ရေသာများ၍

ရေသာများ၍
by -
ဘိုဘိုလန်းစင်

ဟိုတနေ့က အသားတုချက်စားကြပါသည်။ မစားရတာ အနှစ်ဆယ်နှင့်ချီနေပြီဖြစ်၍ တော် တော်ကောင်း ပါသည်။ သို့သော်အသား တုမှာ အသားစစ်မဟုတ်သလိုအာဟာရဓာတ်ပြည့်ဝ သည် ဆိုစေကာမူလတ်ဆတ် သော ခဲဘွယ် ကားမဟုတ်၊ ဓာတုဗေဒဖြင့် ပြုစီရင်ထား၍ စွဲမြဲသုံးဆောင်ရန် လည်းသင့်သည်ဟု မထင်။

ဟိုတနေ့က အသားတုချက်စားကြပါသည်။ မစားရတာ အနှစ်ဆယ်နှင့်ချီနေပြီဖြစ်၍ တော်တော်ကောင်း ပါသည်။ သို့သော် အသားတုမှာ အသားစစ်မဟုတ်သလို အာဟာရဓာတ်ပြည့်ဝသည် ဆိုစေကာမူလတ်ဆတ် သော ခဲဘွယ်ကားမဟုတ်၊ ဓာတုဗေဒဖြင့် ပြုစီရင်ထား၍ စွဲမြဲသုံးဆောင်ရန်လည်းသင့်သည်ဟု မထင်။ သို့သော် ပဲတွေ ဟင်းရွက်ဟင်းသီးတွေ စားနေကျက အသားတု သက်သက်လွတ်ကို စားရသည့်အခါ ရသာပြောင်းဟု တပ်မက်မိကြမည်ပင်။

အတုတွေ အန္တရာယ်ကို တလောက လူထုဦးစိန်ဝင်း အလဲဗင်းဂျာနယ်တွင် သတိပေးသွားသည်ကိုဖတ်လိုက် ရသည်။ ဟုတ်ပ၊ မြန်မာပြည်တွင် ဆင်တူရိုးမှားအတုအပများက ခုထိ ဒုက္ခပေးလှသည်။အတုမိသူတွေမှာ လည်း အတုမှန်းမသိသည့်မောဟ၊ သိသည့်တိုင် အလိမ်မျက်နှာကြီးကိုကြောက်၍ ငြိမ်ကာအချင်ယောင် ဆောင်ရသည့် ဘယာဘေးများက ကြီးသည်မဟုတ်လား။ ကျနော့စိတ်ထဲ အာဏာရစစ်အာဏာပိုင်များ သည် လူထုကို ရေထိုး၍ နွားနို့ရောင်းသလို အဖိုးတန်သမျှ ပေါချောင်ညံ့ဖြစ်အောင် လုပ်ရာ၌ အင်မတန် စေတနာသန်သည် ထင်ပါသည်။ လူထုဦးလှ ရေးခဲ့သည့်ဝတ္ထုတပုဒ်ခေါင်းစဉ်လို လိမ်တဲ့လောက။ ဂျပန် ခေတ်အကြောင်း အိုင်စီအက်စ် ဦးချမ်းသာရေးပြသည်ကတော့ “တူတူလိမ်၊ တည့်တည့်လိမ်၊ ဗြောင်လိမ်” ဆိုပဲ။

စစ်အာဏာပိုင်များသည်လူထုကို ရေထိုး၍ နွားနို့ရောင်းသလိုအဖိုးတန်သမျှပေါချောင်ညံ့ဖြစ်အောင် လုပ်ရာ၌ အင်မတန် စေတနာသန်သည် ထင်ပါသည်။

တက္ကသိုလ်ကောလိပ်တွေ တနိုင်ငံလုံး မှိုလိုပေါက်အောင် ဖွင့်ပေးပါသည်၊ သို့သော်အခြေခံ အဆောက်အအုံ ဘာမှမပါ၊ မြို့စွန်တောချောင်မှာ။ ပညာရေးကိုလည်း မြှင့်ပေးသည်၊ ကျူရှင်ခတွေစျေးကြီး၊သင်ရိုးကြီးကြီး ကျယ်ကျယ်တွေပြောပီး ဘွဲ့လက်မှတ်က ဂျပန်စက္ကူလိုဖြစ်အောင် အကွက်ချစီမံသည်။လူမှုရေးကဏ္ဍကို လည်း အန်ဂျီအိုပေါင်းစုံလက်ထဲ ထိုးထည့်ထားသည်။ နိုင်ငံရေးကျတော့ကော၊ လွှတ်တော်တွေ၊ အမတ် တွေ၊ ပါတီတွေ ရှိပါသည်ဆိုရုံ ရုပ်ပြလက်သပ်မွေးအဆင့်တွင်ထားသည်။တရားလွှတ်တော်ဆို တာတွေ တနိုင်ငံလုံး လျှောက်ဖွင့်လိုက်ပီး မဏ္ဍိုင်ကြီး ၃ ရပ် သီးခြားလည်ပတ် နေပါပီဟု ဆိုလိုက်သေးသည်။ မဏ္ဍိုင်တွေကို ငါးခြောက်ခွဲသလို ခွဲချင်သလောက် ခွဲနိုင်သော်လည်း ထိုမဏ္ဍိုင်တွေ လည်ပတ်ပုံလည်ပတ် နည်း၊ လည်ပတ်မည့်သူတွေက ဟုတ်ဟုတ်ညားညား ရှိဘို့လိုသည်။ ဒီမဏ္ဍိုင်တွေက ခေတ်တိုင်းမရှိမဟုတ်၊ ရှိသော်လည်း အုပ်စိုးသူ လူတန်းစား အကျိုးစီးပွားကို မလွန်ဆန်နိုင်သည်က ဘယ်ခေတ်မှမလွတ်။

စီးပွားရေးတွင် ပုဂ္ဂလိကပိုင်ပြုသည်၊ စျေးကွက်စီးပွားရေးပီပြင်အောင်လုပ်မည်၊သန့်ရှင်းသောအစိုးရ စသည် ဖြင့် လူကြားကောင်းအောင် စိတ်ကူးရှိသလောက် ပြော၍ဖြစ်သော်လည်း လက်တွေ့တွင်ဘယ်လောက် အလုပ်ဖြစ်နိုင်သည်က မှန်းရတာလွယ်လွန်းနေသည်။ လက်ရှိစီးပွားရေးအကျိုးစီးပွားတွေ ဘယ်သူတွေထံ ကိန်းဝပ်နေသည်ကို မသိမဟုတ်ကြ။ လူကြားကောင်းသည့် မိန့်ခွန်းကြီးတွေနှင့်လူယုံအောင် လှိမ့်သည့် နေရာ တွင် ဟစ်တလာကိုတော့ ဘယ်သူမှ မမီနိုင်သေးပါ။ ဂျပန်ခေတ်က ဒေါက်တာဗမော်လည်းမိန့်ခွန်းကြီး တွေချွေရင်း တောင်ရှည်ပုဆိုးကြီးမနေသည်နှင့် ဂျပန်စစ်ရှုံးမှ မင်းသားကြီးတခန်းရပ်သွားဘူးသည်။ မီဒီယာဆိုသည်များမှာလည်း အစိုးရနှင့်မကင်းရာမကင်းကြောင်းတချို့ကို အခွင့်ထူးပိုပေးပီး လွတ်လပ်ခွင့် ရှိပါသည်၊ ဝေဖန်နိုင်ပါသည်ဟု နှပ်ကြောင်းလေးပြလိုက်ရုံနှင့် ဖိနှိပ်မှုအလုံးစုံကိုဖုံးဖိထားနိုင်မည်ထင်ကြ သည်။ အစစ်အရသာမသိသူများကို လိမ်စား၍ကောင်းသော ရွှေရည်စိမ်ခေတ်များ။

(၂)

စစ်သေနာပတိ စစ်တပ်ကိုပင် ဘယ်သူကိုင်ထားသည်သေချာမသိ၊ ကာကွယ်ရေးဦးစီးချုပ်ဘဝမှ ကာချုပ် ရုပ်သေးဖြစ်ရသည့်ခေတ်၊ ဗိုလ်ချုပ်စန်းယု၊ ဗိုလ်ချုပ်သူရတင်ဦး၊ ဗိုလ်ချုပ်ကျော်ထင်၊ ဗိုလ်ချုပ်စောမောင် ဦးစီးချုပ်လေးဆက်ပေါ်မှ သမ္မတကြီး၊ ဥက္ကဋ္ဌကြီးတယောက် ၁၆ နှစ်ခန့်လမ်းညွှန်သွားခဲ့ဘူးသေးသည် မဟုတ်ပါလား။ အသက်ရှည်ရှည်နေရခြင်း၊ အကြားအမြင်အဖတ်အရှု များရခြင်းများ၏ ကောင်းကျိုးမှာ လူလိမ်လူညာများများခံဘူး၍ လူ“အ”ပါးဝခြင်းဟု ဆိုရမလိုလို။ မည်သူ့အဖေခေါ်ရမှန်း မသိသည့်ဘဝမှာ ခုမှကြံုကြရသည်မဟုတ်၊ ဗိုလ်ချုပ်စောမောင်တက်စ တပ်မတော်နေ့လား အခမ်းအနားကြီးတွင် ထိပ်က မိန့်မိန့်ကြီးထိုင်နေသော ပုဂ္ဂိုလ်ကြီးတယောက်ပုံကို သတင်းစာမျက်နှာဖုံးမှ ဖူးဘူးခဲ့ကြပီမဟုတ်ပါလော။ နဝတဖျက်သိမ်း၍ နအဖဖွဲ့သည်အထိ “အဖေကြီး”က နောက်ကပါနေသေးသည်ဆိုသော စကားများလည်း ကြားခဲ့ဘူးသေးသည်။ အကျိုးစီးပွား အဝေမတည့်ကြမှ “ကြိတ်ပုန်း” နန်းချပွဲတွေဖြစ်ကုန်သည်။ ဤတကြိမ်တွင်တော့ ရွှေပေါက္ကံကို ကြာကြာနန်းထိုင်နိုင်အောင် မျှမျှတတ ကြည့်စားကြမည် ထင်ပါသည်။

 အသက်ရှည်ရှည်နေရခြင်း၊ အကြားအမြင် အဖတ်အရှုများရခြင်းများ၏ကောင်းကျိုးမှာ လူလိမ်လူညာ များများခံဘူး၍ လူ “အ” ပါးဝခြင်းဟု ဆိုရမလိုလို။

ဤနှစ်တွင် အနှစ်တရာပြည့်သော တရုတ်ပြည် ဘူဇွာတော်လှန်ရေးအပီး သမ္မတနိုင်ငံခေတ်ကိုအောက်မေ့ စရာ။ ဆွန်ယက်ဆင်မှာ အမျိုးသားခေါင်းဆောင်ကြီးသာဖြစ်ရသည်၊ တကယ့်အာဏာက စစ်ဘုရင်တွေ လက်ထဲ။ ထိုထက် ပီကင်းတွင် စည်းစိမ်မပျက် ခံစားနေသည့် မန်ချူးမင်းဟောင်း၏ နန်းတော်ကြီးအုပ်စုက နောက်ကနေ နန်းပြန်ရအောင် စက်လှည့်နေပြန်သည်။ တိုင်းပြည်ဗရုတ်ဗရက်တွင်တက်လာသည့်သမ္မတ တွေက ဘုရင်ပေါက်စန၏ ဆရာ၊ ဘုရင့်သစ္စာခံစစ်ဘုရင်တွေပါ၏။ သူတို့ကိုယ်တိုင်ကဘုရင်ခေတ်ပြန် ရောက်အောင် ကြိုးပမ်းနေသေး၏။ နောက်ဆုံး ချန်ကေရှိတ် စစ်တပ်ကိုကိုင်နိုင်မှ နန်းတော်ထဲကဘုရင် အုပ်စုကို ဖယ်ထုတ်ပစ်နိုင်သည်။ ယခုလည်း အိမ်ဖြူတော် ပြတင်းရွှေချနှင့် အိမ်ငြိမ့်စံနေသောမင်းဘုရားကြီး များသြဇာက ဘယ်ထိညောင်းနေမည်မသိ။ ဒါကိုပင် ဒီမိုကရေစီပျားရည်ဆမ်းဟု ဆိုရဲသေးသည်။

(၃)

ပညာတတ်တွေ ဝန်ကြီးမှူးကြီးတွေဖြစ်လာတာ အများကြီးမျှော်လင့်စရာဟုမျှော်တလင့်လင့်နေသူများ လည်းမရှား။ အဲဒိပညာတတ်တွေ ဘယ်တုံးက ရွပ်ရွပ်ချွံချွံ တိုင်းပြည်အတွက် သတ္တိပြောင်တာကြားဘူး သလဲဟု မေးလျှင် မည်သို့ဖြေကြမည်မသိပါ။ ပညာရှင်ဆိုသည်မှာ စင်စစ်ဝန်ထမ်းအကြီးစားကျွန်အကြီး စားထဲကဖြစ်ရာ ချီးမြှင့်မြှောက်စားသည့် အာဏာပိုင် ငွေရှင်ကြေးရှင်လူတန်းစားကိုရှာဖွေဆည်းကပ်ရသည် ချည်း။ ဤကား နန်းတွင်းခေတ်မှ ခေတ်အဆက်ဆက်မှန်မည့်တရားသဘောပင်။ ကျွန်ခေတ်မှ ယနေ့အထိ မင်းတိုင်ပင်ကောင်စီအဆက်ဆက်တွင် ကင်းဝန်မင်းကြီး၊ ဦးမေအောင်၊ ဆာဂျေအေစသည့်ပညာရှိကြီးများ အဆက်ဆက်အမှုတော်ထမ်းခဲ့သည်ချည်း။ မည်သူမျှ နလပိန်းတုံးတွေရံ၍ မနေခဲ့။အုပ်ချုပ်သူလူတန်းစား အကျိုးအတွက် အမြင်အကောင်းဆုံးဖြစ်အောင် ပညာရှိများအကူနှင့် တိုင်းပြည်ကိုသုံးစားခဲ့သည်သာချည်း။

ဝေးဝေးမကြည့်နှင့်၊ ဦးနုခေတ်က ဦးသန့်၊ ဦးအုန်းစသည့် စာသမားအကြံပေးကြီးတွေရံသည်ဆိုပေသိ၊ တိုင်းပြည်ငြိမ်းချမ်းအောင် အကြံပေးဘို့ထက် ဦးနုခိုင်းတာလုပ်ရသည်နှင့်ဖတ်ဖတ်မောနေကြသည်မဟုတ် လား။ ၁၉၆ဝ က ဦးနု ပထစပြန်အတက်တွင် အကြံပေးအဖွဲ့ခန့်သည်ဆိုပီး သမ္မတဟောင်း၊တရားဝန်ကြီးချုပ် ဟောင်း၊ လွှတ်တော်ဥက္ကဋ္ဌဟောင်းစသည့် အဟောင်းကြီးများနှင့် ရံကာမှ ဗလိနတ်စာကျွေးတာလိုစိတ်ကူး ပေါက်ရာတွေ လုပ်ခဲ့သေးသည် မဟုတ်လော။ တပ်မတော်က လက်သပ်မွေးလာသည့် ဒေါက်တာ မောင်မောင် ကဲ့သို့ ပညာရှိများကော ဘာထူးပါသနည်း။ ကမ္ဘာ့အငယ်ဆုံး တရားသူကြီးချုပ်ခေတ်မှဗြိတိသျှ အစဉ်အလာ တရားရေးစနစ်၊ ဥပဒေသင်ကြားရေးစနစ်ကို အမြစ်က တိုက်လှဲခဲ့သည်။အရေးအခင်း တွင်းက လူတချို့က အရပ်သားသမ္မတကြီးထံ တိုင်းပြည်ကောင်းရာကောင်းကြောင်း လာပြောသည်ကိုသမ္မတ ကတော် အမတ်မင်းသမီးက “ငါတို့ဒုက္ခရောက်အောင် မလုပ်ပါနဲ့”ဟု ပိတ်ပင်ခဲ့ဘူးသည်။

ဒေါက်တာမောင်မောင်သာမက သူ့ယောက်ဖ ဒေါက်တာခင်မောင်ဝင်း (ဒဿန)လို ဆရာကြီးပါပညာရေး ဝန်ကြီး ဘဝနှင့် တိုင်းပြည်ဝန်ထမ်းသည့်ခေတ်တွင် ပညာရေးဘာအဆင့်မြင့်ခဲ့ပါသနည်း။ ဆန္ဒပြပွဲများဖြိုခွဲပီး စာပေးစာယူ၊ ဒေသကောလိပ်ခေတ်ပင် ဖြစ်ခဲ့သေးသည်။

ပညာရှင်ဆိုသည်မှာ စင်စစ်ဝန်ထမ်းအကြီးစား ကျွန်အကြီးစားထဲကဖြစ်ရာချီးမြှင့်မြှောက်စားသည့်အာဏာ ပိုင် ငွေရှင်ကြေးရှင်လူတန်းစားကို ရှာဖွေဆည်းကပ်ရသည်ချည်း။

မဆလခိုင်းဘက် ပညာတတ်များကို အသာထား၊ လက်ရှိ လူစိတ်ဝင်စားနေသောအမျိုးသမီးဒုဝန်ကြီးဆို သူများမှာ တယောက်က အမျိုးသားညီလာခံထဲက တောက်လျှောက် အိမ်တော်ပါ ခုဇ္ဇာဖြစ်သည်၊နောက် တယောက်ကလည်း ထောက်လှမ်းရေးပြုတ် ဗိုလ်မှူးဟောင်းကတော်။ ဒေါက်တာဖေသက်ခင်ဝန်ကြီးဖြစ် တော့ လူကောင်းတက်ပီဆိုပီး မျှော်ကြသည်။ ထုံးစံအတိုင်း ကျန်းမာရေးဌာနက အရာရှိတွေက ဘက်ဂျက်နဲ့ ညှစ်ထားမှာပေါ့ဟု ဌာနအကြောင်းသိတွေက ဆိုသည်။ ဌာနတွင်လည်း ဆေးရုံဘက်နှင့် ရုံးဘက်ကပညာ အပြိုင်ပြနေကျဖြစ်ရာ ဝန်ကြီးပြာဋိဟာပြခန်းကိုပဲ မျှော်မိပါသေး။ မြန်မာပညာတတ်များမှာမိမိပညာနှင့် ရနိုင်သည့် စည်းစိမ်ဥစ္စာထက် လာဘ်သပ္ပကာကို အင်မတန်မျှော်မြင်ရာသူတို့ကိုကောင်းကောင်းခွံ့ပီးခိုင်း မည့် လယ်ရှင်မျိုးက မရှားပါ။

၂ဝဝ၇ အရေးအခင်းတွင် ဓာတ်ဆီစျေးတက်ရန် အကြံပေးခဲ့သည်ဟု ကောလာဟလထွက်၍ “မြန်မာပြည်မှာ ပညာရှင်တွေ အကြံပေးတိုင်း အစိုးရက အရေးတယူပြုဆောင်ရွက်လေ့ မရှိပါဘူး” ဟု ထရှင်းရသည့် ဒေါက်တာကြီးလည်း ယခုတော့ ခေတ်မီသူတိုင်း အကြံပေးသည့်အုပ်စုတွင် ၂ ပဲ ၁ ပြား ပညာရှိများနှင့် တလှေထဲ စီးနေပါပီ။

မဆလခေတ် နိုင်ငံတော်ကောင်စီတွင် ပင်လုံစာချုပ်၏ အဓိကဆော်သြသူ၊ ဖက်ဒရယ်မူအကြံပေးပါမောက္ခ ဦးတင်ဧလို တိုင်းရင်းသားပညာရှင်တွေ၊ ပင်လုံစာချုပ် လက်မှတ်ထိုးသူကြီးတွေ၊ ပဲခူးဦးသာဒင်လိုပထမ တက္ကသိုလ်သပိတ်မှ ပမညတခေတ်ထိ နိုင်ငံရေးသမ္ပဇဉ်ကြီးသူတွေ စသဖြင့် လူအိုတွေတလှေကြီးနှင့် တန်ဆာဆင်ဘူးပါသည်။ သို့သော် ဆိုရှယ်လစ်ခေါင်းဆောင်ကြီး ဦးနေဝင်းက ထိုမျှနှင့်အားမရ၊ တက္ကသိုလ် ကျောင်းသားရေးမှူးဟောင်း အမေရိကန်ကို လမ်ဘီယာမဟာဘွဲ့ခံ ဦးစံထွန်းဆိုသည့် ပုဂ္ဂိုလ်ကြီးပါ မ လာ ပါသည်။ အဘယ်က မျက်စိတွေ့လာပါသနည်းဟူသော် ခေါင်းဆောင်ကြီး ကျန်းမာရေးအတွက်ဂေါက်ကွင်း သွားရာလမ်းတွင် ဦးစံထွန်းခြံကို ဖြတ်သွားရသည်ဟူ၏။ နေ့စဉ်ဖြတ်နေသော ယာဉ်တန်းကို ဦးစံထွန်းက ခြံဝမှထွက် လက်ပြသည်ဆို၏။ အဲဒါ ဘယ်သူလဲဟု နေ့တိုင်းမြင်နေသည့် နံပါတ်ဝမ်းကြီးကဘေးဘီကို မေးပီး နိုင်ငံတော်ကောင်စီထဲ ထဲ့လိုက်ကွာဆို၍ ရောက်လာသည်ဟု လမ်းစဉ်ပါတီ လူငယ်ရေးရာမှ ဦးမင်းထွေးပြောသည့် အတွင်းရာဇဝင်တပုဒ်ကို ကြားဘူးပါသည်။ ဦးစံထွန်းက ဘာလို့လက်ပြရတာလဲဟု မေးမိရာ “ကြီးတော့ ကြောင်တာပေါ့”ဟုသော အဖြေထူးကြီးကို ရခဲ့ပါသည်။ ယခုလည်းကွန်မြူနစ်လက်နက် ချ မဆလဟောင်းတသိုက် တောင်ရေးမြောက်ရေးနှင့် လေးစားမှန်းမသိ မလေးစားမှန်းမသိ တိုင်းပြည်ကို ဆိုဆုံးမရင်း စေတနာ့ဝန်ထမ်း မင်းဆရာရူးထနေသည်ကို သက်ကြီးလူပြက်များပမာ တွေ့နေရရာဟံသာဝတီ ဦးဘရင်ကြီး ဗိုလ်ချုပ်ကြီးနေဝင်းနား ဝင်ချင်တာနဲ့ ဆိုရှယ်လစ်တွေပေါရာဏထဲမွှေရေးတာမှဖတ်ကောင်းပါ အုံး မယ်ဟုသာ ကြီးကြောင်ပဏ္ဍိတ်များကို အခါခါ သြချမိတော့သည်။