အပစ်ရပ်မိုင်းလားတပ်ဖွဲ့၏ သျှမ်းပြည် (အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်အတွင်းရှိ မဲခေါင်မြစ်အနီး ပုံဟက်တပ်စခန်း အား ယမန် နေ့ညနေပိုင်းက မြန်မာစစ်တပ်အင်အားသုံးဝန်းရံခြိမ်းခြောက်မှုကြောင့် ဒုတိယမြောက်စခန်းထပ်မံ ဆုတ်ပေးရ ကြောင်း မိုင်းယောင်းပြည်သူ့စစ်အသိုင်းအဝိုင်းကဆိုပါသည်။
မိုင်းလားတပ် တပ်ဆုတ်ပေးရန် ယခုနှစ်ဆန်းပိုင်းက မြန်မာစစ်တပ်ဖက် ပိုမိုဖိအားပေးလာရာ မိုင်းယောင်း အရှေ့ ဖက် ဝမ့်ခိုးတပ်စခန်း ကို ၂၇ ရက် မွန်းလွဲ ပိုင်းက မိုင်းဖြတ် အခြေစိုက် စကခ ၁၈ လက်အောက်ခံ ခမရ ၅၇၃ က ဝင်ရောက်တပ်စွဲလာခဲ့၏။
ဝမ့်ခိုးတပ်စခန်း၏ အရှေ့တောင်ဖက်ရှိ ပုံဟက်တပ်စခန်းကိုလည်း၂၈ ရက်ညနေပိုင်းကမြန်မာစစ်တပ်ထပ်မံ တပ်စွဲ လိုက်ပြီဖြစ်ကြောင်း မိုင်းယောင်းပြည်သူ့စစ် သတင်းရပ်ကွက်က သျှမ်းသံတော်ဆင့်သို့ပြောပြသည်။
“ မဲခေါင်မြစ်ဘေးမှာရှိတဲ့ ဒီ ပုံဟက်တပ်စခန်းကို ၂၇ ရက်မနက်ပိုင်း ဗမာစစ်တပ်က ဝန်းရံပိတ်ဆို့ပြီးတပ်မဆုတ် ရင် တိုက်ရမယ်လို့ခြိမ်းခြောက်လို့ မိုင်းလားတပ်ဆုတ်ပေးလိုက်ရတယ်။ ဒီ ဝမ့်ခိုးနဲ့ ပုံဟက်ကို ဗမာ တပ်တွေ ရပြီဆိုရင် တော့ မကြာခင်မှာ နမ့်လွေချောင်းဝ လုံခြုံရေးအတွက် အဓိက အရေးကြီးဆုံး စခန်းဖြစ်တဲ့ မိုင်းဖှန် တပ်စခန်းကိုထပ် ဆုတ်ပေးဖို့ ဖိအားပေးလာလိမ့်မယ်လို့ ယုံကြည်ရတယ်။ ဘာလို့လဲဆို ဒီ ၃ နေရာလက်လွတ် လိုက်ရရင် မိုင်းလား တပ်ဖွဲ့ နဲ့ ၀ တပ်ဖွဲ့တွေရဲ့ တောင်ဘက်အသက်ရှူပေါက်၊ အဓိက လမ်းကြောင်းကို ပိတ်ဆို့နိုင် တဲ့ သဘောဖြစ်တယ်” ဟု အဆိုပါ ပြည်သူ့စစ်က ပြောပြသည်။
အဆိုပါ စခန်း ၃ ခုသည် မဲခေါင်မြစ်အနောက်ဖက်တကြော တွင်ရှိပြီး မိုင်းလားအတွက် အဓိကကျသော
( နမ့်လွေ ချောင်းဝမှ ထိုင်း၊ လော၊ တရုတ်သို့သွားသည့်) ဂိတ်ပေါက်ဖြစ်သည်။ မိုင်းဖှန်၌ NDAA တပ်စခန်း ၄ ခု ရှိကြောင်း လည်း အဆိုပါ ပြည် သူ့စစ်ထံမှ သိရသည်။
“ဝမ့်ခိုးတပ်စခန်းကနေ တပ်ဆုတ်ပေးဖို့ အခုလ ၁၁ ရက်တုန်းက မြန်မာစစ်တပ်ဖက်က အပြင်းအထန်ဖိအား ပေးလာ တာ။ တပ်မဆုတ်ရင် ပစ်မယ် ခတ်မယ်ဆိုတဲ့ခါကျတော့ ၂၇ ရက်မှာမိုင်းလားတပ်ဆုတ်ပေးလိုက်ရ တာပေါ့။ ဗမာ တပ် ကလဲချက်ချင်းဘဲ လက်နက်ကြီးတွေလာချထားတယ်။ ဝမ့်ခိုးတပ်စခန်းက ဗကေပခေတ် တပ်မဟာ ၈၁၅ ထိန်းချုပ်တဲ့ နယ်မြေ လေ။ အသက်သွေးချွေးပေါင်းမြောက်များစွာရင်းပြီးမှ ဒီတပ်စခန်းရ လာတာ။ တပ်စိုက် လာတာ နှစ် ၃၀ ရှိတော့မယ်။ ဒီဝမ့်ခိုးအုပ်စုက အုပ်စုကြီးတယ်။ ၉ ရွာရှိတယ်။ အခါ ၈ ရွာနဲ့ ပလောင်ရွာ ၁ ရွာ” ဟု အဆိုပါ ပြည်သူ့စစ်က ပြောပြသည်။
အဆိုပါ ဝမ့်ခိုး၊ ပုံဟက်နှင့် မိုင်းဖှန်တပ်စခန်းများ၌ ယခင်ကတည်းကမိုင်းလား ပြည်သူ့စစ်များသာထားရှိခဲ့သော် လည်း ၂၀၁၀ မြန်မာစစ်တပ်နှင့် တင်းမာလာပြီးသည့်နောက်ပိုင်း မိုင်းလားတပ်ဖွဲ့ဝင်ရောက် တပ်ချထားခြင်းဖြစ် သည်။
“၂၀၁၀ မြန်မာစစ်တပ်နဲ့ တင်းမာပြီးတဲ့နောက် မိုင်းဖှန်မှာရှိတဲ့ ဗမာလားဟူကျောင်းဆရာ ဆရာမ ၄ ယောက်ကို ပြန်ခိုင်း လိုက်တော့ မြန်မာစစ်တပ်အနေနဲ့ ငကန်းဖြစ်သွားတာလေ။ အဲဒီအချက်ကြောင့်လဲ မိုင်းဖှန်ကို သူတို့ အသည်း အသန်လိုချင်လာတာလဲ ဖြစ်နိုင်တယ်” ဟု မိုင်းလားတပ်ဖွဲ့အရာရှိတဦးကလည်းပြောသည်။
မိုင်းလားတပ်ဖွဲ့၏ ဝမ့်ခိုးတပ်စခန်းနှင့် ပုံဟက်တပ်စခန်း ကို ဝင်ရောက်သိမ်းပိုက်တပ်စွဲလိုက်သည်မှာ မိုင်းဖြတ် အခြေစိုက် စကခ ၁၈ လက်အောက်ခံ ခမရ ၅၇၀ နှင့် ၅၇၃ တို့ဖြစ်ကြသည်။