တာတမံများ အမြန်ပြင်ရန် လိုအပ်ဟု ရခိုင်ပါတီများ ပြော

တာတမံများ အမြန်ပြင်ရန် လိုအပ်ဟု ရခိုင်ပါတီများ ပြော
by -
သဲသဲ

နယူးဒေလီ (မဇ္စျိမ) ။ ။ ဂီရိမုန်တိုင်းသင့် ရခိုင်ဒေသတွင် မိုးရာသီအမီ စပါးစိုက်ပျိုးနိုင်ရေးအတွက် ပျက်စီးခဲ့သည့် ပင်လယ်ရေတား တာတမံများကို အချိန်မီ ပြန်လည် တည်ဆောက်နိုင်ရန် အရေးတကြီး လိုအပ်နေသည်ဟု ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ALD နှင့် ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ RNDP က ပြောသည်။

ပျက်စီးခဲ့သည့် တမံများအား ဒေသခံများက အစိုးရမဟုတ်သော NGO အဖွဲ့များ၏ အကူအညီယူကာ ပြန်ပြင်နေသော်လည်း စပါးစိုက်သည့် မိုးရာသီအမီ ပြီးစီ်းနိုင်ရန် မလွယ်ကူသဖြင့် မြေပုံဒေသမှ လယ်သမားများ စပါးစိုက်ရန် အခက်တွေ့နေရခြင်း ဖြစ်သည်။

“အန်ကယ်ရောက်သွားတော့ ကျွန်းကို ပတ်ထားတဲ့၊ ပျက်စီးသွားတဲ့ တာတွေထဲမှာ တချို့ကို စေတနာ ရှင်တွေ၊ NGO အကူအညီတွေနဲ့ ဆယ်နေကြတာရှိတယ်။ ၆ ပေလောက် ဆယ်ရမှာကို ၃ ပေလောက်ပဲ ဆယ်ထားနိုင်တော့ ဒီရေ တက်ကြမ်းတဲ့ လတွေမှာ ရေငန်ကို မတားနိုင်တော့ စပါးတွေ အကုန်ပျက်စီးမှာ။ မြေပုံက ပန်ခ ဆည်(တာ) ဆိုရင် လုံးဝ မဆယ်ရသေးဘူး”  ဟု ALD ပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးအေးသာအောင်က မဇ္စျိမကို ပြောသည်။ ALD ပါတီမှာ ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲဝင် ပါတီဖြစ်ခဲ့သည်။

giri-cyclone-5sတာတမံ ပြန်လည်တည်ဆောက်ရေးတွင် အာဏာပိုင်များ၏ အကူအညီ မတွေ့ရကြောင်းနှင့်လယ်သမား များကို ယခင်နှစ် စိုက်စရိတ်ချေးငွေများ အတင်းအကျပ် ပြန်လည်တောင်းခံမှုများ ရှိကြောင်းနှင့် မုန်တိုင်းဒဏ်ကြောင့် လယ်သမားအများစုတွင် ဝမ်းစာစပါးပင် မကျန်ခဲ့သဖြင့် စိုက်ပျိုးစရိတ်နှင့် ရက်တို မျိုးစပါးများ ကူညီရန် လိုနေကြောင်း သူက ဆက်လက်ပြောဆိုသည်။
 
၂ဝ၁ဝ အောက်တိုဘာ ၂၂ ရက်နေ့တွင် ဂီရိမုန်တိုင်းဒဏ် ခံခဲ့ရသည့် ရခိုင်ကမ်းရိုးတန်းဒေသရှိ လယ်မြေ အများစုမှာ ကျွန်းပေါ်၌ တည်ရှိပြီး ရေငန်မဝင်စေရန် ကျွန်းပတ်လည်တွင် မြေအိတ်ဖြင့် တာတမံများဖို့ကာ စပါးစိုက်ပျိုးကြခြင်း ဖြစ်သည်။

NGO များက လူတဦးကို တရက်လျှင် ၁၅ဝဝ ကျပ်ဖြင့် တာတမံဖို့လုပ်ငန်း၌ ဝင်ရောက်လုပ်ကိုင်စေပြီး ကူညီလျက်ရှိရာ ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာအချို့တွင် အဆိုပါ အကူအညီများ မရရှိကြောင်း RNDP ပြည်သူ့လွှတ်တော် အမတ် ဦးဘရှိန်က မဇ္စျိမကို ပြောသည်။

“နမန်ချောင်းဆိုတဲ့ ရွာကို အန်ကယ်ရောက်သွားတော့ အထောက်အပံ့ တပြားမှ မရဘူး။သူတို့တာတွေက လည်း တော်တော်ကျယ်တယ်ပြောတယ်။ အိမ်ထောင်စု ၈ဝ၊ ၁ဝဝ နီးပါးလောက် ရှိတယ်။ သူများတွေလို တာတမံကို မှီခိုစားသောက်လို့ မရဘူးလို့ အန်ကယ့်ကို ပြောကြတယ်” ဟု သူက ဆိုသည်။

ရေတားတမံများ၌ တပ်ဆင်ရမည့် ရေတံခါး(ရေထွက်ပေါက်)မှာ ကျပ် သိန်း ၃ဝ ခန့် ကုန်ကျမည်ဖြစ်သဖြင့် တပ်ဆင်နိုင်ခြင်း မရှိသေးဟု သူက ဆက်ပြောသည်။

မြေပုံနှင့် ပေါက်တောရှိ ရွာအချို့၌ တာတမံမဖို့နိုင်သဖြင့် စိုက်ပျိုးခြင်းမရှိသည့် လယ်မြေများကိုစီးပွားရေး သမား အချို့က ငွေပေးကာ ပုဇွန်မွေးမြူရေးကန်အဖြစ် အသုံးပြုလျက်ရှိရာ ပတ်ဝန်းကျင်ရှိ လယ်မြေများ ရေငန်ဝင်ကာ ထိခိုက်ပျက်စီးကြောင်း ၎င်းတို့ ၂ ပါတီအဆိုအရ သိရသည်။

“လယ်သမားတွေက လယ်လည်း မစိုက်တော့၊ စားဖို့ ဘယ်ကရမလဲ။ အဲဒါကို ငွေရှင်ကြေးရှင်တွေလာပြီး လယ်တွေကို ရေငန်သွင်းပြီး ပုဇွန်မွေးကြတယ်လေ။ လယ်မြေမှာ ပုဇွန်မွေးတော့ တခြားလယ်တွေပါ ရေငန်ဝင်ပြီး လယ်ပျက်ကုန်ရော။ ဒါတွေလည်း တွေ့ခဲ့ရတယ်” ဟု ဦးဘရှိန်က ပြောသည်။

giri-cyclone-6sဦးအေးသာအောင်ကလည်း နေအိမ်ဆောက်လုပ်ပေးခြင်းနှင့် စားနပ်ရိက္ခာများကို NGO များက လှူဒါန်းရာ၌ တဆင့်ခံ တာဝန်ယူသူများက ခေါင်းပုံဖြတ်သဖြင့် ဒေသခံလူထုက အပြည့်အဝ မရရှိသဖြင့် စားနပ်ရိက္ခာ အခက်ကြံုမှုများရှိကြောင်း ပြောဆိုသည်။
 
“တချို့ NGO က လှူတယ်။ လှူတဲ့အခါမှာ သူတို့ကိုယ်တိုင် မလုပ်ဘူးလေ။ ကျန်တဲ့ လုပ်နိုင်မယ့် လူတွေကို တဆင့်ခံခိုင်းတဲ့အခါ ကြားကလူတွေက ဖြတ်စားလာဘ်စားတွေ ဖြစ်လာတာပေါ့။ .. သူတို့ကို ဆန်၊ ဆီ၊ ပဲ ပေးမယ်ပေါ့။ တကယ်ပေးတဲ့အခါကျ ဆန်တခုပဲ။ လူကြီးလာစစ်ရင် ပဲနဲ့ ဆီပါ ပေးတယ်လို့ ပြောခိုင်းဆိုပြီး။ အန်ကယ့်ကို လာတိုင်တယ်” ဟု ဦးအေးသာအောင်က ပြောသည်။
 
လေဘေးသင့်ဒေသများတွင် ၆ လကျော်သည်အထိ  သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် နေအိမ်များ မလုံလောက်သဖြင့် အစိုးရနှင့် နိုင်ငံတကာ အလှူရှင်များက ထိရောက်စွာ ပံ့ပိုးကူညီရန် ရခိုင်ပါတီများက လိုလားသည်။
 
ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ UN-OCHA ၏ အမှတ် ၅ အစီရင်ခံစာ၌ ဂီရီကြောင့် မြေပုံ၊ ကျောက်ဖြူ၊ ပေါက်တောနှင့် မင်းပြားမြို့နယ်များတွင် ထိခိုက်မှု အများဆုံးဖြစ်ပြီး၊ အနည်းဆုံး ၄၅ ဦး သေဆုံးပြီး၊ ရဝ,၉၇၅ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ကာ နေအိမ် ၁၅,ဝဝဝ ခန့် ပြိုကျခဲ့သည်ဟု ဖော်ပြခဲ့သည်။
 
ရခိုင်လေဘေးအတွက် အကူအညီပေးအပ်ရာတွင် ဗြိတိန်က ဒေါ်လာ ရ သိန်းခွဲ၊ အမေရိကန်က ဒေါ်လာ ၄ သိန်း ယမန်နှစ်တွင် လှူဒါန်းခဲ့ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂ဝ၁ဝ ခုနှစ် ဒီဇင်ဘာလတွင် ရခိုင်လေဘေးအတွက် ကျပ်သိန်း ၁ဝဝ လှူဒါန်းခဲ့သေးသည်။
 
ဂီရီလေဘေးသင့်ဒေသကူညီရေး ရန်ပုံငွေအတွက်  ဦးလွန်ကြွယ်၊ ဦးဝင်းဖေမြင့် အစရှိသည့် နိုင်ငံကျော် ပန်းချီဆရာများ၏ ပန်းချီကားများ ပါဝင်သည့် ဂီရိပန်းချီပြပွဲကို ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ယဉ်ကျေးမှု တက္ကသိုလ်၌ ယခုလ ၂၅ ရက်နေ့မှစ၍ ၅ ရက်ကြာ ပြသရောင်းချနေသည်။

Most read this week