အင်းစိန်ထောင် လုံခြံုရေးကျပ်၊ အကျဉ်းသား လွှတ်ဖွယ် သတင်းပြန့်

အင်းစိန်ထောင် လုံခြံုရေးကျပ်၊ အကျဉ်းသား လွှတ်ဖွယ် သတင်းပြန့်
by -
မျိုးသန့်

ချင်းမိုင် (မဇ္စျိမ)။     ။ ရန်ကုန် အင်းစိန်ထောင်တွင် လုံခြံုရေး တင်းကျပ်စွာ ချထားပြီး ရက်ပိုင်းအတွင်း အကျဉ်းသားများ လွှတ်ပေးဖွယ် ရှိကြောင်းအင်းစိန် ထောင်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရ သည်။

insein_jail
အင်းစိန်ထောင်ဗူးဝမှ ထောင်အတွင်းပိုင်း အထိ လုံခြံုရေးများ ချထားပြီး ကား၊ ဆိုင်ကယ်နှင့် အရပ်ဝတ် ထောက်လှမ်းရေးများပါ စောင့်ကြပ်နေသည့် အပေါ် အကျဉ်းသား လွှတ်ပေးရန် ဖြစ်နိုင်ကြောင်း ပြောဆိုကြခြင်း ဖြစ်သည်။

“လုံခြံုရေး ချထားတာကတော့ ဗူးဝရှေ့မှာ ဟိုင်းလပ်ကား ၂ စီး၊ ပစ္စတိုလေးတွေ၊ စကားပြောစက်တွေ ဘာတွေ ညာတွေနဲ့ ဆိုင်ကယ်ကလည်း အစီး ၂ဝ လောက် ရှိတယ်။ အဲဒါက ရဲဆိုင်ကယ်နဲ့ SB (အထူး ရဲသတင်း တပ်ဖွဲ့) က ဆိုင်ကယ်တွေ။ နောက် အရပ်ဝတ်နဲ့ SB ၁၅ ယောက်လောက် ရှိတယ်” ဟု မျက်မြင် တွေ့ရှိခဲ့သူ တဦးက မဇ္စျိမကို ပြောသည်။

သူက ဆက်ပြီး “မနက်ဖြန်လောက် ဆိုရင်တော့ ဖြစ်နိုင်တယ် ထင်တယ်။ ဒီအလုပ်က တိတ်တိတ်ပုန်း မလုပ်ဘူး၊ သူတို့ ဗြောင်လုပ်လိမ့်မယ်။ သူတို့ တရားဝင် ကြေညာပြီးတော့ လုပ်မယ့် သဘောရှိတယ်” ဟု ဆိုသည်။

ယင်းအပြင် ယနေ့တွင် ထောင်ဝင်စာတွေ့ရန် လာရောက်သူ အကျဉ်းသား မိသားစုဝင်များကိုလည်း တွေ့ခွင့်မပေးဘဲ မနက်ဖြန်ကျမှသာ လာရောက်တွေ့ဆုံကြရန် ထောင်တာဝန်ကျများက ပြောခဲ့ကြောင်းနှင့် မီဒီယာသမားများလည်း ရောက်ရှိနေကြောင်း မျက်မြင်တွေ့ရှိခဲ့သူ တဦးထံမှ သိရသည်။

“ဒီနေ့ ထောင်ဝင်စာတွေ့မယ့် သူတွေကိုလည်း ပြန်လွှတ်လိုက်ပြီ၊ မနက်ဖြန်မှ လာတွေ့ပါလို့ ပြောလိုက်ပြီ။  ထူးထူးခြားခြား တွေ့နေတယ်။ ခါတိုင်းနဲ့ မတူဘူး၊ လုံခြံုရေးတွေ ရှိတယ်၊ မီဒီယာတွေ ရှိတယ်။ နောက် SB အထူး သတင်းတပ်ဖွဲ့တွေ ရှိတယ်။ ရဲတွေလည်း ချထားတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သူ တဦးက မဇ္စျိမကို ပြောသည်။

ရှမ်းပြည်နယ် တောင်ကြီးထောင်တွင်လည်း ယခုလ နှစ်ရက်နေ့မှစပြီး ထောင်အာဏာပိုင်များက အကျဉ်းသား အချို့ကို အကျဉ်းကျခံပြီးခဲ့သည့် ကာလများ လာရောက်ပြသပြီး  လက်မှတ် ထိုးခိုင်းခြင်းများ ပြုလုပ်နေကြောင်း အကျဉ်းသား မိသားစုများနှင့် နီးစပ်သူ ရှေ့နေ ဒေါ်ခင်မိုးမိုးထံမှ သိရသည်။

“သူတို့ ထောင်ထဲမှာလေ ရက်တွေ တွက်ပြီးတော့ အခု ရက်ပိုင်းမှာပေါ့နော်။ ခင်ဗျား ထောင်ကျတာ ဘယ်နေ့က ကျတယ်ပေါ့။ အခု ဘယ်လောက် ကျခဲ့ပြီးပြီပေါ့။ ဒါဆိုရင် ခင်ဗျားက လွတ်ငြိမ်းချမ်းသာခွင့် လာရင် ပါနိုင်တယ်ပေါ့။ အဲဒီလိုမျိုးနဲ့ သူတို့ကျတဲ့ ရက်တွေကို သူတို့ကို လာပြတာ လက်မှတ်ထိုးခိုင်းတာတွေ ရှိတယ်လို့ ပြောတယ်” ဟု သူက ဆိုသည်။

ထို့ပြင် ယခုလအတွင်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေးကို သမ္မသစ် ဦးသိန်းစိန် တက်ရောက်နေစဉ်အတွင်း အကျဉ်းသားများ လွှတ်ပေးဖွယ်ရှိကြောင်း AFP က မေလ ၂ ရက်နေ့တွင် ဖော်ပြခဲ့သည်။

နအဖ စစ်အစိုးရလက်ထက် ၂ဝဝ၈ ခုနှစ် စက်တင်ဘာ ၂၃ ရက်ကလည်း နိုင်ငံတဝန်းရှိ အကျဉ်းသား ၉ဝဝ၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သော်လည်း ထိုအထဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသည့် နိုင်ငံရေးအကျဉ်းသား ၉  ဦးသာ ပါဝင်ခဲ့သည်။

သတင်းများ ထွက်ပေါ်ခဲ့သည့်အတိုင်း လွတ်ငြိမ်းချမ်းသာခွင့် ပေးမည်ဆိုပါကလည်း နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးမှာ မျှော်လင့်ချက် နည်းနေကြောင်း ရှေ့နေဒေါ်ခင်မိုးမိုးက သုံးသပ်သည်။

“နိုင်ငံရေး အကျဉ်းသားတွေ မိသားစုတွေရဲ့ ကျတော့လေ သူတို့က နည်းနည်း အားလျော့တယ်။ သိပ်ပြီး မထင်ဘူးပေါ့နော်။ သိပ်ပြီး မျှော်လင့်ချက် မထားဘူးပေါ့။ အရင်တုန်းက လွတ်ငြိမ်း ချမ်းသာခွင့်တွေမှာလည်း နိုင်ငံရေး အကျဉ်းသားတွေကို ချန်ချန်ထားခဲ့တာကိုး” ဟု သူက ဆိုသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP-B မှ အတွင်းရေးမှူး ကိုတိတ်နိုင်ကလည်း အကျဉ်းသားများ ပြန်လွှတ်ပေးဖွယ် ရှိသော်လည်း ဦးသိန်းစိန် ဦးဆောင်သော အစိုးရသည် နိုင်ငံရေး အကျဉ်းသားများ အပေါ်တွင် ထားရှိသည့် သဘောထားမှာ အတူတူပင် ဖြစ်သည်ဟု သူက ရှုမြင်သည်။

“လွှတ်တော့ လွှတ်ပေးနိုင်တယ်။ ပြည့်ဝတဲ့ လွတ်ငြိမ်းချမ်းသာဆိုတဲ့ ကိစ္စမျိုးတော့ ဖြစ်လာမှာ မဟုတ်ဘူး။ ရာဇဝတ် အကျဉ်းသား လွှတ်တော့ လွှတ်ပေးမယ်။ အဲဒီအထဲမှာမှ နိုင်ငံရေး အကျဉ်းသား အနည်းအကျဉ်း လွှတ်ပေးမယ်၊ အဲဒီဟာမျိုးလောက်ပဲ ဖြစ်လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေကို ထားတဲ့ သဘောထားက အရင် အစိုးရနဲ့ အတူတူပဲ ဆိုတဲ့အခါကျတော့ သိသာတဲ့ ပြောင်းလဲမှုမျိုးတော့ မမြင်ပါဘူး” ဟု သူက ပြောဆိုသည်။

နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရေးနှင့် ပတ်သက်၍ မိမိအနေဖြင့် မျှော်လင့်ချက် ရှိနေဆဲဖြစ်သော်လည်း ယခုချိန်ထိ မလွှတ်ပေးသည့်အတွက် အရပ်သားအစိုးရသစ် ပြောင်းသည်ဟု မထင်မြင်မိကြောင်း ရန်ကုန်အခြေစိုက် နာမည်ကျော် ကာတွန်းဆရာ အော်ပီကျယ်က သူ၏ အမြင်ကို ယခုကဲ့သို့ ပြောသည်။

“လွှတ်စေချင်လှပါပြီဗျာ။ ကျနော်တို့ အခု အစိုးရ အသစ် ပြောင်းပြီးတော့ဗျာ။ မြန်မာနှစ်ဆန်း တရက်နေ့ နောက်ပိုင်း မြန်မာပီပီပေါ့ဗျာ။ မေတ္တာတရား ထားပြီးတော့ လွှတ်ပေးမယ်လို့ ထင်ထားတာပေါ့ဗျာ။ လူတော်တော်များများကလည်း မျှော်လင့်ကြတာ။ ဒါပေမဲ့ မျှော်လင့်သလို ဖြစ်မလာတော့ ထုံးစံအတိုင်းပဲ ဪ အရင်အတိုင်းပါပဲ လို့ပေါ့လေ။ အစိုးရသစ်လည်း မပြောင်းပါဘူး အဲဒီလိုပဲ စိတ်ထဲ ခံစားရတာပေါ့ဗျာ” ဟု ဆရာအော်ပီကျယ်က မဇ္စျိမကို ပြောသည်။

ထို့အပြင် စာရေးဆရာကြီး ဒဂုန်တာရာကလည်း နိုင်ငံရေး အကျဉ်းသား လွှတ်ပေးစေလိုကြောင်း မဇ္စျိမနှင့် တွေ့ဆုံ မေးမြန်းခန်း တခုတွင် ပြောကြားခဲ့သေးသည်။

လွှတ်တော် အတွင်း၌လည်း နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရန် အမတ်များက အဆို တင်သွင်းခဲ့ကြသော် လည်း ၎င်းအဆိုသည် လွှတ်တော်တွင်း မဆွေးနွေးမီ ပြည်ပမီဒီယာများသို့ ပေါက်ကြားခဲ့သည်ဟုဆိုကာ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပယ်ချခဲ့သည်။

မတ်လ ၂၂ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီအမတ် ဦးစိုင်းလှကျော်က နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရန်နှင့် ပတ်သက်၍ မေးမြန်းရာတွင် ပြည်ထဲရေး ဝန်ကြီးဟောင်း ဦးမောင်ဦးကလည်း ယင်းကိစ္စသည် အမျိုးသား လုံခြံုရေး ကောင်စီ၏ လုပ်ပိုင်ခွင့်သာဖြစ်ကြောင်းနှင့် သမ္မတ ကျမ်းကျိန်ပြီးသည်အထိ စောင့်ဆိုင်းစေလိုကြောင်း ဖြေကြားခဲ့သည်။

သို့သော် သမ္မတ ကျမ်းကျိန်ပြီးသည်မှာ တလကျော် ကြာမြင့်ပြီ ဖြစ်သည်။