ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒီမိုကရေစီလမ်းကြောင်း ကွဲလွဲနေသည့် ၂ဝဝ၈ အခြေခံဥပဒေအချို့ကို လွှတ်တော်မှ တဆင့် ပြုပြင်ပြောင်းလဲသွားရန် စီစဉ်နေကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ရွှေကပြော သည်။
တတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို နိုင်ငံတဝှန်းမှ ကော်မတီဝင် ၁၄ဝ ကျော်ဖြင့် မလ ၉ ရက်နေ့မှ ၁ဝ ရက်နေ့ထိ ကျင်းပခဲ့ကာ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်တွင်းမှ ဆောင်ရွက်မည်ဟုဆုံးဖြတ်ခဲ့ ကြပြီး၊ ထို့အတွက် ဥပဒေရေးရာ ကော်မတီဖွဲ့၍ စိစစ်နေပြီလည်း ဖြစ်သည်။
“အခုကတော့ စိစစ်နေတုန်းပါပဲခင်ဗျ။ Democratic characters ပေါ့။ ဒီဟာနဲ့ သိပ်ပြီးတော့ ကွဲလွဲနေတဲ့၊ ဆန့်ကျင်နေတဲ့ ဟာမျိုးပေါ့လေ။ ဒါကို လွှတ်တော်တွင်း နိုင်ငံရေးအရ လွှတ်တော်နည်းလမ်းနဲ့ပဲ ဆောင်ရွက် မှာ ဖြစ်ပါတယ်” ဟု ဦးဟန်ရွှေက မဇ္စျိမကို ပြောသည်။ မည်သည့်အချက်များ ဖြစ်သည်ကိုမူ အသေးစိတ်ပြောဆို ခြင်း မပြုပေ။
နှစ်ပေါင်း ၂ဝ အကြာ၌ ပထမဆုံး ပြန်လည်ပြုလုပ်သည့် တတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် ကာလတလျှောက် ပါတီ့လုပ်ဆောင်ချက်များနှင့် ဆက်လက်လုပ်ကိုင်မည့် စည်းရုံးရေး၊ နိုင်ငံရေးနှင့် ဘဏ္ဍာရေး လုပ်ငန်းစဉ်များကိုပါ ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။
၁၉၉ဝ နှင့် ၁၉၉၁ ခုနှစ်တွင် အလားတူ အစည်းအဝေးမျိုး ကျင်းပခဲ့ကာ၊ ပါတီမူဝါဒ စည်းမျဉ်းများအရပုံမှန် စည်းဝေးရန် ရှိသော်လည်း ကော်မရှင် အကန့်အသတ်များကြောင့် မလုပ်နိုင်ခဲ့ကြောင်း ဦးဟန်ရွှေက ပြောသည်။
ပါတီအဖွဲ့ဝင်ပေါင်း ရ သိန်းရှိသည့် တစည အနေဖြင့် ဘဏ္ဍာငွေ တောင့်တင်းရန်အတွက် စီးပွားရေးလုပ်ငန်းများ ထူထောင်သွားမှာ မဟုတ်ဘဲ ပါတီဝင်တဦးကို နှစ်စဉ် ကျပ် ၁ဝဝ စီ ကောက်ခံသွားမှာဖြစ်သည်။ ၎င်းတို့ပါတီကို လိုလားသည့် ပုဂ္ဂိုလ်များထံမှ လှူဒါန်းငွေများနှင့်ပါ ဆက်သွားမည်ဟု ဦးဟန်ရွှေက ဆိုသည်။ ပြည်ပနိုင်ငံများမှ အကူအညီငွေများကိုမူ လက်ခံသွားမှာ မဟုတ်ဟုလည်း ပြောဆိုသည်။
ကြံ့ဖွံ့ပါတီပြီးလျှင် အမတ် ၆၄ နေရာဖြင့် ဒုတိယ လိုက်သည့် တစည သည် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လ လွှတ်တော် ၃ ရပ် အစည်းအဝေးများတွင် အဆိုတင်သွင်းမှု၊ ကန့်ကွက်မှုများ မပြုလုပ်ခဲ့ပေ။
အာဏာရှင်ဟောင်း ဦးနေဝင်းဦးဆောင်သော ၂၆ နှစ်ကြာ တပါတီစနစ်ဖြင့် အုပ်ချုပ်ခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) သည် ၁၉၈၈ ခုနှစ်တွင် နိုင်ငံတဝှန်း ဒီမိုကရေစီရေး တောင်းဆိုသောလူထုအုံကြွမှု ကြောင့် ပျက်သုဉ်းခဲ့ပြီး၊ နောက်ပိုင်းတွင် (တစည) အဖြစ် အမည်နှင့် ခေါင်းဆောင်မှုပါ ပြောင်းလဲ၍အမွေ ဆက်ခံခဲ့သည်။