မြန်မာပါ ပြန်ပေးဆွဲ သင်္ဘော အဆက်အသွယ် မရ

မြန်မာပါ ပြန်ပေးဆွဲ သင်္ဘော အဆက်အသွယ် မရ
by -
ကျော်ခ

ချင်းမိုင် (မဇ္စျိမ)။     ။ ဆိုမာလီ ပင်လယ်ဓားပြများ ပြန်ပေး ဆွဲသွားသည့် မြန်မာ သင်္ဘောသား ၃ ဦးပါ စင်္ကာပူ အခြေစိုက် Glory Ship Management ပိုင် MV GEMINI ကုန်တင်သင်္ဘောသည် ၄ရက်ကြာပြီ ဖြစ်သော်လည်း ကုမ္ပဏီနှင့် အဆက်အသွယ် ပြတ်နေသေးကြောင်း မြန်မာနိုင်ငံရန်ကုန်အခြေစိုက် ရုံးခွဲက ပြောသည်။ 

MV-GEMINI

ဓားပြများက ဓားစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားမှုတွင် သင်္ဘော အပါအဝင် မြန်မာနိုင်ငံသားသင်္ဘော ဝန်ထမ်း ၃ ဦးနှင့် အင်ဒိုနီးရှား ၁၃ ဦး၊ တရုတ် ၅ ဦး၊ တောင်ကိုရီးယား ၄ ဦး ပါရှိသွားသည်။

တန်ချိန် ၂၁ဝဝဝ ကျော် စားသုံးဆီနှင့် ကုန်များ တင်ဆောင်ကာ မလေးရှားမှ ကင်ညာသို့ ထွက်ခွါလာသည့် MV GEMINI သင်္ဘောသည် ဧပြီ ၃ဝ ရက်နေ့က ကင်ညာနှင့် ရေမိုင် ၁၈ဝ ခန့်အကွာတွင် ဓားပြများက သင်္ဘောကို ဝင်ရောက် စီးနင်းကာ ခေါ်ဆောင်သွားခြင်း ဖြစ်သည်။

သင်္ဘောသားများ အမြန်ဆုံး လွတ်မြောက်နိုင်ရန် စင်္ကာပူ ရုံးချုပ်က ဆောင်ရွက်မည်ဖြစ်ပြီး၊ မြန်မာသင်္ဘောသား များ၏ မိသားစုများကိုမူ ဗဟန်းမြို့နယ် ရှိ Glory Ship Management ရုံးခွဲက အကြောင်းကြားထားပေးကြောင်း ယင်းရုံးက ပြောဆိုသည်။ စင်္ကာပူအခြေစိုက် ရုံးချုပ်ကိုတော့ ဆက်သွယ်၍ မရပေ။

“လောလောဆယ်ကတော့ ဘာမှ အဆက်အသွယ် မရသေးဘူးပေါ့ဗျာ။ ပြန်ပေးသမားတွေကတော့ခဏထား ဦးမှာပေါ့။ ပြီးတော့မှ ဆက်သွယ် ခိုင်းပါလိမ့်မယ်။ အခုချိန်ထိတော့ အဆက်အသွယ် ပြတ်နေတယ်။ သူတို့ မိသားစုတွေကိုတော့ ကုမ္ပဏီကနေပြီးတာ့ အားလုံး အကြောင်းကြားထားပြီးပါပြီ” ဟု ရန်ကုန်အခြေစိုက် ရုံးခွဲတာဝန်ရှိသူ တဦးက မဇ္စျိမကို ပြောသည်။

ဓားပြများသည် ငွေကိုသာ လိုချင်၍ ဓားပြတိုက်၊ ပြန်ပေးဆွဲခြင်းများ ပြုလုပ်သောကြောင့် သင်္ဘောသားများ၏ အသက်အန္တရာယ် စိုးရိမ်စရာ မရှိသေးကြောင်းနှင့် ဓားပြများဘက်က မကြာမီ ဆက်သွယ် လာလိမ့်မည်ဖြစ် ကြောင်း ရန်ကုန်မြို့ အခြေစိုက် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများအသင်း ဗဟိုဦးစီးအဖွဲ့ဝင် ဦးဋ္ဌေးအောင်က မဇ္စျိမကို ပြောသည်။

အလားတူ ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာ ၁ဝ ရက်နေ့တွင် မြန်မာသင်္ဘောသား ၂၃ ဦး ပါရှိသော လိုက်ဘေးရီးယား MV. Panama ကုန်တင်သင်္ဘောကို တန်ဇန်နီးယားနိုင်ငံ ဒါရက်စ်လမ်းမှ မိုဇမ်ဘစ်နိုင်ငံ ဘိုင်ယာသို့ အသွားလမ်း၌ ဆိုမာလီ ဓားပြများ ဖမ်းဆီးသွားခဲ့သည်မှာ ၅ လကျော်သော်လည်း ကုမ္ပဏီနှင့် ဓားပြများအကြား ယနေ့ထိ ညှိနှိုင်းပြေလည်မှု မရသေးကြောင်း အဆိုပါ ST.JOHNS SHIP MANAGEMENT ကုမ္ပဏီ၏ ရန်ကုန်ရုံးခွဲက ပြောသည်။  

အဆိုပါ သင်္ဘောသားများ၏ ပုံမှန် လစာငွေများကိုလည်း ST.JOHNS SHIP MANAGEMENT ရန်ကုန်ရုံးခွဲမှပင် လစဉ် ထုတ်ပေးနေပြီး၊ ဓားပြများထံမှတဆင့် သင်္ဘောသားများသည် ရံဖန်ရံခါ ဆက်သွယ်လာကြောင်း အဆိုပါရုံး တာဝန်ရှိသူက ပြောသည်။

“ညှိနေတုန်းပဲ။ ဘာမှ မထူးခြားသေးဘူး။ ကျနော်တို့ အနေနဲ့တော့ အမြန်ဆုံး ပြီးမြောက်မယ်လို့မျှော်လင့်ပါ တယ်။ သူတို့ရဲ့ မိသားစုတွေကတော့ စိတ်ပူနေတာပေါ့ဗျာ” ဟု သူက မဇ္စျိမကို ပြောသည်။

ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင်လည်း မြန်မာသင်္ဘောသား ၁၁ ဦး၊ ကိုရီးယား ၈ ဦးနှင့် အင်ဒိုနီးရှား ၂ ဦးတို့ လိုက်ပါသည့် ကိုရီးယားနိုင်ငံ Samho Jewelry ကုန်တင်သင်္ဘောကို အာရပ်ပင်လယ်ထဲ၌ ဆိုမာလီ ဓားပြများ ပြန်ပေးဆွဲအပြီး ရ ရက်အတွင်း တောင်ကိုရီးယားရေတပ် ကွန်မန်ဒိုများက ဝင်ရောက် တိုက်ခိုက်ကာ ဓားစာခံ သင်္ဘောသားများကို ကယ်တင်ခဲ့သလို ဓားပြအချို့ကိုပါ ဖမ်းဆီးနိုင်ခဲ့သည်။

ကမ္ဘာ့ အရှေ့နှင့် အနောက် ရေကြောင်းဖြင့် ကူးသန်းရောင်းဝယ်ရာတွင် စရိတ်အကုန်အကျ သက်သာသလို အမြန်ဆုံး ရောက်ရှိနိုင်သည့် အရှေ့အာဖရိကတိုက် ဆိုမာလီနှင့် ယီမင်အကြားရှိ Aden ပင်လယ်ကွေ့မှတဆင့် အီဂျစ် စူးအက်တူးမြောင်းကို ဖြတ်သန်း၍ သယ်ယူပို့ဆောင်ကြသည်။ ဆိုမာလီ ဓားပြများသည်လည်း ထိုလမ်းကြောင်းတွင် လုယက်စီးနင်းမှုများ မကြာခဏ ပြုလုပ်လေ့ရှိသည်။

မြန်မာ သင်္ဘောသားများသည်လည်း ယင်းလမ်းကြောင်းမှ ပြေးဆွဲမည့် သင်္ဘောများကို ရှောင်ရှားလာသည်ကို တွေ့မြင်လာရသည်ဟု ဦးဋ္ဌေးအောင်က ပြောဆိုသည်။

“အချို့သင်္ဘောတွေက အဲဒီ စူးအက် တူးမြောင်းဘက်က ဖြတ်မယ်ဆိုလို့ မလိုက်ချင်ကြလို့ ပြန်ဆင်းလာကြတဲ့ သင်္ဘောသားတွေလည်း လေယာဉ်ပျံ စရိတ်တွေ ရှင်းကြ၊ ကုမ္ပဏီမှာ လျော်ကြေး ပြန်တောင်းကြနဲ့ ဒုက္ခမျိုးစုံ ပါပဲဗျာ” ဟု သူက ရှင်းပြသည်။

ရာသီဥတု ပုံမှန်မရှိဘဲ ဆင်းရဲမှုထူပြောသည့် ဆိုမာလီအနေဖြင့် အလုပ်ကိုင်ရှားပါးမှု၊ငတ်မွတ်ခေါင်းပါးမှု ကြောင့် ဓားပြတိုက်မှုများ ဖြစ်နေသဖြင့် ထိုကိစ္စများ ချုပ်ငြိမ်းလိုပါက ဆိုမာလီကို အမေရိကန်ကဲ့သို့ အင်အားကြီး နိုင်ငံများနှင့် ဥရောပနိုင်ငံများ၏ ထောက်ပံ့မှုများ ပေးနိုင်မှသာ ဓားပြရန်မှ လွတ်ကင်းမည်ဟု ဦးဋ္ဌေးအောင်က သုံးသပ်သည်။

Most read this week