(မဇ္စျိမ) ။ ။ ကျွမ်းကျင်ဝန်ထမ်း အစားထိုးရန် အခက်အခဲရှိ၍ လာဘ်ပေးလာဘ်ယူမှုများကို ချက်ချင်းကိုင်တွယ်ရန် မဖြစ်နိုင်သေးကြောင်း ရန်ကုန်တိုင်းအစိုးရသစ် ဝန်ကြီးဌာန ၆ ခု၏ ဝန်ကြီး ဦးဉာဏ်ထွန်းဦးက အင်္ဂါနေ့ကပြုလုပ် သည့် ပထမဆုံးသောသတင်းစာ ရှင်းလင်းပွဲတွင်ဝန်ခံပြော ကြားသွားသည်။
ရန်ကုန်တိုင်းအစိုးရသစ်၏ ရှင်းလင်းပွဲတွင် အစိုးရသစ်၏ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး အစီအစဉ်များကို ပြည်တွင်း ဂျာနယ်လစ်တဦးက မေးမြန်းရာ ဝန်ထမ်းအခက်အခဲကြောင့်ချက်ချင်း ဆောင်ရွက်၍ မရကြောင်း ဦးဉာဏ်ထွန်းဦးက ပြန်လည်ဖြေဆိုပြီး အစိုးရသစ်အပေါ်အချိန်ယူစောင့်ကြည့် ပေးရန် ပြောဆိုသွားခဲ့သည်။
“လာဘ်ပေးလာဘ်ယူကိစ္စ ချက်ခြင်းကြီး မထူးနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။ ချက်ခြင်းကြီး ထူးအောင် လုပ်လိုက်ရင် အခုတာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေမရှိရင် ကျန်တဲ့သူတွေ ဘယ်သူဆက်လုပ်မလဲ။ ဒီလုပ်ငန်းတွေနဲ့ ပတ်သတ်ပြီး ကျွမ်းကျင်သူတွေ မရှိဖြစ်သွားပါမယ်။ ဒါပေမယ့် အဲဒါတွကြောင့် ဒါကို မျှောပြီး ထားမလားဆိုရင် မဟုတ်ပါဘူး။ အခု ကျနော်တို့ ဝမ်နင် (သတိ) တွေ ပေးနေပါပြီ။ ဝမ်နင်ပေးလို့ မရတဲ့သူတွေ သူ့နေရာကို အစားထိုးနိုင်အောင် အစီအမံတွေ လုပ်နေပါတယ်” ဟု ဦးဉာဏ်ထွန်းဦးက ပြောသည်။
ရန်ကုန်တိုင်း ပညာရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့်နည်းပညာ၊ အားကစား၊ နိုင်ငံခြားရေးနှင့်လူဝင်မှုကြီးကြပ် ရေး ဝန်ကြီး ဦးဉာဏ်ထွန်းဦးက လောဘကြီးမှုနှင့် သက်သာချောင်ချိမှုမရှိခြင်းတို့ကြောင့်လာဘ်ပေး လာဘ်ယူမှု ဖြစ်ပွားရခြင်းဖြစ်၍ လောဘတက် မတရားလာဘ်ယူသူများကို အရေးယူပြီးသက်သာ ချောင်ချိမှု ပပျောက်ရေး အစီအမံများ ချမှတ်သွားမည် ဖြစ်ကြောင်းပြောဆိုသည်။
“Clean Government (သန့်ရှင်းတဲ့အစိုးရ) ဖြစ်ဖို့ Good Governance (အစိုးရကောင်း) လိုပါတယ်။ Good Governance ဆိုတာ စနစ်တကျ စီမံခန့်ခွဲ အုပ်ချုပ်ခြင်းလို့ ဗမာလို ပြန်ရပါမယ်။ စနစ်တကျ စီမံခန့်ခွဲ အုပ်ချုပ်မှ သာလျှင် လာဘ်ပေးလာဘ်ယူမှု ပပျောက်ပါလိမ့်မယ်”ဟု ဦးဉာဏ်ထွန်းဦးက ပြောသည်။
နိုင်ငံခြားသတင်းအေဂျင်စီများမှ သတင်းထောက်များကို ဖိတ်ကြားခြင်းမပြုဘဲပြည်တွင်းသတင်းဌာနများ ၏ သတင်းစာဆရာများသာ ဖိတ်ကြားသည့် ရန်ကုန်ပြည်သူ့လွှတ်တော်တွင် ကျင်းပသောရှင်းလင်းပွဲတွင် အစိုးရသစ်အနေဖြင့် လုပ်ငန်းခွင် လုပ်သက် ရက် ၂ဝ ခန့်သာ ရှိသေးကြောင်း ပြောဆိုပြီး ယင်းကာလ အတွင်း ဒုစရိုက်နှိမ်နင်းရေး၊ စည်ပင်သာယာရေး၊ လျှပ်စစ်မီးရရှိရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ လဲလှယ်သည့် ကိစ္စများကို ပြုလုပ်ခဲ့သည်ဟု ရှင်းလင်းပြောဆိုသွားသည်။
အစိုးရသစ်အနေဖြင့် အမြင်မတော်သည်များကို ချက်ခြင်းရှင်းလင်းဆောင်ရွက်နေကြောင်း သာဓကအဖြစ် ဓါတ်ဆီတရက် ၂ ဂါလံ ထုတ်စနစ် ပြောင်းလဲလိုက်သဖြင့် ဆီဆိုင်များတွင် တန်းစီနေသည့် ကားများ ရှင်းလင်းသွားသည်ဟုလည်းဆိုသည်။
“ကျနော်တို့ အစိုးရကို အယုံအကြည်မရှိတဲ့ အဖြစ်ကို ကျနော်ကိုယ်တိုင်က မနှစ်မြို့သလိုကျနော့်ထက်ကြီး တဲ့ သူတွေကလဲ မနှစ်မြို့ပါဘူး” ဟု သူက ဆိုသည်။
အစိုးရသစ်အနေဖြင့် ပြည်သူများ၏ အခြေအနေမှန်ကို မီဒီယာများမှ တဆင့်သိလိုပြီး အစိုးရ၏စေတနာ ထား ဆောင်ရွက်မှုကိုလည်း မီဒီယာများက အရောင်ဆိုး ဆေးခြယ်ခြင်းမရှိဘဲ ပြည်သူများသိရန်
ဖော်ပြဖို့လိုကြောင်း ပြောသည်။
သို့သော် စာပေလွတ်လပ်ခွင့်အတွက်ကိုမူ “လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ဆိုတာက နိုင်ငံတော်နဲ့ အစိုးရကို ထိခိုက်တဲ့ဟာမပါရင် ဘာမှလွတ်လွတ်လပ်လပ် မရေးနိုင်စရာ မရှိပါဘူး။ နိုင်ငံတော်ရဲ့ လုံခြံုရေး၊ နိုင်ငံသားတွေနဲ့ ပတ်သက်တဲ့ ထိခိုက်နိုင်တဲ့ အကြောင်းအရာတွေကတော့ လုပ်ခွင့်မရှိသလို၊ ရေးသားပြောဆိုခွင့်လဲ မရှိပါဘူး။ အဲဒါနဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာ သတင်းစီစစ်ရေးအဖွဲ့ကဆုံးဖြတ် ပါလိမ့်မယ်။ ကျနော်တို့ အလုပ်မဟုတ်ပါဘူး”ဟု ဦးဉာဏ်ထွန်းက ပြောသည်။
ရန်ကုန်တိုင်းအစိုးရသစ်အနေဖြင့် မီဒီယာများနှင့် တပတ်တကြိမ် အင်္ဂါနေ့တိုင်းတွေ့ရန်စီစဉ်ထားကြောင်း နှင့် ဝန်ကြီးဌာနအလိုက် သက်ဆိုင်သူများက တိကျစွာ ပြန်လည်ဖြေဆိုနိုင်ရန် မေးခွန်းများကိုကြိုတင်ပေးပို့ ထားရန် လိုကြောင်းလည်း သူကပြောခဲ့သည်။