ကြ့ံဖွံ့ပါတီ ယာယီဥက္ကဋ္ဌအဖြစ် ဦးရွှေမန်း တာဝန်ယူ

ကြ့ံဖွံ့ပါတီ ယာယီဥက္ကဋ္ဌအဖြစ် ဦးရွှေမန်း တာဝန်ယူ
by -
ကျော်ခ

ချင်းမိုင် (မဇ္စျိမ) ။     ။ ပြည်ထောင်စု ကြ့ံခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ယာယီဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်းသည် မေလ ၂ ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်နေပြီဟု ပါတီတာဝန်ရှိသူများ အဆိုအရ သိရသည်။ 

shwemannအာဏာရ ကြ့ံဖွံ့ပါတီ၏ ဧပြီလနှောင်းပိုင်း အစည်းအဝေးက ဒုဥက္ကဋ္ဌဖြစ်သူ သူရ ဦးရွှေမန်းကို ယာယီဥက္ကဋ္ဌ၊ ဦးဌေးဦးကို အထွေထွေ အတွင်းရေးမှူး၊ ဦးအောင်သောင်းကို အတွင်းရေးမှူး ၁၊ ဦးသိန်းဇော်ကို အထွေထွေ အတွင်းရေးမှူး ၂ နှင့် ဦးမောင်ဦးကို စည်းကမ်းထိန်းသိမ်းရေး တာဝန်ရှိသူအဖြစ် ဆုံးဖြတ်ပေးခဲ့ရာ မေလ ၂ ရက်နေ့မှစ၍ ၎င်းတို့ ရုံးတက်ကြခြင်း ဖြစ်သည်။

“သူတို့အားလုံး ဒီလ ရုံးစတက်တယ်။ ရုံးချုပ်ကတော့ ရန်ကုန်ကနေ နေပြည်တော် ရွှေ့လိုက်ပြီ။လောလော ဆယ် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌ တာဝန်ကိုတော့ ဦးရွှေမန်း ကိုင်တာပေါ့နော်” ဟု ကြ့ံဖွံ့ပါတီ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

စစ်ဗိုလ်ချုပ်ကြီးများက မွေးထုတ်ပေးခဲ့သည့်  ကြ့ံဖွ့ံပါတီခေါင်းဆောင် အများစုမှာ အစိုးရသစ်၌ အုပ်ချုပ်ရေး တာဝန်များ ထမ်းဆောင်ရာ၌ ပါဝင်သွားပြီးနောက် ထပ်မံကိုင်တွယ်မည့် ခေါင်းဆောင်ပိုင်းကို တပ်မတော် ခေါင်းဆောင်ဟောင်းများဖြင့် ပြန်လည် အစားထိုးခဲ့သည်။

ကျစ်လစ်ခိုင်မာစွာ ပါတီရပ်တည်နိုင်ရေးနှင့် ပြိုကွဲမှု မဖြစ်စေရေးအတွက် ယခင် နအဖ စစ်အစိုးရလက်ထက် တတိယအကြီးဆုံး စစ်ခေါင်းဆောင် ဖြစ်ခဲ့ကာ၊ အစိုးရသစ် အောက်လွှတ်တော် ဥက္ကဋ္ဌ တာဝန်ယူထားသည့် သူရ ဦးရွှေမန်းကို ပါတီဥက္ကဋ္ဌ အဖြစ်ပါ ယာယီကိုင်တွယ်ရန် တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၏ လက်ရင်းလူယုံတဦးဟု စစ်တပ်အသိုင်းအဝိုင်းတွင်ထင်ရှား ခဲ့သူ ဦးအောင်သောင်းနှင့် ဆက်သွယ်ရေးလုပ်ငန်းများစွာတွင် အစိုးရနှင့် ပူးတွဲလုပ်ကိုင်ခွင့် ရရှိသည့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဟောင်း ဦးသိန်းဇော်ဖြင့်လည်း ထပ်မံအားဖြည့်ခဲ့သည်။ ပါတီ၏ စည်းကမ်းပိုင်းဆိုင်ရာကို ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦးက ကိုင်တွယ်သွားမည်ဖြစ်သည်။ 

“အရင်တုန်းက သူတို့အားလုံးက အစိုးရဘက်မှာရော၊ ကျနော်တို့ ပါတီ CEC မှာရော တာဝန်တွဲယူထားသူတွေပေါ့။ အခုကတော့ ပါတီတခုထဲကိုပဲ ဖိဖိစီးစီး လုပ်ကြမှာပေါ့လေ” ဟု ရန်ကုန်တိုင်း ပါတီတာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

ထိပ်ပိုင်းခေါင်းဆောင်များ အစိုးရသစ်တွင် တာဝန်များ ရရှိသွားပြီးနောက် ပါတီတွင်း၌ အဓိကနေရာရလာနိုင် သူအဖြစ် အများက ထင်ကြေးပေးခံရသည့် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းသည်ထိပ်ပိုင်း နေရာများနှင့် လွဲချော်ကာ ရန်ကုန်တိုင်း တာဝန်ခံရာထူးနှင့်ပင် ကျေနပ်ခဲ့ရသည်။

ဦးအောင်သိန်းလင်း အရွေးခံသည့် တောင်ဥက္ကပမြို့နယ်ရှိ လမ်းများကို ခင်းကျင်းရန် ငွေကြေးထုတ်ပေး ခဲ့သော်လည်း မပြီးပြတ်ခဲ့သလို၊ နိုင်ငံရေးဘက်၌တွင်ပါ ဆက်ဆံရေး မပြေပြစ်ဟု ပါတီလုပ်ဖော်ကိုင်ဘက်များ အဆိုအရ သိရသည်။ ထို့ပြင် ပိုင်ရှင်ရှိ မြေကွက်များကို အလွဲသုံးစား ပြုမှုဖြင့်ပါ နာမည်ထွက်နေသေးသည်။

ထို့အတူ ပါတီက ထူထောင်ခဲ့သည့် နာရေးကူညီမှုအသင်းပါ ပျက်စီးယိုယွင်းနေပြီဟု ပါတီတွင်းသတင်းများက ဆိုပြီး၊ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက လက်စမသတ်ခဲ့သည့် ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင်ရှိ လမ်းများမှာလည်း မပြီးပြတ်သေးကြောင်း သိရသည်။

ယခုအခါ ကြ့ံဖွံ့ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်များအကြား အာဏာခွဲဝေရာ၌ မကျေလည်မှုများ ရှိနေသဖြင့် စည်းရုံးရေး ကိစ္စများ၌ပါ အားနည်းလာနေကာ၊ အစိုးရသစ်တွင် တာဝန်ယူထားသူများ၏ ဝင်ရောက် ချယ်လှယ်မှုများကြောင့် မကျေမနပ် ဖြစ်နေကြကြောင်း ပါတီတာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုလာသည်။

ကြ့ံဖွံ့ပါတီကို ၁၉၉၃ ခုနှစ်မှစ၍ ၁၇ နှစ်ကြာ လူမှုရေးအသင်းအဖြစ် စစ်အစိုးရက ထူထောင်ခဲ့ပြီး၊ နာယက အဖြစ် ဦးသန်းရွှေနှင့် ဒုဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေးတို့က ဦးဆောင်လာခဲ့ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ ပါတီအဖြစ် အသွင်ပြောင်းခဲ့သည်။

ရွေးကောက်ပွဲတွင် လွှတ်တော် ၃ ရပ်ပေါင်း မဲဆန္ဒနယ် ၁,၁၅၄ အနက် ကြ့ံဖွံ့က ၈၈၂ နေရာ (၇၆.၅ ရာခိုင် နှုန်း) ဖြင့် အနိုင်ရခဲ့သည်ဟု စစ်အစိုးရ ကြေညာခဲ့သည်။

Most read this week