နယူးဒေလီ (မဇ္စျိမ) ။ ။နိုင်ငံရေးအကျဉ်းသား များကို ပြန်လွှတ်ပေးရန် သမ္မတ ဦးသိန်းစိန်ထံ တောင်းဆိုနေသည့် လက်မှတ်ရေးထိုးလှုပ်ရှား မှုတွင် စာရေးဆရာကြီး ဒဂုန်တာရာနှင့် သတင်းစာဆရာကြီး လူထုစိန်ဝင်းလည်းပါဝင် ရေးထိုးထားကြောင်း သိရသည်။
“သတင်းထောက်တွေ တော်တော်များများ လက်မှတ်ရေးထိုးကြပါတယ်။ သတင်းအယ်ဒီတာတယောက်ရယ်၊ သတင်းထောက်တွေ လက်မှတ်ရေးထိုးကြပါတယ်။ ဆရာဒဂုန်တာရာတို့၊ လူထုဦးစိန်ဝင်းတို့ ဒီလိုမျိုး လူတွေလည်း ပါပါတယ်” ဟု လက်မှတ်ရေးထိုးလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်သူ တဦးဖြစ်သူ ဦးဖြိုးမင်းသိန်းက မဇ္စျိမကို ပြောသည်။
သခင်သိန်းဖေ၊ သခင်ချန်ထွန်း၊ သခင်သိန်းမောင်၊ ဦးအုန်းမောင်နှင့် ဦးမြင့်သိန်းကဲ့သို့ ဝါရင့်နိုင်ငံရေး သမားများအပြင် သတင်းမီဒီယာသမား ၂ဝ ခန့်၊ ရုပ်ရှင်ဒါရိုက်တာ အချို့နှင့် အနုပညာသမားများလည်း ပါဝင်သည်ဟု သူက ဆိုသည်။
ဧပြီလ ၁၇ ရက်နေ့မှစ၍ ကောက်ခံခဲ့သော လက်မှတ်များမှာ သောကြာနေ့တွင် တသောင်းကျော်ရရှိပြီဖြစ် သည်။
“ရန်ကုန်၊ အုတ်ဖို၊ ပဲခူးရဲ့ ဒီဘက်နားလေးလောက်ပဲ ရှိပါသေးတယ်။ နယ်တွေက သိပ်မပါသေးပါဘူး။ မြို့နယ်တွေမှာက လက်မှတ်ရေးထိုးထားတာတွေကို ပေးအပ်ပွဲတွေ လုပ်ပြီးမှ ရန်ကုန်ကို လှမ်းပို့မှာပါ။ မနက်ဖြန်ဆိုရင် မြောက်ဥက္ကလာမှာတောင် လက်မှတ်ထိုးထားတာကို ပေးအပ်ဖို့ အစီအစဉ် ရှိတယ်လေ” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
ဧပြီလ ၂၅ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်သို့ ပထမအကြိမ်အဖြစ် ရန်ကုန်မြို့ပေါ်မှ လက်မှတ် ၄ဝ၈ ခု ပေးပို့ခဲ့ကာ၊ ထပ်မံကောက်ခံရရှိသမျှကို နောက်ဆက်တွဲအဖြစ် တပတ်လျှင် တကြိမ် ပေးပို့သွားမည်ဖြစ်သည်။ မေလ ၂ ရက်နေ့တွင် ဒုတိယအသုတ်အဖြစ် ပေးပို့သွားမည်။
၂ဝ၁ဝ ရွေးကောက်ပွဲ ရွေးကောက်ခံ အမတ်များအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးမှု မရှိသေးပေ။ ၎င်းတို့၏ ပါတီများကို လက်မှတ်ရေးထိုးရန် သွားရောက်ချဉ်းကပ်ရာ၌ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးအတွက် သီးခြားအနေဖြင့် သမ္မတထံ တိုက်ရိုက်ပေးပို့ထားကြောင်း ခေါင်းဆောင်ပိုင်းက ပြောဆိုခဲ့ကြသည်ဟု လက်မှတ်ကောက်ခံသူများ အဆိုအရ သိရသည်။
“တဖြည်းဖြည်းချင်း အရှိန်အဟုန်မြှင့်နိုင်ဖို့ ကြိုးစားနေတာပါ။ အစပိုင်းမှာ အများကြီး လျှောက်ပြောပြီး လက်တွေ့မှာ မပါတာမျိုး မဟုတ်ဘဲနဲ့ တဖြည်းဖြည်းချင်း သိန်းနဲ့ချီပြီး မြင့်တက်လာနိုင်ဖို့ ကြိုးစားနေတာပါ” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
မကွေးတိုင်း တောင်တွင်းကြီးမြို့ရှိ ကျူရှင်ဆရာများကို နိုင်ငံရေးလုပ်ငန်းများ၌ မပါဝင်ရန်မြို့နယ်အာဏာပိုင် များက မကြာခင်က ခေါ်ယူတားမြစ်ခဲ့ဖူးသော်လည်း အခြားသော အနှောင့်အယှက်မျိုး မရှိသေးကြောင်း သိရသည်။
လက်မှတ်များနှင့်တကွ ပေးပို့သည့် ပန်ကြားလွှာထဲ၌ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးပထမခြေလှမ်း အဖြစ် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန်၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ နေရပ်ပြန်လာနိုင်ရန်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် အပစ်ရပ်ပြီး တွေ့ဆုံဆွေးနွေးရန် တောင်းဆိုထားသည်။
ဤ လက်မှတ်ရေးထိုးလှုပ်ရှားမှုကို နိုင်ငံတကာတွင်လည်း ပြုလုပ်မှုများ ရှိနေသည်။