သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း) မြို့နယ် အုပ်ချုပ်ရေးမှူးစိုင်းဖိုးကြည် အပေါ် ယခင် စစ်ထောက် လှမ်းရေးဟောင်း တပ်ကြပ်ကြီး မင်းအောင်မှပြည်နယ်ဝန်ကြီး ချုပ်ထံတိုင်ကြားထား သည့်စာနှင့် ပတ်သက် ၍ မူစယ် ခရိုင် အုပ်ချုပ်ရေးရုံး၌ ယနေ့စုံစမ်းစစ် ဆေးမှုပြုလုပ် နေကြောင်း သိရသည်။
၎င်းအား အရည်အချင်းမရှိသူ လာဘ်ယူသူ ဆက်ဆံရေးမကောင်းသူဟု စွပ်စွဲ၍ မေလဆန်းပိုင်းကတိုင်ကြား ခဲ့ရာ အဆို ပါတိုင်ကြားစာ မှန်ကန်မှုရှိမရှိ ကနဦးစစ်ဆေးခြင်းဖြစ်ကြောင်း အကြားအမြင်များသည့်ဒေသခံ တစ်ဦးက သျှမ်းသံ တော်ဆင့်သို့ ပြောသည်။
“ပန်ဆိုင်းအုပ်ချုပ်ရေးမှူးအပေါ် ပြည်နယ်ဝန်ကြီးချုပ်ထံ တိုက်ရိုက်တိုင်ကြားစာနဲ့ ပတ်သက်လို့ မူစယ်ခရိုင် အုပ်ချုပ်ရေး မှူးရုံးမှာ ဒီနေ့ စစ်ဆေးမှုလုပ်တယ်။ စာပါအကြောင်းအရာတွေ မှန်တယ်လို့စစ်ဆေးတွေ့ရှိရင်တော့ အရေးယူမှုတစ်ခု ခုတော့ လုပ်နိုင်တာပေါ့ ” ဟု သူက ဆိုသည်။
မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တိုင်ကြားသူ အကြား ပုဂ္ဂိုလ်ရေးအရ အဆင်မပြေမှုကြောင့်တိုင်ကြားခြင်းဖြစ် ဖွယ်ရှိသည် ဟု သူက ဆိုသည်။
“ပန်ဆိုင်းမှာ လောင်းကစားဝိုင်းတချို့ရှိတယ်၊ ဖေါင်းဆိုင်ပြည်သူ့စစ်တို့ မုံးပေါ်ပြည်သူ့စစ်တို့က ဖွင့်ထားတာ၊ အဖွဲ့ အစည်းတွေဆိုတော့ ဖွင့်ခွင့်ရတယ်ပေါ့၊ သူဖွင့်တော့ခွင့်မပြုဘူး ဆိုတဲ့ အချက်ပေါ်မှာ မကြေမချမ်းဖြစ်ပြီး တိုင်ပုံရတယ်၊ ကျကြားသလောက်တော့ ဒီအုပ်ချုပ်ရေးမှူးက အေးအေးပါပဲ” ဟု ဆိုသည် ။
ပန်ဆိုင်းမြို့နယ်အတွင်း လောင်းကစားဝိုင်းဖွင့်သည့် ကိစ္စနှင့်ပတ်သက်၍ လွန်ခဲ့သည့်နှစ်အတွင်းကလည်း မြို့နယ်အာ ဏာပိုင်နှင့် အဆိုပါ စစ်ထောက်လှမ်းရေးဟောင်းတို့ အကြား ပြဿနာ ကြီးငယ်ပေါ်ပေါက် ခဲ့သေးကြောင်း သိရသည်။
ယခုကိစ္စသည် မြို့နယ်အုပ်ချုပ်ရေးမှူး နံမယ်တပ်၍ ပြည်နယ်ဝန်ကြီးချုပ်ထံ ပထမဆုံးအကြိမ်တိုင်စာဖြစ်သလို မူစယ် ဒေသတွင် အာဏာပိုင်အဆင့်အား ရှားရှားပါးပါး တိုင်ကြားသည့် အမှုဖြစ်ကြောင်း သိရသည်။
အကယ်၍ အဆိုပါတိုင်ကြားမှု အောင်မြင်ပါက အုပ်ချုပ်ရေးအာဏာပိုင်များအပေါ် တိုင်ကြားမှုများဆက်တိုက် ဖြစ် ပေါ်လာ နိုင်ကြောင်း လေ့လာသူများက သုံးသပ်သည်။