မြေကျင်း တူးရသူ အမျိုးသမီးနှစ်ဦး ILO ကို တိုင်

မြေကျင်း တူးရသူ အမျိုးသမီးနှစ်ဦး ILO ကို တိုင်
by -
ကျော်ခ

ချင်းမိုင် (မဇ္စျိမ) ။      ။ ရန်ကုန်တိုင်း သုံးခွမြို့နယ်မှ အသက် ၅ဝ ကျော်အရွယ် အမျိုးသမီး ၂ ဦးက ၎င်းတို့ကို မြေကျင်းပေါင်း ၃ဝ တူးခိုင်းသည့် ကျေးရွာအုပ်ချုပ်ရေး အတွင်းရေးမှူးကို အဓမ္မလုပ်အားပေး စေခိုင်းမှုဖြင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ထံ လွန်ခဲ့သည့် ရက်ပိုင်းအတွင်းက တိုင်ကြားခဲ့ကြသည်။

ILO_logoရန်ကုန်တိုင်း တောင်ပိုင်းခရိုင် သုံးခွမြို့နယ် သဲကုန်းတူးမြောင်းကျေးရွာသူ ဒေါ်မြင့်သန်းနှင့် တနှစ်ကျော်ကြာ ကွာရှင်းပြီး ခင်ပွန်းဟောင်းတို့ အချင်းများသည်ကို ဆူပူမှုဟုဆိုကာ ဒဏ်ပေးသည့်အနေဖြင့်ကျေးရွာအုပ်ချုပ် ရေး အတွင်းရေးမှူးဖြစ်သူ ဦးလှရီက အနက် ၁ ပေ၊ အကျယ် ၁ဝ ပေ ကျယ်ဝန်းသော မြေကျင်းများ တူးခိုင်းခဲ့သည်။
 
ခင်ပွန်းဖြစ်သူကို အရေးယူအပြစ်မပေးသော်လည်း ထိုအခင်းဖြစ်ပွားစဉ်အတွင်း ဒေါ်မြင့်သန်း၏ ညီမဖြစ်သူ ဒေါ်ဝင်းက အမဘက်မှ ဝိုင်းဝန်းကူညီပြောဆိုခဲ့သဖြင့် မြေကျင်းတူးရာတွင် ပူးတွဲဒဏ်ပေးခံခဲ့ရခြင်း ဖြစ်သည်။
 
အမျိုးသမီးများနှင့် မမျှတသည့် အဆိုပါ ပြစ်ဒဏ်ပေးခြင်းကို မခံနိုင်သဖြင့် ယခုကဲ့သို့တိုင်တန်းခြင်းဖြစ်သည် ဟု အသက် ၅၃ နှစ်အရွယ် ဒေါ်မြင့်သန်းက မဇ္စျိမကို ပြောသည်။
 
“စစခြင်း ကျမတို့ကို မြေကျင်း ၅ဝ ကို ကိုယ်တိုင်တူးခိုင်းပါတယ်။ ကျမတို့က မိန်းမသားလည်း ဖြစ်တယ်၊ သက်အရွယ်အရလည်း မလုပ်နိုင်တဲ့အကြောင်း ပြောပြတော့ ရွာထဲက လူကြီးတွေကလည်းဝိုင်းအသနားခံ တယ်။ အဲဒါနဲ့ ၃ဝ ပဲ တူးခိုင်းတယ်။ ကျမတို့က မတူးနိုင်တော့ လူငှားပြီး ၃ ရက်ထဲ အပြီးတူးပေးရတယ်” ဟု သူက ဆိုသည်။
 
မြေကျင်းတူးခအဖြစ် တကျင်းလျှင် ၁၅ဝဝ ကျပ်ဖြင့် လူငှားတူးခဲ့ရပြီး အဆိုပါ လုပ်အားခများကိုလည်း ကျပ် ၁ဝဝ ကို ၁၅ ကျပ်တိုးဖြင့် ချေးငှား၍ တူးခဲ့ရကာ ယခုတိုင် အကြွေးမကျေသေးဟု ဆိုသည်။ဒေါ်မြင့်သန်း သည် ထမင်းဟင်းချက်ပြုတ် ရောင်းချသူဖြစ်ပြီး၊ ခင်ပွန်းနှင့် ကွဲကွာခဲ့စဉ်က ကလေး ၄ ယောက်ကျန်ခဲ့ကာ ယခုအခါ ညီမဖြစ်သူ ဒေါ်ခင်ဝင်းနှင့်အတူ နေထိုင်ကြသည်။
 
အခင်းဖြစ်စဉ်မှာ တနှစ်ခန့် ရှိခဲ့ပြီဖြစ်သော်လည်း ကာယကံရှင်ဖြစ်သူများမှာ တရားဥပဒေအရဖြေရှင်းပေးနိုင် ရန် သုံးခွမြို့ပေါ်ရှိ မြို့နယ် မယက (ယခု အုပ်ချုပ်ရေးမှူးရုံး) နှင့် မြန်မာနိုင်ငံ အမျိုးသမီးရေးရာရုံးသို့သွား ရောက် တိုင်တန်းခဲ့သော်လည်း အရေးယူခြင်း မရှိခဲ့ပေ။
 
သုံးခွမြို့ပေါ်ရှိ အမျိုးသမီးရေးရာရုံးသို့ သွားရောက်တိုင်တန်းရာတွင် ကျေးရွာဥက္ကဋ္ဌကလုပ်အားပေးစေခိုင်း ခြင်းသာ ဖြစ်သဖြင့် ဥပဒေအရ အရေးယူဆောင်ရွက်ပေး၍ မရကြောင်း ပြောဆိုသလို မယကရုံးတာဝန်ရှိသူ များကလည်း ခြိမ်းခြောက်မှုများ ပြုလုပ်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ်များ၏အကူအညီ ဖြင့် ယခုကဲ့သို့ ILO ထံသို့ တိုင်ကြားနိုင်ခဲ့ကြောင်း ဒေါ်မြင့်သန်းက ပြောပြသည်။
 
ယင်းဖြစ်စဉ်တွင် လိုက်လံကူညီပေးနေသည့် သုံးခွမြို့နယ် NLD လူငယ် ကိုရင်အေးက “ဒီအမျိုးသမီးတွေက တခုလပ်၊ မုဆိုးမတွေ။ သူတို့က မကျေနပ်လို့သာ ဇွဲရှိရှိနဲ့ တိုင်နေတာ။ စီးပွားရေးကလည်းအဆင်ပြေတာ မဟုတ်ဘူး။ သူတို့အနေနဲ့ အကူအညီတောင်းလာတဲ့အပေါ်မှာ ကျနော်တို့ရုံးချုပ်က ရှေ့နေရှေ့ရပ်တွေနဲ့ တိုင်ပင်ပြီး ဆက်လက်လုပ်ဆောင်ပေးသွားမှာပါ” ဟု မဇ္စျိမကို ပြောသည်။
 
ဒေါ်မြင့်သန်းနှင့် ဒေါ်ဝင်းတို့ ၂ ဦး၏ တိုင်ကြားချက်များကို ရန်ကုန်မြို့ပေါ်ရှိ ILO ရုံးအနေဖြင့်ရရှိထားပြီး ဖြစ်ကာ၊ စိစစ်နေဆဲဖြစ်ကြောင်း ထိုရုံး၏ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။
 
“ဒီကိစ္စမှာ ကျနော်တို့ သိရသလောက်တော့ အတွင်းရေးမှူးက လုပ်ပိုင်ခွင့်အာဏာထက် ပိုပြီး လုပ်ထားတဲ့ သဘောပါ။ ဒီအတွက် ကျနော်တို့ဘက်က ဒီကိစ္စကို ဆက်ပြီး လုပ်ဆောင်ပေးသွားမှာပါ” ဟု သူက ဆိုသည်။
 
ILO အနေဖြင့် မြန်မာနိုင်ငံတွင် အဓမ္မလုပ်အားပေး ကိစ္စများ တိုင်ကြားရေးအတွက် လုပ်ထုံးလုပ်နည်းများ ပါဝင်သည့် နားလည်မှုစာချွန်လွှာကို ယခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် မြန်မာအစိုးရနှင့် နေပြည်တော်၌ နောက်ထပ် တနှစ်သက်တမ်းတိုးခဲ့သည်။
 
စာချွန်လွှာထဲတွင် အတင်းအဓမ္မ ခိုင်းစေမှုကို ဥပဒေနှင့် ဆန့်ကျင်သည့် ကိစ္စအဖြစ် သတ်မှတ်ကာ အကယ်၍ ယခင်က ဥပဒေများသည် အတင်းအဓမ္မ ခိုင်းစေမှှုကို အားပေးသလို ဖြစ်နေပါက ထိုဥပဒေများအား ပြင်ဆင်ရန်နှင့် ရုပ်သိမ်းရန်၊ ပုံစံအမျိုးမျိုးဖြင့် ရှိနေသည့် အဓမ္မ လုပ်အားပေး ပပျောက်စေရေးအတွက် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ကျူးလွန်သူများကို အရေးယူသည့် ဥပဒေ အပါအဝင် အဓမ္မခိုင်းစေမှှု တိုက်ဖျက်ရေး ဥပဒေများ အသုံးချမှှုနှင့် လိုက်နာမှှုများ မြင့်တက်လာစေရေး ဆောင်ရွက်ရန်တို့ ဖြစ်သည်။
 
သို့သော် ၂ဝဝ၅ ခုနှစ်တွင် ကျော်ကြားသည့် လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးသည် သူမနေထိုင်ရာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ထန်းမနိုင်ကျေးရွာ၏ ရယက ဥက္ကဋ္ဌနှင့် ဆယ်အိမ်မှူးများကို ယခုကဲ့သို့ တိုင်တန်းခဲ့ရာ အာဏာပိုင်များကို ခြိမ်းခြောက်ကြိမ်းဝါးသည်ဟူသည့် စွပ်စွဲချက်ဖြင့် အာဏာပိုင်များက ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရသည်။