မိကျဲဂို- ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းလိုက်သည့် အပေါ် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့မှထောက်ခံ ကြိုဆိုကြောင်း ပြောသည်။
“ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းသင့်တာ ကြာပြီ၊ ဒါပေမဲ့ ဖြစ်မလာခဲ့ဘူး။ အခုလိုဖွဲ့စည်း လိုက်တာ တော်တော် ကောင်းတယ်” ဟု မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့မှ ဒု-ဥက္ကဌ နိုင်ငွေသိမ်းက ပြောသည်။
တိုင်းရင်းသား ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်ရန်နှင့် ဖက်ဒရယ် ပြည်ထောင်စုကိုတည်ဆောက် ရန်အတွက် ဖက်ဒရယ် ပြည်ထောင်စု တပ်မတော် ဖွဲ့စည်းလိုက်ကြောင်းကို မေလ ၁၄ ရက်နေ့အစည်းအဝေး အပြီး UNFC က သတင်း ထုတ်ပြန်ခဲ့သည့်အပေါ် မွန်ဒီမိုက ပြောဆိုခြင်း ဖြစ်သည်။
ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးအတွက် ပြည်တွင်းရှိ တိုင်းရင်းသား အဖွဲ့များ ပူးပေါင်းပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံသို့ အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း အကောင်အထည်ပေါ်မလာခဲ့ ကြောင်း နိုင်ငွေသိမ်းက ပြောသည်။
“ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေး ဖြစ်မလာဘူး ဆိုရင်တော့ တိုက်သင့်ရင် တိုက်ရမှာပဲ” ဟု သူက ပြောသည်။
“မွန်ဒီမို” ဟု လူသိများသော မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ၅ နေရာ၌ အနိုင်ရရှိခဲ့ပြီးနောက် ၁၉၉၂ ခုနှစ်တွင်မူ ဖျက်သိမ်းခံခဲ့ရသည်။
တိုင်းရင်းသားနှင့် အစိုးရကြား ဖြစ်ပေါ်နေသည့် နိုင်ငံရေး ပြဿနာကို စစ်ရေးနည်းဖြင့် ဖြေရှင်းပါက ပြီးဆုံးနိုင်မည် မဟုတ်သည့်အတွက် နိုင်ငံရေးနည်းဖြင့် ဖြေရှင်းလိုကြောင်း၊ အစိုးရက ၄င်းနည်းကို လက်မခံဘဲ စစ်ရေးနည်းဖြင့် ဖြေရှင်းပါက မိမိတို့၏ လူထုနှင့် နယ်မြေကို ကာကွယ်ရန်အတွက် လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။
“လက်နက်ကိုင်တပ် ရှိတဲ့ အဖွဲ့အစည်းတိုင်း ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်ထဲမှာ အကုန်ဝင်ပါပြီး လိုအပ်သလို ဒေသအလိုက် စစ်ရေး လှုပ်ရှားမှုတွေ လုပ်သွားမယ်” ဟု နိုင်ဟံသာက ပြောသည်။
လတ်တလောတွင် ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး PSLF နှင့် ညီညွတ်သောရခိုင်အမျိုးသား ပါတီ NUPA တို့မှာ လက်နက်ကိုင်တပ်ဖွဲ့ အတည်တကျ မရှိသေးကြောင်း သိရသည်။
ဖက်ဒရယ် ပြည်ထောင်စု တပ်မတော်၏ ကာကွယ်ရေးဌာန တာဝန်ခံမှာ လက်ရှိ ကေအင်ယူ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူးတူးဆေးဖိုး ဖြစ်သည်။ ယင်းတပ်မတော် စစ်ဦးစီးအဖွဲ့တွင် အဖွဲ့ဝင် တပ်မတော် အသီးသီးမှ စစ်ဦးစီးချုပ် သို့မဟုတ် ဒု-စစ်ဦးစီးချုပ် တဦးစီ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
UNFC ကို ကချင်လွတ်မြောက်ရေးအဖွဲ့ KIO၊ ကချင်အမျိုးသား အစည်းအရုံး KNO၊ ကရင်အမျိုးသား အစည်းအရုံး KNU ၊ မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP၊ ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF၊ လားဟူဒီမိုကရက်တစ်သမဂ္ဂ္ဂ LDU၊ ညီညွတ်သောရခိုင်အမျိုးသား ပါတီ NUPA၊ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO၊ ဝ’ အမျိုးသားအဖွဲ့ချုပ် WNO၊ ချင်းအမျိုးသားတပ်ဦးCNF တို့ ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၂ ဖွဲ့ဖြင့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စတင် ဖွဲ့စည်းခဲ့သည်။