ချင်းမိုင် (မဇ္ဈိမ) ။ ။ မန္တလေး-နေပြည်တော် အမြန်လူစီးရထားဗုံးပေါက်ကွဲမှုကြောင့်ဒဏ်ရာရသွား သည့် ခရီးသည် ၉ ဦးကို နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးသို့ ပြောင်းရွှေ့လိုက်ကြောင်း တပ်ကုန်း ဆေးရုံဝန်ထမ်းများက ပြောသည်။
ဗုဒ္ဒဟူးနေ့ညနေက ရန်ကုန်- မန္တလေး အမှတ် ၃ အဆန်ရထားပေါ်တွင် ပေါက်ကွဲသည့် ဗုံးကြောင့်ဒဏ်ရာရ သူများကို နီးစပ်ရာ တပ်ကုန်းဆေးရုံပို့၍ ကုသခဲ့သော်လည်း နေပြည်တော်မှ အကြီးအကဲများ၏ ညွှန်ကြားချက်ဖြင့် ဆေးရုံပြောင်းပေးလိုက်သည်ဟုဆိုသည်။
“ဒဏ်ရာရတဲ့လူတွေက မနေ့ညကထဲက စိုးရိမ်စရာ မရှိပါဘူး။ ကုတင် ၁၀၀၀ က ပိုပြီး ကောင်းလို့ လူကြီးတွေ စီစဉ်တဲ့ကားနဲ့ တခါထဲ တင်ပေးလိုက်တာပါ” ဟု ဆေးရုံ တာဝန်ခံတဦးက မဇ္စျိမကိုပြောသည်။
သို့သော် မည်သူ့ညွှန်ကြားချက်ဟု သူက ဖြေမသွားပေ။
ဒဏ်ရာရရှိသူ ၉ ဦးမှာ မိတ္ထီလာ၊ ဖြူး၊ သာစည်၊ ကသာ၊ ကျောက်ကြီးတို့မှ ဒေသခံလယ်သမားများဖြစ်ပြီး ဗုံးပေါက်ကွဲစဉ် ဗုံးစများ ထိမှန်ခံရကာ ကြာသပတေးနေ့က ခွဲစိပ်ကုသပြီးဖြစ်သည်ဟု နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကြီးမှ ဆရာဝန် တဦးက ပြောသည်။
“မနေ့က တယောက် ဒဏ်ရာနဲနဲများတော့ နဲနဲစိုးရိမ်ရတဲ့အနေအထားဖြစ်တယ်လေ။ အခုခွဲစိပ်ပြီးတော့ ကောင်းသွားပြီ။ ကျန်တဲ့လူတွေကတော့ ခြေထောက်လေးတွေထိတယ်။ လက်ကလေး တွေထိတယ်။ ... သိပ်ပြီးတော့ ဆိုးဆိုးဝါးဝါးကြီး မပါပါဘူးရှင့်” ဟု ဆရာဝန်က ပြောသည်။။
၉ ဦးလုံး ယခုပတ်အတွင်း ဆေးရုံကဆင်းနိုင်မည်ဟုလည်း ဆိုသည်။ ဗုံးပေါက်စဉ် သေဆုံးသွားခဲ့သည့် အမျိုးသမီးနှင့် အမျိုးသားမှာ သာစည်မြို့နယ်မှဖြစ်သည်ဟု တပ်ကုန်းဘူတာဝန်ထမ်းတဦးက ပြောသည်။
ဗုဒ္စဟူးနေ့ညနေက အဆိုပါ လူစီးရထား တပ်ကုန်းမြို့နယ်၊ ရွှေမြို့ ဘူတာရုံမှ ဆင်သေ ဘူတာဘက်သို့ ဦးတည်ခုတ်မောင်းစဉ် စက်ခေါင်း နောက်သုံးတွဲမြောက် ရိုးရိုးတန်း လူစီးတွဲပေါ်၌ ချိန်ကိုက်ဗုံး တလုံး ပေါက်ကွဲပြီး အမျိုးသမီးတဦး အမျိုးသား တဦး ပွဲချင်းပြီး သေဆုံးကာ ၉ ဦး ဒဏ်ရာရရှိသွားခဲ့သည်။
“ဗုံးပေါက်တုန်းက ရထားက အမိုးပဲပွင့်သွားတာ၊ မှောက်မသွားပါဘူး။ ဒီအတွဲကို ဒီတပ်ကုန်းဘူတာမှာ လာဖြုတ်ပြီး အခု ပျဉ်းမနားကိုပို့လိုက်ပါပြီ” ဟု တပ်ကုန်း ရထားဘူတာရုံ ဝန်ထမ်းတဦးကမဇ္စျိမကို ပြောသည်။
ဗုံးပေါက်ကွဲချိန်တွင် နေပြည်တော်၌ အမေရိကန်နိုင်ငံ၏ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန်း Joseph Yun နှင့် မြန်မာအစိုးရသစ် ထိပ်တန်းခေါင်းဆောင်များ တွေ့ဆုံရန် အလည်အပတ် ရောက်နေချိန်လည်း ဖြစ်သည်။
နေပြည်တော်အနီး ဗုံးပေါက်ကွဲပြီး နောက်တနေ့ ကြာသပတေးနေ့တွင် ကရင်ပြည်နယ်အတွင်းရှိ ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့၊ အမှတ် ၄ ရက်ကွက် ရဲစခန်းအနီး ဆက်သွယ်ရေးရုံး၌ဗုံးပေါက်ကွဲခဲ့သေး သည်။ သို့သော်လည်း ထိခိုက်ဒဏ်ရာနှင့် အသေအပျောက်မရှိပေ။