ချင်းမိုင် (မဇ္စျိမ) ။ ။ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်စေလိုကြောင်း သမ္မတ၏ ပြစ်ဒဏ်လျှော့ ပေါ့မှု အစီအစဉ်အရ အင်္ဂါနေ့တွင် ပဲခူးတိုင်း တောင်ငူထောင်မှ ပြန်လွတ်လာသူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အသက် ၄၉ နှစ် အရွယ် ဒေါ်နော်အုန်းလှက ပြောဆိုသည်။
(ဒေါ်နော်အုန်းလှနှင့် အင်တာဗျူး)
ချင်းမိုင် (မဇ္စျိမ) ။ ။ နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်စေလိုကြောင်း သမ္မတ၏ ပြစ်ဒဏ်လျှော့ ပေါ့မှု အစီအစဉ်အရ အင်္ဂါနေ့တွင် ပဲခူးတိုင်း တောင်ငူထောင်မှ ပြန်လွတ်လာသူ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အသက် ၄၉ နှစ် အရွယ် ဒေါ်နော်အုန်းလှက ပြောဆိုသည်။
သူသည် ၂ဝဝ၄ ဇူလှိုင်လမှစ၍ ထိုစဉ်က နေအိမ်တွင် အကျယ်ချုပ် ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေးအတွက် ရန်ကုန် ရွှေတိဂုံဘုရားတွင် အပတ်စဉ် ဝတ်ပြုဆုတောင်းခဲ့သည့် အင်္ဂါဆုတောင်းအဖွဲ့တွင်ဦးဆောင်ပါဝင်ခဲ့ သူလည်း ဖြစ်သည်။
၂ဝဝ၉ အောက်တိုဘာ ၃ ရက်နေ့တွင် မှော်ဘီမြို့နယ်မှ နော်အုန်းလှ အပါအဝင် အမျိုးသား ၄ ဦးသည် ရန်ကုန်တိုင်း ဒဂုံမြို့သစ် မကွေးပရိယတ္တိ စာသင်တိုက်မှ ဆွမ်းကပ်ပြီးအပြန် ရဲများက ဖမ်းဆီးကာကျောင်းထိုင် ဆရာတော် ဦးပါမောက္ခကို ကမ္မဝါစာရွက် ၄၂ ခုအား ကပ်လှူခဲ့သည်ဟုဆိုကာ ၂ဝ၁ဝ ဖေဖော်ဝါရီတွင် ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က နိုင်ငံတော် ဆူပူအောင် လှု့ံဆော်မှု ပုဒ်မ ၅ဝ၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
၂ဝဝ၇ သံဃာ့လှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သဖြင့် မှော်ဘီမြို့ ပြင်ပသို့ ခရီးမထွက်ရန် ခြေချုပ်ချခံခဲ့ရသေးသည်။
သူနှင့်အတူ နိုင်ငံရေးအကျဉ်းသား ၅ ဦး ပြန်လွတ်လာရာ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သဖြင့် ထောင်ဒဏ် ၄ နှစ် ကျခံနေရသူ ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD လူငယ် ကိုမြသန်းထိုက် ခေါ် တေဇာလည်း ပါဝင်သည်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၂) ဗိုလ်မှူး ဒယ်ဖိုးကို ဆက်ကြေးငွေ ၂၁ သိန်း ကောက်ခံ ပေးသည်ဟု ဆိုကာ မတရားအသင်းအဖွဲ့နှင့် ဆက်သွယ်မှုဖြင့် ထောင်ဒဏ် ၃ နှစ် ကျခံနေရသူ စောဂေထူး ခေါ် စောဒီထူးနှင့် ကိုစိန်ဂျော့တို့လည်း လွတ်လာခဲ့သည်။
ထို့အပြင် KNU တပ်မဟာ (၇) မှ တပ်မဟာမှူး ဗိုလ်ချုပ်တင်မောင်နှင့် ဆက်သွယ်သည်ဟုဆိုကာ ထောင်ဒဏ် ၂ နှစ် ကျခံနေရသူ မျိုးမင်းထိုက် ခေါ် ဝါးလယ်ထူးလည်း ပြန်လွတ်သည့်အထဲ ပါဝင်သည်။
သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့်ဟုဆိုကာ ပြစ်ဒဏ်ကျခံရသူ အကျဉ်းသားများကို တနှစ်လျှော့ပေါ့ပေးခဲ့ရာ ယနေ့တွင် ၃ လခန့်သာ လွတ်ရက်စေ့ရန် လိုတော့သည့် ဒေါ်နော်အုန်းလှလည်း တောင်ငူထောင်မှ ပြန်လွတ်လာရာ ၎င်းထောင်ထဲတွင် ကျန်ရစ်ခဲ့သည့် နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးများ၏ အခြေအနေများကို သိရှိရန် မဇ္စျိမသတင်းထောက် ဖနိဒါက သူ့ကို ဆက်သွယ်မေးမြန်းထားသည်။
.........................................................................................
ကျန်းမာရေးအခြေအနေ သိပါစေရှင်။
‘‘နေကောင်းပါတယ်။ ပုံမှန်ပါပဲ’’
အန်တီ လွတ်ရက်စေ့ဖို့ ဘယ်လောက် လိုသေးလဲရှင်။
‘‘အန်တီက ၂ဝဝ၉ ခု ၁ဝ လပိုင်း ဖမ်းတော့ ၂ နှစ်ဆိုရင် ၈ လပိုင်းမှာ လွတ်တော့မှာလေ။ ဖမ်းတဲ့နေ့ ချုပ်ရက်ပါ ခံစားစေဆိုတော့ ၂ လ ၃ လပိုင်းပဲ လိုတော့တယ်။ အန်တီနဲ့ အမှုတွဲတွေက တယောက်က ရမည်းသင်း၊ သာယာဝတီထောင်နဲ့ အင်းစိန်ထောင်တွေမှာ ရှိတယ်။ သူတို့လည်း လွတ်မယ်လို့ ထင်တယ်။ အခုတော့ မသိရသေးဘူး’’
ဒီနေ့ တောင်ငူထောင်ကနေ လွတ်လာမယ့် နိုင်ငံရေးအကျဉ်းသား ဘယ်နှဦး ရှိမလဲ။
‘‘တောင်ငူထောင်မှာ အကျဉ်းသားအားလုံး ၂၄၁ ဦး လွတ်တယ်။ အမျိုးသမီး ၃၅ ယောက်နဲ့ အမျိုးသားက ၂ဝ၆ ယောက်။ အဲဒီထဲမှာ နိုင်ငံရေးအကျဉ်းသား ၅ ဦးပဲ ပါတယ်။ အန်တီအပါအဝင် NLD လူငယ်’’
တောင်ငူထောင်မှာ နေတဲ့အချိန် အစားအသောက်နဲ့ နေရထိုင်ရတာ ဘယ်လိုအခက်အခဲတွေ ကြံုခဲ့ရလဲ။
‘‘ဒီမှာကတော့ သီးသန့်ရယ်လို့ မဟုတ်ဘူး။ အဆောင်၊ အခန်း သပ်သပ်နေရတယ်။ ကျန်တဲ့ အကျဉ်းသူတွေနဲ့ ဒီလို ရောနေရတယ်။ ရောက်ခါစက တလလောက် တံခါးပိတ်ထားတယ်။ နောက်ပိုင်းပူတော့အန်တီပြော လိုက် တော့ နောက်ပိုင်း မပိတ်တော့ဘူး။ အဆောင်ထဲမှာပဲ လွတ်လွတ်လပ်လပ် ပေးနေတယ်။စားတာက တော့ ထောင်ပုံစံပဲ။ အန်တီက ဆေးရုံစားရတယ်။ ထောင်မှာ လူနာတွေကို ပေးတာကို ခေါ်တာ။ မနက်ဆိုရင် အချဉ်ဟင်း၊ ညနေဆို ကြက်ဥ သို့မဟုတ် အသားတမျိုး ပေးတယ်။ ကျန်တာက အန်တီ့မိတ်ဆွေတွေလာ တော့ အခက်အခဲ မရှိဘူး။ ဒါပေမဲ့ တချို့က မရဘူးလေ။ ထောင်ဝင်စာ မလာဘူး။ ဝေးတာလည်းပါတာ ပေါ့နော်’’
ထောင်ဝင်စာ မလာနိုင်တဲ့အမျိုးသမီးတွေက ဘယ်လိုကြောင့် ထောင်ကျခံရသူတွေလဲရှင်။
‘‘ကရင်လူမျိုးတွေပေါ့နော်။ ဝေးတော့ ကျောက်ကြီးဘက်က ဆိုတော့ ထောင်ဝင်စာ မရကြတဲ့ အမျိုးသမီးထဲမှာ ၆ ယောက် ကျန်တယ်။ ၂၈ နှစ်၊ ၂ ယောက် ကျန်တယ်။ ၈ နှစ်သမားက ၂ ယောက်၊ ၃ နှစ်သမားက ၂ ယောက် ကျန်တယ်။ နော်ခင်မူနဲ့ နော်လားတို့ကို KNU (ကရင်အမျိုးသားအစည်းအရုံး) ကို ဆားဝယ်ပေးလို့ ဆိုပြီး ၁၇ (၁) ဆက်သွယ်မှုနဲ့ ၃ နှစ် ကျခံရတယ်။ နောက် မရိုစလင်းဂီနဲ့ နော်ပီးပီတို့က ၁၇ (၁) ဆက်သွယ်မှု၊ ၁၇ (၂) က အားပေးကူညီမှုနဲ့ ၈ နှစ် ချခံနေရတယ်။ ၁၇ (၁)၊ ၁၇ (၂)၊ ၁၇ (၃) ဖောက်ခွဲတပ်ခံရတဲ့ သူတွေက မဖြူနဲ့ နော်ချိုချိုအေးတို့ကိုတော့ ၂၈ နှစ် ကျခံနေရတယ်။ မဖြူက NDD (ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး အင်အားစု) က ကိုသိန်းဝင်းရဲ့ ညီမတော်တာ။ သူတို့ ပြောပြတာက အကိုက ဟိုမှာရှိတော့ တမင်အညိုး ထားပြီး မကျေနပ်လို့ ကျခံနေရတယ်လို့ ပြောတယ်။ သူတို့ကလည်း ကျောက်ကြီးဘက်က လူတွေပဲ’’
‘‘မဖြူရဲ့ အမျိုးသား ကိုတင်အေးတို့ ရှိတယ်။ မဖြူနဲ့ ကိုတင်အေးက ကလေး ၄ နှစ်လောက် ရှိပြီ။ ဗိုက်ထဲမှာ ကလေးရှိတုန်း ကျသွားတာ။ နော်လားက ကလေးလည်း ၁ နှစ်နဲ့ ၆ လရှိပြီ၊ နောက်တဗိုက်ကပါလာသေး တယ်။ KNU ကို ဆားပေးတယ်ဆိုပြီး အစွဲခံရတဲ့ မရိုစလင်းအိမ်ကတော့ တလမှာ တခါတော့ လာတယ်။ ကျန်တဲ့လူတွေက လုံးဝ လာတာ မတွေ့ရဘူး။ သူတို့ပြောတော့ ပဲတွေ စိုက်တာ ပိုးကျလို့ ဆေးမဝယ်နိုင်တော့ အသီးအရွက်မှာ အဲဒါကို ဖျန်းမယ်ဆိုပြီး ယူသွားတာကို စွပ်စွဲထားတယ်လို့ ပြောတယ်’’
အမျိုးသားတွေက နိုင်ငံရေးအကျဉ်းသားတွေရော ဘယ်နှဦး ရှိနေလဲ။
‘‘ ၆၅ နှစ် ကျခံနေရသူ ၈၈ ကျောင်းသားထဲက ကိုဇော်ဇော်မင်း၊ နောက် ၁၉၉ဝ ခု သန်လျင်ဗုံးဖောက်ခွဲတုန်း က အဖမ်းခံရတဲ့ ကိုညီညီဦး ရှိတယ်။ သူက ဒီမှာကျခံနေတာ နှစ် ၂ဝ တောင် ရှိပြီ။ ဒီငြိမ်းလင်းတို့နဲ့အတူ ဖမ်းခံရတဲ့ ကိုအောင်အောင်။ ပဲခူးက နှစ်ကြီးသမားတွေ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၄၊ ၁၅ယောက် လောက် ကျန်သေးတယ်’’
သူတို့တွေထဲက ကျန်းမာရေးအခြေအနေ ဆိုးဝါးနေသူတွေ ရှိလား။
‘‘အခုလောလောဆယ်တော့ ကျန်တဲ့လူတွေထဲက ကျန်းမာရေး ဆိုးဝါးနေသူတွေ မရှိဘူး။ မူးတာမောတာ လောက်ပဲ ရှိတယ်’’
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ဘာတွေ ဆက်လုပ်သွားဖို့ ရှိလဲ။
‘‘ကိုယ်ကတော့ ကိုယ့်အလုပ်ကို ဆက်လုပ်မှာပဲ။ အန်တီက နိုင်ငံရေးအကျဉ်းသား အားလုံး လွတ်မြောက်ဖို့ လုပ်နေတဲ့အခါကျတော့ အခု အကုန်လုံးမှ မလွတ်မြောက်သေးတာကြီးကို၊ အဲဒီတော့ ကိုယ့်အလုပ်ကို ဆက်လုပ်ရမှာပေါ့’’
သမ္မတ ဦးသိန်းစိန်က လျှော့ရက် ပေးလိုက်တဲ့အပေါ် ဘယ်လိုမြင်လဲ။
‘‘အလျှော့ခံရတာ မဟုတ်ဘူး။ အန်တီက လပိုင်းပဲ လိုသေးတော့တာ။ အခု နှစ်အများကြီး ကျတဲ့လူတွေ ရှိတယ်ပေါ့နော်။ သူတို့တွေအတွက် တနှစ်ဆိုတာ ဘာမှ မထူးဘူးလေ။ အဲဒီတော့ နှစ်ကြီးသမားတွေက ပိုပြီး နစ်နာတာပေါ့နော်။ ဒီအစိုးရက ပြောရရင် မင်းအသစ် တက်တာပေါ့နော်။ ဒါပေမဲ့ ဒါကို ဒီလိုလုပ်တာဟာ မကျေနပ်ဘူး။ ဒါပေမဲ့ ဒီအစိုးရက ဒီလိုပဲ လုပ်နေကြတယ်ဆိုတော့ ဒီလိုပဲ ခံရမှာပေါ့ဆိုပြီး ထောင်ထဲမှာက ပြောနေကြတာပဲ’’
‘‘ဒီအစိုးရ လုပ်ရပ်က အရင်ပုံစံအတိုင်းပဲလို့ မြင်တယ်လေ။ အရင်တုန်းက လွတ်ငြိမ်းချမ်းသာ၊လွတ်ငြိမ်းသက် သာ သူ နာမည်ခွဲတာပဘဲ ရှိတယ်။ ဘာမှ မထူးခြားဘူး။ တောင်ငူထောင်ဆိုရင် နိုင်ငံရေးအကျဉ်းသား အများကြီး ကျန်သေးတယ်။ ကိုမင်းကိုနိုင်တို့၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ အရေးကြီးတဲ့လူတွေ လွတ်မယ်လို့ အများကြီး မျှော်လင့်ကြတာပေါ့နော်။ ဒါပေမဲ့ မလွတ်တဲ့အတွက် ဒီအစိုးရရဲ့ လုပ်ရပ်က အရင်အတိုင်းပဲလို့ ပြောချင်တယ်’’
တခြား ဘာများ ဖြည့်စွက်ပြောချင်သေးလဲရှင့်။
‘‘လွတ်လာတာကတော့ ကိုယ့်ရက်စေ့လို့ လွတ်လာတာပဲ။ ဒါပေမဲ့ ကျန်တဲ့လူတွေ မလွတ်တော့စိတ်မကောင်း ဘူး။ အားလုံးကို လွတ်စေချင်တယ်။ သူတို့လွတ်မြောက်ရေးအတွက် ကိုယ်လုပ်စရာရှိတာတော့ လုပ်ရမှာပေါ့။ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာထိ ဆက်လုပ်မှာပဲ။ အတတ်နိုင်ဆုံး လုပ်ရမှာပဲ။ အန်တီတို့နိုင်ငံမှာ အခုချိန်ထိမှ မလွတ်လပ်သေးတာလေ။ ဒီမိုကရေစီရတယ်ဆိုတာက ရှိမှ မရှိသေးတာ။ သူတို့လုပ်တဲ့ရွေးကောက်ပွဲကို လည်း လက်မခံဘူးလို့ ပြောထားပြီးသား။ ၂ဝဝ၈ အခြေခံ ဥပဒေက ပြည်သူတွေကို လိမ်ထားတဲ့အတွက် လက်မခံဘူး။ အခုလည်း ဒီအစိုးရက အရင်အတိုင်းပဲ။ အန်တီတို့အတွက် ကိုယ်တွေ ဘယ်လောက်ပဲမှန်တာေ ပြာပြော အစိုးရ လုပ်ချင်တာ လုပ်တဲ့ နိုင်ငံဖြစ်တဲ့အတွက် ပြောစရာတော့ မရှိပါဘူး