နယူးဒေလီ (မဇ္စျိမ) ။ ။ သမ္မတဦးသိန်းစိန် အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးပါကမိတ်ဆွေ ဖြစ်သူ ဇာဂနာကို ဦးစွာတွေ့လိုကြောင်းနာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ရုပ်ရှင်သရုပ်ဆောင် ကျော်သူက ပြောဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးနှင့် ပြည်တွင်းစစ် ချုပ်ငြိမ်းရေးအတွက် သမ္မတ ဦးသိန်းစိန်ထံ လက်မှတ်ထိုး တောင်းဆိုသည့် လှုပ်ရှားမှုတွင် ဦးကျော်သူကိုယ်တိုင် လက်မှတ်ထိုးပြီး သူ၏ အသင်းသားနှင့် ဝန်ထမ်း စုစုပေါင်း ၁ဝ၈ ဦးထံမှပါ လက်မှတ်များ ကောက်ခံထားပြီး ဖြစ်သည်။
“မျှော်လင့်ချက်ကတော့ အားလုံးလွတ်စေချင်တဲ့ ဆန္ဒရှိတာပေါ့လေ။ တပြိုင်နက် အားလုံး လွှတ်ပေးလိုက်ရင် အကောင်းဆုံးပေါ့။ ကျနော်ကတော့ ကျနော့်မိတ်ဆွေကြီး ဇာဂနာပေါ့ဗျာ” ဟု ဦးကျော်သူက မဇ္စျိမကိုပြော သည်။
၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုအတွင်း တပတ်ခန့် အဖမ်းခံခဲ့ရသည့် သူက ယုံကြည် ချက်ကြောင့် အကျဉ်းကျသူများအပေါ် စာနာစိတ်ဖြင့် လက်မှတ်ထိုးမှုတွင် ပါဝင်လာသည်ဟု ဆိုသည်။
“ကိုယ်ချင်းစာမိတယ်။ ကျနော်လဲ စက်တင်ဘာတုန်းက ဘုမသိ၊ ဘမသိ အဖမ်းခံလိုက်ရတယ်။ ရ ရက်၊ ၈ ရက်လောက် အဆွဲခံရတဲ့ အချိန်မှာ တော်တော်လေး ခံစားလိုက်ရတယ်။ အကျဉ်းသားတွေဆိုရင်နှစ်ရှည် လများ ထောင်ထဲမှာ နေရတော့ အပြင်က သူတို့မိသားစုတွေ ဘယ်လောက် ဒုက္ခရောက်သလဲ။ ဒီဟာကို လူသားချင်း စာနာတဲ့အနေနဲ့ ပါတာပါ” ဟု သူက ဆိုသည်။
နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးရေး လက်မှတ်ရေးထိုးမှုကို ဧပြီနောက်ဆုံးပတ်က စခဲ့ကာ နာရေးကူညီမှု အသင်းဝင်များနှင့် ဝန်ထမ်းများ၏ လက်မှတ်များကို အစိုးရထံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှတဆင့် ပေးပို့သွားမည် ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပါက အစိုးရသစ်အတွက် လူထုယုံကြည်မှု ရလာနိုင်ပြီး နိုင်ငံတကာတွင်ပါ မျက်နှာပန်းလှမည်ဖြစ်သဖြင့် ပြန်လွွှတ်စေလိုကြောင်းနှင့် စွယ်စုံရအနုပညာရှင် ကိုဇာဂနာအတွက် အနုပညာရှင်များ ပါဝင်လက်မှတ်ထိုးသင့်ကြောင်း ဦးကျော်သူက တိုက်တွန်းသည်။
“အနုပညာလောက တခုလုံးက လုပ်ပေးသင့်တယ်။ ဒီကမ်ပိန်းကိစ္စမှာ ပါဝင်တက်ကြွသင့်တယ်။ မပါဝင်တဲ့သူကတော့ အတ္တသမားပဲ။ ကိုယ်ထိမှာကြောက်ပြီး မလုပ်ကြဘူး၊ အငြိုငြင်ခံရမှာ ကြောက်လို့ မလုပ်ကြဘူး။ လူသားစစ်စစ် ဖြစ်တယ်ဆိုရင် ဒါမျိုးက လုပ်သင့်တယ်” ဟု သူက ဆိုသည်။
NLD နှင့် ကွန်ယက်ဝင်များ ဦးဆောင်သည့် လက်မှတ်ထိုး လှုပ်ရှားမှုတွင် စာရေးဆရာကြီး ဒဂုန်တာရာ၊ သတင်းစာဆရာကြီး လူထုစိန်ဝင်း၊ ကာတွန်းအော်ပီကျယ် စသည့် စာပေနှင့် အနုပညာရှင်များ ပါဝင်ရေးထိုးခဲ့သည်။
ပြီးခဲ့သည့် ဧပြီလလယ်မှ လှုပ်ရှားမှု စတင်ခဲ့ရာ ထိုလ ၂၅ ရက်က လက်မှတ် ၄ဝဝ ကျော်ကို သမ္မတ ဦးသိန်းစိန်ထံ လိပ်မူကာ နေပြည်တော် သမ္မတရုံးသို့ စာတိုက်မှ ပို့ခဲ့ပြီး ဖြစ်သည်။
လက်မှတ်ရေးထိုး လှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ ကိုတိုးကျော်လှိုင်က နာရေးအသင်းနှင့် ဦးကျော်သူ၏ လက်မှတ်ထိုး ဆန္ဒပြုမှုကို ကြိုဆိုလိုက်ပြီး ထပ်ရသည့် လက်မှတ် ၂ သောင်းကျော်ကို မကြာခင် ပေးပို့မည်ဟု ဆိုသည်။
“လက်မှတ်တွေ ၂ ခါထပ်တာမျိုး မဖြစ်အောင် စိစစ်နေတော့ အပတ်စဉ်ပို့မယ့် အစီအစဉ် မလုပ်တော့ဘဲ စုထားတဲ့ လက်မှတ် ၂ သောင်းကျော်ကို စစ်ပြီးမှ နောက်တပတ်ထဲမှာ သမ္မတရုံးကို လိပ်မူပို့မှာပါ။ ဒီ ၂ သောင်းကျော်ထဲမှာ အလွှာစုံ ပြည်သူတွေပါတာ တွေ့ရတယ်။ ဆရာဝန်၊ တေးရေးဆရာ၊ ကုန်သည်၊ အိမ်ရှင်မ၊ အစုံပဲ” ဟု သူက မဇ္စျိမကို ပြောသည်။
သမ္မတ ဦးသိန်းစိန်၏ အာဆီယံ အစည်းအဝေး ခရီးစဉ်မတိုင်မီ လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဆိုသည့် သတင်းများ ရန်ကုန်တွင် ယခုရက်ပိုင်း ပေါ်ထွက်လာကာ ဗုဒ္ဓဟူးနေ့က အင်းစိန်ထောင်ရှေ့တွင် အကျဉ်းသား မိသားစုဝင်များနှင့် သတင်းထောက်များ သွားရောက်စောင့်ဆိုင်းသည်ထိ ရှိခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ပြန်လွွှတ်မှသာ ဆက်ဆံရေးလမ်း ပွင့်နိုင်မည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောဆိုထားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုနှင့် ပြည်တွင်း၌ မြေအောက်လှုပ်ရှားသည့် ကျောင်းသားအဖွဲ့များ အပါအဝင် ၁၁ ဖွဲ့ကလည်း ကြေညာချက်ထုတ်ကာ ပြန်လွှတ်ပေးရေး တောင်းဆိုခဲ့ကြသည်။
ထို့ပြင် ရွေးကောက်ပွဲဝင် တိုင်းရင်းသား ၅ ပါတီကလည်း နိုင်ငံရေး အကျဉ်းကျခံများ အပါအဝင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာရန် အစိုးရသစ်ကို ဧပြီ ၂၇ ရက်က တောင်းဆိုခဲ့သေးသည်။
ထိုင်းအခြေစိုက် နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) ထုတ် စာရင်းများအရ မြန်မာအကျဉ်းထောင်များတွင် သံဃာတော် ၂၂၅ ပါး အပါအဝင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂ဝ၇၆ ဦး ရှိကြောင်း သိရသည်။