ဝက်နားရွက်ပြာရောဂါ တောင်ငူကူး

ဝက်နားရွက်ပြာရောဂါ တောင်ငူကူး
by -
ကျော်ခ

ချင်းမိုင် (မဇ္ဈိမ) ။    ။ ကူးစက်မှုအားပြင်းထန်သည့် ဝက်နားရွက်ပြာရောဂါသည် ယခင်က တိုင်း ၄ တိုင်း တွင်သာ ဖြစ်နေရာမှ ယခု တောင်ငူမြို့ပေါ် နှင့် ကျေးရွာများထိ ပျံ့နှံ့နေပြီဟု တောင်ငူ မြို့နယ် တိရိစ္ဆာန် မွေးမြူရေးနှင့် ကုသရေး ဌာနဦးစီးအရာ ရှိ ဒေါက်တာနေစိုး က ပြောသည်။

ပဲခူးတိုင်း၊ တောင်ငူမြို့ပေါ်ရှိ ရပ်ကွက်ပေါင်း ၁၅ ရက်ကွက်နှင့် မြို့နယ်တွင်း ၁၈ ရွာတွင် ၂ဝ၁၁ ဧပြီ ၂၈ က နားရွက်ပြာရောဂါကူးစက်ကြောင်း သိရှိရပြီးနောက် မေလ ၁၆ ရက်နေ့ထိ ကူးစက် ခံရ သည့် ဝက်အကောင် ရေ ၂၉၄ ကောင်၊ သေဆုံး ရ၉ ကောင် ရှိနေပြီဖြစ်သည်။ 

“အခု ကျနော်တို့ဆီမှာဖြစ်နေတာက အိမ်မွေးတွေများတယ်။ တပိုင်တနိုင်မွေးတွေလေ။ လွှတ်ကျောင်း စနစ်တွေ ဆိုတော့။ အဲဒါတွေက ကူးစက်မှုတွေ ဖြစ်တာများတယ်” ဟု ဒေါက်တာ နေစိုး ကမဇ္စျိမကို ပြောသည်။

တိမွေး/ကု ဌာနအနေဖြင့် ဝက်နားရွက်ပြာရောဂါအကြောင်းနှင့် ပတ်သက်၍ မြို့ပေါ်နှင့် မြို့နယ်တွင်း ကျေးရွားများရှိ ဝက်မွေးသူများကို ရောဂါဖြစ်ပွားပုံနှင့် ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများ ပညာပေး ဟောပြောနေသည်ဟု သူကဆက်ပြောသည်။

blueearbigစတင်ဖြစ်ပွားခဲ့ပြီး အောင်မြေသာစံ၊ချမ်းအေး သာစံ၊ မဟာအောင်မြေ၊ ချမ်းမြ သာစည်၊ ပြည်ကြီးတံခွန်၊ အမရပူရ၊ မတ္တရာ စသည့် မြို့နယ်များရှိ ကျေးရွာ၊ ရပ်ကွက်များရှိ ဝက်ခြံများနှင့် အိမ်မွေးဝက်များကူးစက်ခံခဲ့ ရပြီး တလအတွင်း ဝက်အကောင်ရေ ထောင်ချီ သေဆုံးခဲ့သည်။

ထိုမှတဆင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ နေပြည်တော် နှင့် ယခုပဲခူးတိုင်းအထိ ဆက်တိုက်မြန်ဆန်စွာ ကူးစက်ခဲ့ပြီး အဆိုပါ ရောဂါကို ကုသနိုင်သည့် ဆေးမှာမြန်မာ နိုင်ငံတွင် မရှိသဖြင့် ကူးစက်မှု ပိုမြန်ခဲ့သည်ဟု နေပြည်တော် တိမွေး/ကု ဌာနထိပ်တန်း အရာရှိတဦးကပြောဆိုသည်။

နားရွက်ပြာရောဂါ ဖြစ်ပွားသည့် ဝက်များ၏ လက္ခဏာမှာ မောပန်းခြင်း၊ ခြေကုန်လက်ပန်းကျခြင်း၊ ခန္ဓာကိုယ် ပူခြင်း၊ အစာမစားခြင်း၊ မသေဆုံးခင် နားရွက်များ ပြာလာတတ်ခြင်း ဖြစ်သည်။ နားရွက်ပြာကာ သေဆုံးသည့် ဝက်များကို မြေမြှုပ်ပြီး မီးရှို့ရန် လိုသည်။

မြန်မာနိုင်ငံ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန လက်အောက်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် ဝက်သေဆုံးမှုကို အမြန်ဆုံးကာကွယ်နိုင်ရန် ပြည်ပနိုင်ငံများမှ ဆေးတင်သွင်းနိုင်ရန် ကြိုးပမ်းလျက် ရှိသလို မြန်မာနိုင်ငံတွင်းဆေးထုတ်လုပ်နိုင်ရန်အတွက် ခေါ်ယူထားသည့် ပြည်ပနိုင်ငံများက ဆေးပညာရှင်အဖွဲ့များ လည်း ရောက်နေပြီဟု ဒေါက်တာ ခင်မောင်မောင်က ယခုလ ၆ ရက်နေ့က မဇ္စျိမကို ပြောဆိုသည်။

မြန်မာနိုင်ငံအနေဖြင့် ယင်းရောဂါကို ဇီဝနည်းပညာဖြင့်သာ ထိန်းချုပ်နိုင်ရန် ကြိုးစားနေကြပြီး အောင်မြင်မှု မရှိသေးသလို မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့တွင် အကျယ်ပြန့်ဆုံးဖြစ်ပွားလျက်ရှိကြောင်း တိမွေး/ကု ဌာန မြို့နယ်အဆင့် တာဝန်ရှိသူတဦးကပြောသည်။

“မွေးကုအနေနဲ့ကတော့ စဖြစ်ကထဲက တောက်လျောက်လုပ်နေတာပဲ။ တကယ်ထိရောက်တဲ့ဆေးမရှိတော့ ဗျာ ကူးစက်မှုက ထိန်းချုပ်ဖို့ ခက်ခဲ့တာပေါ့။ အခုဟာက ဝက်ရောဂါ ကပ်ဆိုက်သလိုဖြစ်နေတော့လေ။ ဒီရောဂါက ဝင်ပြီဆိုတာနဲ့ အဲဒီဝက် ကုလို့မရတော့ဘူး” ဟု အဆိုပါ အရာရှိက မဇ္စျိမကိုပြောသည်။ ယင်းရောဂါ ကူးစက်ခံရသည့် ဝက်များ ရ ရက်အတွင်းသေဆုံးနိုင်သည်ဟု ဆိုသည်။

ရောဂါဖြစ်ပွားရာဒေသများတွင် ဝက်သားစျေးချိုသဖြင့် ဒေသနှင့်နီးစပ်သူများကဝယ်ယူစားသုံးကြရာတွင် လည်း ဝက်ရောဂါ ကူးစက်မှုကို ပိုမိုမြန်ဆန်ခဲ့သလို ရာသီဥတုပြောင်းလဲခြင်းကလည်း ရောဂါဖြစ်ပွားမှုအတွက် တွန်းအားဖြစ်သည်ဟု နေပြည်တော် အခြေစိုက် တိမွေး/ကု ဌာန ဆရာဝန်များကဆိုကြသည်။

ဝက်နားရွက်ပြာ၊ ဝက်ပလိပ်ရောဂါ၊ ဝက်ဝမ်းကျ ရောဂါ ဖြစ်ပြီးသေဆုံးသည့်  ဝက်သားများစားသုံးလျှင် လူကိုထိခိုက်မှု မရှိနိုင်သလို ထိုရောဂါရရှိနေသည့် ဝက်များမှတဆင့် လူသို့ မကူးစက်နိုင်သော်လည်း ထိုရောဂါများဖြစ်ပွားပြီး သေဆုံးသည့် ဝက်သားကို ရောင်းချခြင်း၊ စားသုံးခြင်း၊ သယ်ဆောင်ခြင်းများ မပြုရန် ဌာနဆိုင်ရာက တားမြစ်ထားသည်။

ဝက်နားရွက်ပြာရောဂါမှာ ၁၉၈၇ က အမေရိကန်နိုင်ငံတွင် စတင်ဖြစ်ပွားခဲ့ပြီး ဂျာမနီ၊ စပိန်၊ နယ်သာလန်၊ ပြင်သစ်၊ အင်္ဂလန်နှင့် ကနေဒါနိုင်ငံများတွင် ၁၉၉ဝ နှင့် ၁၉၉၅ အတွင်း ဖြစ်ပွားခဲ့သည်။ ရောဂါဖြစ်သည့် ဝက်များတွင် နားရွက်များ ပြာလာသဖြင့် ဝက်နားရွက်ပြာဟု ခေါ်တွင်လာခဲ့သည်။

အာရှနိုင်ငံများဖြစ်သည့် တရုတ်တွင် ၂ဝဝ၆ ၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တွင် ၂ဝဝ၇၊ ထိုင်းတွင် ၂ဝဝ၈ နှင့် မြန်မာနိုင်ငံတွင် ၂ဝ၁၁ ဖေဖော်ဝါရီ် လဆန်းက မန္တလေးမြို့တွင် စတင်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါ ရောဂါသည် ဝက်များ၌ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပြီး ရောဂါကူးစက်မှုနှုန်း ၅ဝ ရာခိုင်နှုန်းမှ ၁ဝဝ ရာခိုင်နှုန်းအထိ ရှိသည်။

Most read this week