နယူးဒေလီ (မဇ္စျိမ)။ ။ အမှတ် ၂ စက်မှု ဝန်ကြီးဌာနက အမတ်အချို့ကို ကားဝယ်ယူခွင့် ပါမစ် ထုတ်ပေးခဲ့ရာ တွင် အကြောင်းပြချက် ရှင်းလင်းစွာ မသိရသည့်အပြင် မည်သူများကို ပေးသည်ကိုပါ မသိရသဖြင့့် အငြင်းပွား ဖွယ် ဖြစ်နေသည်။
သင်္ဃန်းကျွန်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီမှ ဦးသိန်းညွန့်နှင့် ဦးကြည်မြင့်၊ ကြံ့ခိုင်ရေးပါတီ အမတ် ၉ ဦး အပြင် ရခိုင်အမျိုးသားများ တိုးတက်ရေး ပါတီ RNDP မှ ရသေ့တောင် ပြည်သူ့ လွှတ်တော် အမတ် ဒေါ်ခင်စောဝေလည်း ဝယ်ယူခွင့် ပါမစ် ရရှိသည် ဟူသော သတင်းများ ပါတီများအကြား ပေါ်ထွက်နေသည်။
“ကိုယ်ရေးကိစ္စပဲ။ သက်ဆိုင်ရာ ရုံးအဖွဲ့မှူး ပြောတဲ့အရဆိုရင် ကျနော်က ရပ်ကွက်ထဲမှာလမ်းလျှောက်သွားနေ တဲ့ လူကိုး။ လမ်းလျှောက်နေတာ မြင်တွေ့လို့ ကားချပေးတာ နေမှာပေါ့။ ကျနော်က လျှောက်လွှာမှ မတင်တာ။ ကျနော်က ပိုက်ဆံမရှိလို့ အရစ်ကျတင်ပြီး ဂျာနယ်တစောင်က ဆောင်းပါးကို စာအုပ်ထုတ်ဘို့ ကြိုတင်ငွေ တောင်းပြီး ချေးငှား ဝယ်ရမှာ” ဟု ကိုယ်တိုင်ကားပါမစ် ရရှိသူ သင်္ဃန်းကျွန်း NDF မှ ဦးသိန်းညွန့်က မဇ္စျိမကို ပြောသည်။
ကားပါမစ် ရရှိသူ နောက်တဦးဖြစ်သည့် သင်္ဃန်းကျွန်း NDF ပြည်သူ့ လွှတ်တော်အမတ် ဦးကြည်မြင့်ကလည်း “စက်မှု ၂ ဝန်ကြီးက စေတနာနဲ့ လုပ်ပေးတာပါ။ စက်မှု ၂ ဝန်ကြီးနဲ့ ကျနော်လည်း မသိပါဘူး။ ဦးသိန်းညွန့် နဲ့လည်း မရင်းနှီးပါဘူး။ အားလုံးပေးမယ့် သဘောမှာ ကျနော်တို့ကို ပထမအသုတ် ပေးတာလို့ ထင်ပါတယ်” ဟု မဇ္စျိမကို ပြောသည်။
ကြံ့ခိုင်ဖွံ့ဖြိုးရေး အမတ်အချို့ ကားပါမစ် ရမရကို သက်ဆိုင်ရာ ပါတီထံမှ အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။
RNDP ပါတီကမူ ၎င်းတို့ ပါတီအမတ် ကားပါမစ် ရရှိသည်ကို မသိရှိသေးကြောင်းနှင့် လွှတ်တော်အမတ်များ၏ ခံစားခွင့်အဖြစ် သတ်မှတ်ပေးပါက ယခုလို အမတ်အချို့ကိုသာ ရွေးချယ်ပေးခြင်းမှာ သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းနှင့် လွဲချော်နေသည်ဟု ဆိုသည်။
“ကားတစီး လက်ဆောင်ပေးတယ် ဆိုတော့ ထူးဆန်းတာလေ။ တကယ်လို့ ခံစားခွင့် တခုခုအဖြစ် ပေးတယ် ဆိုရင်လည်း ကျန်တဲ့ လွှတ်တော်အမတ်တွေ အကုန်လုံးလည်း ပေးပေါ့။ အဲလိုမဟုတ်ဘဲ ဖောက်ပြီး ဟိုလူ့ပေး၊ ဒီလူ့ပေး ဆိုတာတော့ မသင့်တော်ဘူးပေါ့ဗျာ။ သမ္မတကြီး ဦးသိန်းစိန် မိန့်ခွန်းနဲ့လည်း မဆီလျော်ဘူးပေါ့ဗျာ” ဟု RNDP ၏ အထွေထွေ အတွင်းရေးမှူး ဦးဦးစောလှက မဇ္စျိမကို ပြောသည်။
လျှောက်လွှာတင် စနစ်ဖြင့် ဝယ်ယူရသည့် စက်မှု (၂) ထုတ် မီနီဆလွန်းကား ဝယ်ယူခွင့် လိုင်စင်အား ချပေးခြင်း ဖြစ်သည်။
အမတ်အချို့ ကားပါမစ် ရရှိခြင်းနှင့် ပတ်သက်၍ NDF အမျိုးသား လွှတ်တော်အမတ် ဒေါက်တာ မြတ်ဉာဏစိုးက “ကျနော်တို့ အမြဲတမ်း ကော်မတီ ၄ ရပ် ရှိတာပဲလေ။ ဒီကိုယ်စားလှယ်တွေ အတွက်တောင်မှ မဖြစ်မနေ ကားတွေ ဝယ်ခွင့်ပေးတယ်ဆိုတာ မရှိပါဘူး။.. ဒါကတော့ ကိုယ်စားလှယ် တဦးစီရဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုနဲ့လည်း ဆိုင်မယ် ထင်တယ်” ဟု ဆိုသည်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ပါတီ၏ ဥက္ကဋ္ဌ ဦးသုဝေကမူ “ဒီလိုပဲ သွေးခွဲတဲ့သဘော လုပ်တာလား၊ သူ့တို့ အခြေအနေတွေ သေချာမသိသေးတော့ ဘာမှမပြောနိုင်သေးဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေကို ပေးမယ်ဆိုရင် အားလုံးကို ပေးရမှာပေါ့။ အခုက ဘယ်လိုပေးသလဲဆိုတာ မသိတော့ ဘာမှမပြောတတ် သေးဘူး” ဟု မဇ္စျိမကို ပြောသည်။
တရုတ်ဖက်စပ် မီနီဆလွန်းကားကို ဝယ်ယူခွင့်ရရန် နေပြည်တော်ရှိ အမှတ် ၂ စက်မှုဝန်ကြီးဌာနသို့ လိပ်မူကာ စီးသူကိုယ်တိုင် လျှောက်ထားရကာ၊ လျှောက်သူ များပြားသောကြောင့် လိုသလောက် ထုတ်မပေးနိုင်သဖြင့် ပြင်ပ ကားစျေးကွက်၌ ကျပ်သိန်း ၁၅ဝ ဝန်းကျင် ပေါက်စျေး ရှိနေသည်။