စခန်း ပြုပြင်ဆောက်လုပ်ရန်အတွက် ၀ါးအလုံး(၁၀၀၀) အမိုးအတွက်ဖက်ဗျစ်(၂၀၀)၊ တစ်အိမ်ကို ခြံစည်းရိုးတိုင်(၁၅)ချောင်းကိုမပျက်မကွက်သွားပို့ရန်စစ်တပ်မှတောင်းဆိုခဲ့သည်ဟုကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ကပြောသည်။
လက်ရှိမြန်မာနိုင်ငံရေးအခြေအနေအရ အစိုးရအသစ်ပေါ်ပေါက်လာသော်လည်း အတင်းအဓမ္မလုပ်အား ပေးစေခိုင်းမှုအပါအဝင် လူ့အခွင့်အရေးချိုးဖေါက်မှုများရှိနေဆဲဟု လူ့အခွင့်အရေးပညာပေးဌာန မြန်မာနိုင်ငံ၏ ဒါရိုက်တာ ကိုအောင်မျိုးမင်းမှပြောပါသည်။
“လူ့အခွင့်အရေးချိုးဖေါက်မှုကတော့ ကျွန်တော်တို့ဆက်လက်ရှိနေတုံးဘဲလို့ပြောလို့ရပါတယ်။ ဘာဖြစ် လို့လဲ ဆိုတော့အခုအချိန်အထိကျွန်တော်တို့ ကရင်ပြည်နယ်ရှမ်းပြည်နယ်နဲ့တခြားတိုင်းရင်းသားဒေသ တွေမှာ စစ်ရေးအရ ကြိုတင်ပြင်ဆင်မှုတွေရှိနေတယ်။ အဲဒီလိုမျိုးကြိုတင်ပြင်ဆင်မှုရဲ့ရလာဒ်ကြောင့် တိုင်းရင်း သားပြည်သူတွေဘေးကင်းရာကိုထွက်ပြေးလာရတယ်။ ထိုင်းနိုင်ငံဘက်ကိုခိုလှံုလာရတဲ့ ကရင်ဒုက္ခ သည်တွေရှိနေတယ်။ အဓမ္မလုပ်အားပေးစေခိုင်းမှုအရပြောမယ်ဆိုလို့ရှိရင်တော့ ILOနဲ့နောက် ထပ်သဘောတူ စာချုပ်တွေ နားလည်မှု စာချွန်လွှာတွေထိုးထားတယ်ဆိုပေမဲ့အဓမ္မလုပ်အားပေး စေခိုင်းမှုကိုနည်းအမျိုးမျိုးနဲ့ဆက်လက်ကျင့်သုံးတာ ရှိနေသေးတယ်။လူ့အခွင့်အရေးတိုးတက်လာတယ် လို့ပြောပေမဲ့တကယ်တန်းအောက်ခြေမှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ဆက်လက်ရှိနေတုန်းဘဲ။”
နိုင်ငံရေးပြသနာကို တွေ့ဆုံဆွေးနွေးရေးနည်းလမ်းဖြင့်အဖြေရှာမရှာဘဲ စစ်ရေးနည်းလမ်းနှင့်ဖြေရှင်းခဲ့ သောကြောင့် ပြည်တွင်းစစ်ကြီးဖြစ်ပွါးလာကာ ဒေသတွင်းမတည်ငြိမ်မှုအပြင် စစ်ပြေးဒုက္ခသည်များ များပြားလာပြီး လူ့အခွင့် အရေးချိုးဖေါက်မှုများဆက်လက်ရှိနေဆဲဟု လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့မှ ပြောပါသည်။