ရေကာတာ ဆောက်နေသော တရုတ်အင်ဂျင်နီယာ၏ ရေပိုက်များ ဖျက်ဆီးခံရ

ရေကာတာ ဆောက်နေသော တရုတ်အင်ဂျင်နီယာ၏ ရေပိုက်များ ဖျက်ဆီးခံရ
by -
ကေဒီအာရ်ဂျီ

ကရင်နီပြည် ဘောလခဲမြို့နယ် ရွာသစ် အနီးတွင် သံလွင်မြစ် ရေကာတာလာရောက်ဆောက်လုပ် နေသော တရုတ်အင်ဂျင်နီယာ အဖွဲ့မှ သွယ်ယူထား သော ရေပိုက်များကို ယခု မေလ (၂) ရက်နေ့က အမည်မသိ အဖွဲ့တဖွဲ့မှ ဖျက်ဆီးခဲ့သည်ဟုဒေသခံ များက ပြောသည်။

၎င်းအမည်မသိ အဖွဲ့သည် ရေကာတာ ဆောက်လုပ်နေသော တရုတ်အင်ဂျင်နီယာများမှ စခန်းချထားသည့် နေရာသို့ ရေသွယ်ယူလာသော ၄ လက်မ ပတ်လည်ရှိ ပိုက်လုံး ၄၅ ချောင်း၊ အရှည်အားဖြင့် ၅၀ မီတာကို ဖျက်ဆီးပစ်ခဲ့ခြင်း ဖြစ်သည်ဟု ရွာသစ်ဒေသခံတဦးက ပြောသည်။

“နံနက် (၃) နာရီလောက် အချိန်မှာဆိုရင် တရုတ်စခန်းဘက်ကို ရေမလာဘူး ဆိုပြီး တာဝန်ရှိတဲ့ လူတွေက ထကြည့် တော့ ရေးပေးဝေးတဲ့ ပိုက်လုံးတွေဟာ အမည်မသိ သူတွေ ဖျက်ဆီးသွားတယ်” ဟု ၎င်းက ပြောသည်။

salaween-river

ယခုတွင် တရုတ်နှင့် စစ်အစိုးရတို့သည် သံလွင်မြစ် ရေကာတာကို စတင်တည်ဆောက်နေပြီ ဖြစ်ကြောင်း၊ ရေကာတာ တည်ဆောက်ရန် အုတ်မြစ် ချရန်အတွက် မြေကြီးထဲ အနက် ပေ ၁၀၀၀ ခန့် တူးချနေပြီ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“မြေစတူးနေတာတော့ ကြာပါပြီး။ သူတို့ အဲဒီနေရာမှာ မြေကော်စက်၊ ဘူဒီဇယ် (၃) စီးက နေတိုင်းလိုလို တူးဆွနေပါတယ်။ အုပ်မြစ်အတွက် အောက်ကို တူးချနေပါတယ်” ဟု ရွာသစ် ဒေသခံက ပြောပါသည်။

ထိုရေကာတာ ဆောက်လုပ်ရန် အလုပ်သမားများကို မြန်မာရွှေတောင် ကုမ္ပဏီ လက်အောက်ရှိ ဟိုးတက် ကုမ္ပဏီက အခြားဒေသမှ ခေါ်ယူကြောင်း၊ အလုပ်သမားများ ခေါ်ယူသည့် ကိစ္စအပေါ် မြန်မာကုမ္ပဏီနှင့် တရုတ် ကုမ္ပဏီ အကြားတွင် အငြင်းအခုံ အနည်းငယ် ဖြစ်ပွားကြကြောင်း ဆိုသည်။

“တရုတ်တွေရဲ့ စိုးရိမ်မှုက ဘာလဲဆိုတော့ တကယ်လို့ ဒေသခံတွေကို အလုပ် မပေးရင် ရေကာတာကို သူတို့ ဆန့်ကျင်လာနိုင်တဲ့ အလားအလာ ရှိလာနိုင်တယ် ဆိုတာကို ထောက်ပြပါတယ်။ ဒါပေမဲ့ မြန်မာကုမ္မဏီက ဒါကို ဂရုမစိုက်ဘူး” ဟု ဒေသခံတဦးက ပြောသည်။

ရွာသစ်ရှိ သံလွင်မြစ်ပေါ်၌ တရုတ်နှင့် စစ်အစိုးရတို့ ပူးပေါင်းတည်ဆောက်မည့် ရေကာတာသည် လျှပ်စစ်ဓါတ်အား (၆၀၀) မီဂါ၀ပ် ထုပ်လုပ်မည် ဖြစ်သည်။ ရေတာတာ တည်ဆောက်ရန်အတွက် မြန်မာစစ်အစိုးရနှင့် တရုတ်နိုင်ငံ တောင်ပိုင်း အကြီးစား ရေအားလျှပ်စစ် ထုတ်လုပ်ရေး ကုမ္ပဏီတခု ဖြစ်သည့် ဒါးတန်း ကော်ပိုရေးရှင်း (Datang Corporation) တို့သည် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ဇန်နဝါရီလတွင် နားလည်မှု စာချုပ်လက်မှတ်ရေးထိုးခဲ့ကြသည်။