ပြည်တွင်း ငြိမ်းချမ်းရေး အတွက် သမာသမတ်ရှိ ပုဂ္ဂိုလ်များ ကြားဝင် ဆောင်ရွက်သင့်

ပြည်တွင်း ငြိမ်းချမ်းရေး အတွက် သမာသမတ်ရှိ ပုဂ္ဂိုလ်များ ကြားဝင် ဆောင်ရွက်သင့်
by -
မွေခေါဝ်

ပြည်တွင်း ငြိမ်းချမ်းရေး ဆောင်ရွက်နိုင်ရန် အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့် ၂၀၁၀ ရွေး ကောက်ပွဲမှ တက်လာသည့် အစိုးရ နှင့် အကြား သမာ သမတ်ရှိသည့် ပုဂ္ဂိုလ်များက ဝင်ရောက်ညှိနှိုင်း ပေးလျှင် ပြေလည် နိုင်  မည်ဟု လုံးဝ ယုံကြည် ကြောင်း ကျားဖြူပါတီ (SNDP) ကပြောဆိုလိုက် သည်။

“သက်ဆိုင်တဲ့ တိုင်းရင်းသားတွေထဲက သမာသမတ်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ရပ်ရွာက အားကိုး အားထားတဲ့ပုဂ္ဂိုလ် တွေ၊ နိုင်ငံ တော် အစိုးရ ကလဲ သမာသမတ် ရှိတယ်လို့ထင်တဲ့ ပုဂ္ဂိုလ်တွေ နှစ်ဦးနှစ်ဖက် အကြား အကျိုး ဆောင် ညှိနှိုင်းပေးမယ် ဆိုရင် လက်ရှိ အခြေအနေထက် အများကြီး တိုးတက် ကောင်းမွန် လာမယ်လို့ယုံကြည် တယ်” ဟု ကျားဖြူပါတီမှ စီးပွားရေး တာဝန်ခံ ဦးစောသန်းမြင့် က ပြောပါသည်။

ကြားဝင် ညှိနှိုင်းပေးမည့် သမသမတ်ရှိသည့် ပုဂ္ဂိုလ်များသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ဘာသာရေး အတွေ့ အကြုံရှိသူ၊ဝါရင့်သူများ ဖြစ်သင့်ကြောင်း၊ ထိုပုဂ္ဂိုလ်များအား လက်ရှိ နိုင်ငံတော် အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှစ်ဦး နှစ် ဖက် ဆွေးနွေးညှိနှိုင်းရန် ဆန္ဒရှိသည့် အချိန်မှရွေးချယ် နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောပါသည်။

“လောလောဆယ်တော့ သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးကို message (သတင်းစကား) ပို့ပေးလိုက်တာပါ။ ဖြစ်လာ မှာလား မဖြစ်လာဘူးလား ဆိုတာကတော့ နိုင်ငံတော် အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအဖို့ ပြည်သူတွေရဲ့ အကျိုး  ကြည့်ပြီး ပြည်သူတွေအပေါ် ထားရှိတဲ့ စေတနာ မေတ္တာတရားအပေါ် မူတည်ပါတယ်။ စောင့်ကြည့်ရပါ အုံးမယ်” ဟု ဦးစောသန်းမြင့် က ပြောပါသည်။

ကျားဖြူပါတီ ပါဝင်သည့် မဟာမိတ် တိုင်းရင်းသား ၅ ပါတီ ဧပြီ ၂၆ နှင့် ၂၇ နေ့တွင် ၂ ရက်ကြာ အစည်းအဝေး ပြုလုပ်၍ ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့ရာတွင် “ပြည်တွင်း ငြိမ်းချမ်းရေး ရရှိစေရန်” နှင့် “နယ်စပ်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အမြန်ဆုံး အကောင်အထည်ဖော်” ဆောင်ရွက်ပေးရန် စသည့် အချက် (၅) ချက် ပါဝင်သည်။

ယင်းသို့ ဆောင်ရွက်ရာတွင် တိုင်းရင်းသား လက်နက်ကိုင် ပြဿနာများ ပြေလည်မှ ဖြစ်မည်ဟု ယုံကြည်သဖြင့် ငြိမ်းချမ်းရေး အတွက် ကြားဝင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ကျားဖြူပါတီမှ ပြောကြားခြင်း ဖြစ်သည်။

တွေ့ဆုံခဲ့ကြသည့် တိုင်းရင်သား (၅)ပါတီမှာ သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)၊ ချင်းအမျိုးသား ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနှင့် ဖလုံ-စဝေါ် ဒီမိုကရက်တစ် ပါတီတို့က ဖြစ်ကြ၏။ ၎င်းတို့အားလုံး ၂၀၁၀ရွေးကောက်ပွဲတွင်လွှတ်တော် ကိုယ်စား လှယ်များ ရွေးချယ်ခံရ သောပါတီများ ဖြစ်သည်။

Most read this week