ယခုလဆန်းပိုင်းက သျှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်မြို့ နယ် ဆားတောအုပ်စု၌သျှမ်းပြည် တပ်မတော်၏ ချုံခို တိုက် ခိုက်ခြင်းခံရပြီးနောက် မြန်မာစစ်တပ်က သျှမ်းပြည် တပ်မတော် ၂ ဖွဲ့ ပူးပေါင်းမှုအပေါ်သံသယ ရှိစိုးရိမ် နေကြကြောင်း မိုင်းကိုင်မြို့တပ်တွင်းသတင်း ရပ်ကွက်ကသိရ သည်။
“ရွာမှာ လာမေးကြတယ်။ သူတို့ကိုခြုံခိုတိုက်တာ ဘယ်အဖွဲ့လဲဆိုတာ သေသေချာချာသိချင်တယ်တဲ့။ တောင်ပိုင်း အဖွဲ့လို့ သတင်းရထားပေမယ့် သူတို့ရဲ့ တိုက်ပုံတိုက်နည်းနဲ့ စစ်လက်နက်တွေက ဝမ့်ဟိုင်း အဖွဲ့လို့ထင်ရအောင် တူနေတယ်တဲ့။ ဒါမှမဟုတ် သူတို့ ၂ ဖွဲ့ပေါင်းသွားကြပြီလား - ဆိုပြီး သူတို့ခင်တဲ့ ရွာသား တယောက်ကို လာမေးတယ်လို့ ကြားရတယ်” ဟု ဆားတော အုပ်စုနေဒေသခံတဦးကလည်းပြောပြ သည်။
သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ( မိုင်းကိုင် - တုံလော- သီပေါ ကားလမ်းပေါ် ရှိ) ဆားတောအုပ်စု အတွင်း ၉ ရက်နေ့ ညနေ ၃ နာရီက မြန်မာစစ်သားများစီးလာသော ထော်လာဂျီအား သျှမ်းပြည် တပ်မတော် RCSS/SSA က ချုံခိုတိုက်ခိုက်ရာ တပ်ရင်းမှူးအပါအဝင် မြန်မာစစ်တပ်၏ အရာရှိ အကြပ် ၁၁ ယောက်သေဆုံး ခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်က စစ်ဆေးမှု ပြုလုပ်လာခြင်းဖြစ်သည်။
သေဆုံး သွာသည့် တပ်ရင်းမှူး မှာ ဒု-ဗိုလ်မှူးကြီး သန်းထိုက်ဝေ မဟုတ်ဘဲ ယာယီ တပ်ရင်းမှူးဗိုလ်မှူး သိန်းဦးဆိုသူ ဖြစ်ကြောင်း၊ ဒဏ်ရာရသူ ၁၅ ယောက်အနက် ၃ ယောက်ထပ်သေကြောင်း၊ ကျန် ၁၂ ယောက် ကို ၁၁ ရက် နေ့က နမ့်လန်ဆေးရုံသို့ ပို့ဆောင်ကုသထားကြောင်း နမ့်လန်မှကျန်းမာရေး ဝန်ထမ်းတဦးကလည်း ပြောပြ သည်။
“တိုက်ပွဲက တုံလောင်းနဲ့ ပန်ကေတုအကြား ဆားတော အုပ်စုမှာဖြစ်တာ။ ဆားတောနဲ့တုံလောင်းကြား မှာပေါ့။ ၁၀ ရက်နေ့မှာလဲ ခမရ ၅၁၄ စစ်ကြောင်းတကြောင်းကို မိုင်းကိုင်နဲ့ တုံလောင်းကြားမှာ သျှမ်းတပ်က ချုံခို တိုက်ခိုက်ခဲ့ သေးတယ်။ သျှမ်းဖက်က အင်အား ၃၀ လောက်ရှိတယ်ဆိုဘဲ။ ဗမာဖက်ကတပ်ကြပ်တဦး ဘယ်ဘက် ပေါင်ရင်းမှာ ဒဏ်ရာပြင်းတယ်လို့ကြားရတယ်” အဆိုပါ ဝန်ထမ်းက ဆက်လက်ပြောပြသည်။
အဆိုပါချုံခိုတိုက်ခိုက်ခံရမှုများကြောင့် ၁၁ ရက်နေ့ မိုင်းကိုင် - တုံလော တက်သွားရန်အစီအစဉ်ရှိသည့် အရှေ့ အလယ်ပိုင်းတိုင်း တိုင်းမှူး၏ ခရီးစဉ် ဖျက်သိမ်းလိုက်ရကြောင်း ခိုလမ်ဒေသခံတဦးကလည်း သျှမ်းသံတော်ဆင့် သို့ပြောပြသည်။
တဖက်၌လည်း မိုင်းနောင်မြို့နယ်ခွဲ၌ လနှင့်ချီ ထားရှိသော သံချပ်ကာကား ၁၅ စီးကိုလည်း ယခု လဆန်းပိုင်းက ပြန်ရုတ်သွားပြီဖြစ်ကြောင်း မိုင်းနောင်ဒေသခံတဦးကလည်း ပြောသည်။
“ခပ်များများက ကားကြီးပေါ်တင် မိုးကာကြီးနဲ့ အုပ်တင်သွားတာ။ ဒီတိုင်းဘဲ မောင်းထွက်သွားတာလဲ ၃-၄ စီး ရှိတယ်။ ဒီလဆန်းကတတည်းကဘဲ ပြန်သယ်သွားပြီ” ဟု ဝန်ထမ်းတဦးဖြစ်သည့် ၎င်းကပြောပြသည်။
ထိုသို့ သံချပ်ကာကားများအား ပြန်လည်သယ်သူသွားခြင်းနှင့်ပါတ်သက်၍ မြန်မာစစ်တပ် အနေနှင့် သျှမ်းပြည် တပ်မတော် SSPP/SSA စိတ်ပြောင်းရန် သွယ်ဝိုက်နည်းဖြင့် တံခါးဖွင့်ထားခြင်းဖြစ်သည်ဟု လည်း သျှမ်းပြည် အရေးစောင့်ကြည့်လေ့လာသည့် ပုဂ္ဂိုလ်တဦး ကပြော သည်။
“ သူတို့မှာ အကြောင်းအချက် ၃-၄ ချက်ရှိပါလိမ့်မယ်။ ပထမတချက်ကတော့ ဗြောက်ကျားနည်းနဲ့တိုက်တဲ့ SSPP/ SSA ကို ဒီသံချပ်ကာကြီးနဲ့ ပြန်လုပ်လို့မရဘူးလေ။ နောက်တချက်ကတော့ တကယ့်အင်အားကြီး သုံးစစ်ဆင်ရေးကြီး မဟုတ်တော့ သံချပ်ကာမသုံးချင်သေးဘူးပေါ့။မြန်မာစစ်တပ်ရဲ့ဗျူဟာတိုက်နည်း ကိုကြည့် ရင် SSPP/SSA က စိတ်ပျော့ပြီး ပြန်လှည့်လာမလားဆိုတဲ့ ကြိုးရှည်နဲ့လှမ်းထားတာလဲတွေ့ရ တယ် ” ဟု ပြောဆိုသုံးသပ်သည်။
အဆိုပါ သံချပ်ကာကားများနှင့်အတူ စစ်သားအပြည့်တင်ဆောင်သည့် ယာဉ်တန်းများ ယခုနှစ်မတ်လ ဆန်းမှ စ၍ သျှမ်းပြည်အလယ်ပိုင်း မိုင်းနောင်မြို့နယ်ခွဲသို့ရောက်ရှိလာခြင်းဖြစ်သည်။