ဆိုက်ဘာကန့်လန့်ကာ

ဆိုက်ဘာကန့်လန့်ကာ
by -
ထွန်းထွန်း

ခေတ်သစ်နည်းပညာကမ္ဘာမှာ ပညာဗဟု သုတနဲ့သတင်း အချက်အလက် ရှာဖွေရေး၊ အချိန်တိုအတွင်းအပြန် အလှန်ဆက်သွယ် ရေးနဲ့ လွတ်လပ်တဲ့အတွေးအမြင် စာစုတွေကို အများသူငါဆီ မျှဝေတင်ပြနိုင်ရေးအတွက် အင်တာနက်ဟာ မရှိမဖြစ်အသုံးတည့်ရုံသာမက မြန်မာနိုင်ငံလို ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျတဲ့နိုင်ငံ မျိုးမှာ ပိုပြီးလိုအပ်တယ်လို့တောင် ဆိုသူတွေ ရှိပါတယ်။

ဒီအထဲမှာ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေသစ်က အင်တာနက်ဟာ မရှိမဖြစ်ပါလို့ ဆိုပါတယ်။

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီက ကိုနေမျိုးဝေကတော့ “အင်တာနက်မရှိရင် ကျနော်တို့ ပါတီ မထောင်ဘူးဗျ” တဲ့။ ပါတီရန်ပုံငွေ ချို့တဲ့တဲ့ သူတို့အတွက် အင်တာနက်ဟာ အကောင်းဆုံး စည်းရုံးရေး လက်နက်ပါလို့လည်း ဆိုပါတယ်။

 “ပါတီမှာ သူဌေးဆိုတာ တယောက်မှ မပါဘူး။ ရန်ပုံငွေ ရှိတဲ့သူ မပါဘူး။ ဥပမာဆိုလိုတာက ပါတီရဲ့ တည်ထောင်သူတွေပေါ့။ ပါတီတည်ထောင်သူတွေက ငမွဲတွေချည်းပဲ”
intercyber3

အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ အမျိုးသားလွှတ်တော်အမတ်ဒေါက်တာမြတ်ဉာဏစိုး ကလည်း အင်တာနက်ဟာ ကနေ့ကမ္ဘာအပြင် မြန်မာတွေအတွက်ပါ အဓိကလိုအပ်လာပြီလို့ ရှုမြင်ပါတယ်။

“အင်တာနက်ဆိုတာ ဇိမ်ခံပစ္စည်း မဟုတ်ပါဘူး။ နိုင်ငံရေးသမားမှ မဟုတ်ဘူး၊ ကျောင်းသားမှ မဟုတ်ဘူး။ နောက်ဆုံး ရဟန်းတော်တွေ လောကုတ္တရာစာပေတွေကို  လေ့လာတဲ့အခါမှာ အိန္ဒိယတို့၊ သီရိလင်္ကာတို့နဲ့ ချိတ်ဆက်ပြီးတော့ ဒီလိုပူးတွဲနေတာတွေ ရှိပါတယ်။ အဲဒီတော့ အင်တာနက်ဆိုတာက နေ့စဉ် မရှိမဖြစ်သုံးစွဲရတဲ့ ပစ္စည်းတခုလိုမျိုး ဖြစ်လာပါပြီ”

အဲဒီလို လိုအပ်ချက်အဖြစ် ရှုမြင်သူတွေ ရှိနေပေမယ့်လည်း လူဦးရေ သန်း ၅ဝ ကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ အင်တာနက် သုံးစွဲသူ ၃ သိန်းပဲ ရှိတယ်လို့ ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF ရဲ့ စာရင်းက ဆိုနေပါတယ်။

သုံးစွဲသူ အနည်းအများအပေါ် စောဒက တက်ဖွယ်ရှိပေမယ့် တကယ်တမ်းမှာ အင်တာနက်ဟာမြန်မာပြည် သားတွေရဲ့ နေ့စဉ်ဘဝအတွက် အရေးကြီးမကြီးက မေးခွန်း ထုတ်စရာပင်။

intercyber1“ယနေ့ခေတ်ကမ္ဘာမှာ အင်တာနက်မသုံးဘူးဆိုရင် အကန်းနဲ့ တူမှာပေါ့။ မျက်မမြင်နဲ့ တူမှာပေါ့။ ကျနော်တို့က ကမ္ဘာကြီးပေါ်မှာ မျက်စိဖွင့်၊ နားစွင့်ပြီးတော့ နေဖို့ လိုတယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ Information ဆိုတာက ရနိုင်လေ၊ ကောင်းလေပဲ။ ဘာတွေဖြစ်နေလဲ၊ ကမ္ဘာပေါ်မှာဘာတွေပြောင်း လဲနေလဲ။ ဒီဟာတွေကို ကျနော် ယူပါတယ်။ နောက်တခုက လွှတ်တော်မှာ ကျနော် တင်သွားတဲ့ အကြောင်းအရာတွေ ရှိပါတယ်။ ဒီ Data (အချက်အလက်) တွေအတွက် လိုအပ်တဲ့အပိုင်းတွေ သုံးပါတယ်၊ ယူပါတယ်” လို့ ဒေါက်တာမြတ်ဉာဏစိုးက သူ့အတွက် အင်တာနက် အသုံးတည့်ရပုံကို နမူနာတခုပြ ပြောပါတယ်။

လွှတ်တော်ကိစ္စအတွက်သာ မဟုတ်ဘဲ ပြည်တွင်းပြည်ပ ချိတ်ဆက်မှုတွေနဲ့ လူထုလှုပ်ရှားမှုလုပ်ငန်းတွေ မှာပါ အသုံးဝင်ပါတယ်လို့ ပြောသူကတော့ ဒီနှစ်ထဲမှာပဲ ပါတီဝက်ဆိုက်ထောင်ခဲ့တဲ့အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် NLD ရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်ပါ။

“ပြည်တွင်းမှာရှိတဲ့ အဖွဲ့အစည်းများနဲ့ ဆက်သွယ်ရေးဟာ ပိုပြီးတော့ နည်းနည်းလေးကောင်းမွန်လာ တယ်လို့ ပြောလို့ ရပါတယ်။ ဒါ့ထက် ပိုပြောနိုင်တာက ကျနော်တို့ရဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံမှာရှိတဲ့ မြန်မာလူမျိုးတွေ၊ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တဲ့ နေရာမှာတော့ အများကြီးကို အကျိုးရှိတယ်။ကျနော် တို့ရဲ့ ဝက်ဆိုက်ဆိုရင် ဖတ်တဲ့သူတွေ၊ အကြံပေးတဲ့သူတွေ အများကြီး ပေါ်လာတယ်။နောက်ပြီး တော့ NLD  ဝက်ဆိုက်ကို ဝင်ကြည့်ရကောင်းမှန်း သိလာတယ်။ ကျနော်တို့ ပြည်ပနဲ့ ဆက်သွယ်လုပ်ကိုင်တဲ့နေရာမှာ တော့ အများကြီး ကျယ်ပြန့်လာတယ်”

ပါတီအတွက် အထောက်အကူဖြစ်တယ်လို့ ဆိုကြပေမယ့် သုံးစွဲရာမှာ အင်တာနက်မြန်နှုန်းလေးလံကြန့်ကြာ လို့ အချိန်ကုန် လူပန်းသလို အစိုးရ ပိတ်ပင်ကန့်သတ်ချက် များလွန်းလို့ လွတ်လပ်ခွင့်တွေပျောက်ဆုံးနေ တယ်ဆိုတဲ့ ညည်းတွားသံတွေကလည်း စိန်ခေါ်နေပြန်ပါတယ်။

“အဓိက ကတော့ ကျနော်တို့ဆီမှာ နှေးတာပါ။ ကွန်နက်ရှင် မိအောင်လို့ အတော်ကြိုးစားရပါတယ်။ ကွန်နက်ရှင်လေး မိလို့ သုံးနေတုန်းရှိသေး ပြန်ပြုတ်သွားတာပေါ့လေ။ ဒီအပေါ်မှာအချိန်ပေးရလွန်း အားကြီးတယ်ပေါ့။ ကွန်နက်ရှင် နည်းတာရယ်၊ သုံးရတဲ့အခါမှာ နှေးတာရယ်။ ဒါက အဓိကပါပဲ” လို့ ဒေါက်တာမြတ်ဉာဏစိုး ပြောပါတယ်။

intercyberအင်တာနက်သုံးစွဲမှု ထိန်းချုပ်ဖို့ အင်တာနက်ဆိုင်တွေမှာ လုံခြံုရေးကင်မရာ တပ်ခိုင်းတာ၊ သုံးစွဲမှုမှတ်တမ်း ဝင်စစ်တာတွေကလည်း ရှိနေပါတယ်။ ဒါကြောင့်လည်း သုံးစွဲသူဦးရေ လျော့ကျသွားလို့ ဆိုင်ရှင်တွေရဲ့ ဝင်ငွေ ကျဆင်းလာတာကြောင့် ညည်းတွားသံတွေ ကြားရပြန်ပါတယ်။

“ပြည်သူလူထုကလည်း အင်တာနက်ကို အိမ်တွေမှာ မသုံးနိုင်ဘူး။ ဆိုင်တွေမှာ သွားသုံးရတယ်။ ဆိုင်တွေမှာလည်း နို်င်ငံရေးဝက်ဆိုက်များ မကြည့်ရဆိုတဲ့ စာတန်းတွေက ရှိနေတယ်။နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ဟာတွေကို ကြည့်တာရှုတာ တော်တော်နည်းသွားပြီ။ သောင်းဂဏန်းလောက်ပဲ ရှိတော့တယ်” လို့ ကိုနေမျိုးဝေက ဆိုပါတယ်။

အစိုးရက အင်တာနက်စင်စစ်ကို သုံးခွင့်မပြုဘဲ တဆင့်ခံ အင်ထရာနက်အဆင့်ကိုပဲ ခွင့်ပြုထားတာပါ။

၂ဝ၁ဝ အထိ Internet Service Provider (ISP) နှစ်ခုပဲ အသုံးပြုခဲ့ပါတယ်။ စာတိုက်နှင့်ကြေးနန်းဝန်ကြီး ဌာန ISP က ကာကွယ်ရေးဝန်ကြီးဌာန အပါအဝင် အစိုးရဌာနတွေအားလုံးနဲ့ ADSL/Dial-up  စနစ် သုံးစွဲသူတွေကို ဝန်ဆောင်မှု ပေးပါတယ်။ ရတနာပုံ တယ်လီပို့စ်ပိုင် ISP ကတော့ Dial-up, ADSL, FTTH, Wireless/Boradband စနစ်နဲ့ သုံးစွဲသူတွေကို ဝန်ဆောင်မှုပေးတယ်လို့ ပြည်ပအခြေစိုက်မြန်မာသတင်း သမဂ္ဂ BMA ရဲ့ “အမျိုးသားအဆင့် ရတနာပုံ မြန်မာ Web Portal - ဖွံ့ဖြိုးမှုလော?  ဖိနှိပ်မှုလော?” ဆိုတဲ့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

အဲဒီ ISP နှစ်ခုအထက်မှာ ဟံသာဝတီ အမျိုးသား Gate Way ရှိပြီး အဲဒီကတဆင့် နိုင်ငံတကာ အင်တာနက် လိုင်းတွေကို ချိတ်ဆက်တာ ဖြစ်ပါတယ်။ အင်တာနက်သုံးစွဲချိန်မှာ ဆာဗာအဆင့်ဆင့်ကို ဖြတ်ရတာကြောင့် မြန်နှုန်းနှေးကွေးတာတွေ ဖြစ်လာစေပါတယ်။

၂ဝ၁ဝ အောက်တိုဘာနောက်ပိုင်း စစ်အစိုးရက အင်တာနက်လိုင်းစနစ်ကို ပြောင်းလဲကျင့်သုံးလာပါတယ်။ ISP စနစ်သစ်မှာ စာတိုက်နှင့် ကြေးနန်း ISP နဲ့ ကာကွယ်ရေးဝန်ကြီးဌာန ISP ဆိုပြီး ပင်မ နှစ်ခုပြန်ဖြစ် လာပါတယ်။ ရတနာပုံ တယ်လီပို့စ် ISP ကတော့ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ISP အောက်မှာ ထားတော့မှာပါ။

ထူးခြားချက်အနေနဲ့ ရတနာပုံ တယ်လီပို့စ်ပိုင် ISP ကနေပြီး မြန်မာနိုင်ငံက အင်တာနက် အသုံးပြုသူတွေကို ဝန်ဆောင်မှု ပေးသွားတော့မှာ ဖြစ်ပါတယ်။ ဟံသာဝတီ အမျိုးသား Gate Way ကတော့ အရင်အတိုင်းပဲ ရှိနေမှာ ဖြစ်တဲ့အတွက် အင်တာနက်သုံးသူတွေကို ကန့်သတ်မယ်ဆိုရင် ရတနာပုံတယ်လီပို့စ် တခုထဲနဲ့ပဲ ပြုလုပ်နိုင်ပြီလို့ ဆောင်းပါးမှာ ဖော်ပြထားပါသေးတယ်။

ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ တင်းကျပ်တဲ့ ဥပဒေတွေကလည်း အင်တာနက် သုံးစွဲမှုကိုခြိမ်းခြောက် နေဆဲပါ။

မြန်မာအစိုးရက သတင်းဆက်သွယ်ရေး နည်းပညာ (ICT) နှင့် ပတ်သက်ပြီး ဥပဒေ ၃ ခုချမှတ်ထားပါ တယ်။ ဒီဥပဒေတွေက မြန်မာကွန်ပျူတာ သိပ္ပံဖွံ့ဖြိုးရေး ဥပဒေ၊ Wide Area Network  ဥပဒေနှင့် အီလက်ထရွန်းနစ် လုပ်ငန်းဆိုင်ရာ ဥပဒေတို့ပါ။

၂ဝဝ၄ ခုနှစ် အီလက်ထရွန်းနစ် လုပ်ငန်းဆိုင်ရာ ဥပဒေရဲ့ အပိုဒ်ခွဲ ၃၃ မှာဆိုရင် နိုင်ငံတော်၏ လုံခြံုရေး၊ တရားဥပဒေ စိုးမိုးရေး၊ နိုင်ငံတော် အေးချမ်းသာယာရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေး၊ နိုင်ငံတော် စီးပွားရေးနှင့် အမျိုးသား ယဉ်ကျေးမှုကို ထိခိုက်စေသည့် အင်တာနက် အသုံးပြုသူများကို ထောင်ဒဏ် ၁၅ နှစ်အထိ (သို့မဟုတ်) ကြီးလေးသော ငွေဒဏ် (သို့မဟုတ်) ထောင်ဒဏ်နှင့် ငွေဒဏ်နှစ်ရပ်စလုံးချမှတ် အပြစ် ပေးနိုင်သည်လို့ ဆိုထားပါတယ်။

ဒီဥပဒေတွေကြောင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ လှုပ်ရှားတက်ကြွသူတွေ၊ နေဘုန်းလတ် အပါအဝင် ဘလော့ဂ်ဂါတချို့ အခုချိန်ထိ ထောင်ထဲမှာ ရှိနေကြတုန်းပါ။

ဒီလို တင်းကျပ်မှု၊ ဘလော့ဂ်ဂါတွေ ဖမ်းဆီးထောင်ချခံရမှုတွေကြောင့် RSF က မြန်မာနိုင်ငံကိုအင်တာနက် ရဲ့ ရန်သူစာရင်းသွင်းထားပြီး အမေရိကန် အခြေစိုက် လေ့လာစောင့်ကြည့်ရေးအဖွဲ့ Freedom House ကလည်း အင်တာနက် လွတ်လပ်ခွင့်မှာ ဒုတိယအချိုးဖောက်ဆုံးအနေနဲ့ မှတ်တမ်းတင်ထားတာပါ။

မရှိမဖြစ် သုံးစွဲသင့်လာပြီဖြစ်တဲ့ အင်တာနက်ကို မြန်မာအစိုးရက ဘာကြောင့် ကန့်သတ်ချုပ်ချယ်ရလဲဆိုရင် အကြောက်တရားပဲလို့ ဦးဝင်းတင်က ယူဆပါတယ်။

“သူတို့ (အစိုးရ) က ကြောက်ရွံ့မှုအပေါ်မှာ တည်ပြီးတော့ အင်တာနက်သုံးစွဲမှုတွေကို အမျိုးမျိုး ချုပ်ကိုင်လာပါတယ်။ ချုပ်ကိုင်လာတဲ့အတွက် အင်တာနက်ဆိုင်တွေ၊ ကဖေးတွေဆိုရင် ဘယ်လိုင်းတွေ ဘယ်လိုင်းတွေ ဘာတွေ ပိတ်ပါတို့ လိုင်းတွေ ဝင်လို့မရတာ ပိတ်တာက တပိုင်း၊ နောက် လိုင်းတွေကို နှေးအောင် လုပ်တာတို့၊ ဒါတွေကလည်း အများကြီး ရှိပါတယ်။ အဲဒါအပြင် အင်တာနက်ဆိုင်တွေမှာ CCTV တွေ တပ်ရမယ်ဆိုတာမျိုးတွေ၊ ချုပ်ကိုင်မှုမျိုးစုံလုပ်ထားပါတယ်။ လုပ်လည်း လုပ်ပါတယ်။ အဲဒီတော့ သူတို့ရဲ့ ကြောက်ရွံ့မှုဆိုတာ ဒီနိုင်ငံရေးအပေါ်မှာ တည်တယ်။ လူထုက သူတို့ကို မုန်းတီးမှုအပေါ်မှာ ကြောက်ရွံ့ခြင်းဖြစ်တယ်”

ချုပ်ကိုင်မှုတွေဟာ တိုးတက်မှုကို တားဆီးပိတ်ပင်တဲ့ အရာလို့ ကိုနေမျိုးဝေက ကောက်ချက်ဆွဲပါတယ်။

“ကျနော်နဲ့ ထောက်ကြန့်မှာ အိမ်နားနီးချင်း နေတဲ့သူတွေတောင် ကျနော် လုပ်နေတာတွေ ဟုတ်တိပတ်တိ မဖတ်ရဘူး။ စာရွက်ထုတ်ပေးမှ ဖတ်ရတယ်။ စာရွက်ဆိုတာ စျေးကြီးတယ်ဗျ၊ မပေးနိုင်ဘူး။ အိုင်တီသုံးပြီး အင်တာနက်ကနေ ဖြန့်တဲ့ဟာကျတော့ လွယ်တာပေါ့။ ငွေကုန်ကြေးကျ သက်သာတာပေါ့။ အစိုးရကနေ ခေတ်မီဖွံ့ဖြိုးတိုးတက်ချင်တယ်ဆိုရင် ဒီ အိုင်တီနည်းပညာ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ လုပ်ပိုင်ခွင့်တွေကို ပိတ်မထားရုံပဲ”

အစိုးရက ဘယ်လိုပဲ တားဆီးပိတ်ပင်ပေမယ့် ကျော်လွှားအသုံးပြုနေသူတွေ ရှိနေပါသတဲ့။အကြောက် တရားနဲ့ ပိတ်ပင်မှုကို ကျော်လွှားမယ့် သူတွေကတော့ ဒီကနေ့ခေတ် လူငယ်တွေ၊ ပညာတတ်တွေပါလို့ ဦးဝင်းတင်က ဆိုပါတယ်။

intercyber1“သိသာထင်ရှားတာကတော့ ဒီအင်တာနက်တို့ ဘာတို့ကနေပြီးတော့ သုံးနေတာပဲဗျ။ ဥပမာ ကလေးတွေ ပြောနေဆိုနေတဲ့ စကားထဲမှာ သူတို့ ဘယ်လောက်ပဲပိတ်ပိတ် Proxy ဆိုတဲ့ နည်းတွေနဲ့ သူတို့ ဖွင့်လို့ရတယ် ဆိုပြီးတော့ ပြောနေကြတယ်။ ဆိုပါတော့ သာမန်အားဖြင့် VOA, BBC, RFA, DVB တို့ ဆိုတဲ့ဟာတွေကို သာမန်အားဖြင့် လိုင်းတွေ ဖွင့်လို့မရဘူးဗျ။ Google တို့၊ facebook တို့ဆိုတာတောင် လိုင်းတွေက ဖွင့်လို့ မရချင်ဘူး။ သို့သော် ဒါတွေကို ကလေးတွေက လွယ်လွယ်ကူကူနဲ့ပဲ Proxyဆိုတဲ့ဟာ တွေ၊ နည်းပညာတွေ သုံးပြီး ဖွင့်သုံးနေတာပဲဗျ”

စစ်အစိုးရ တဖြစ်လဲ လူဝတ်လဲအစိုးရလို့ အများက ခေါ်ဆိုနေကြတဲ့ အစိုးရသစ်တရပ် ရှိလာပါပြီ။ အစိုးရရဲ့ ပြောင်းလိုက်တဲ့ မူဝါဒတွေထဲက ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆိုတဲ့ ရည်ရွယ်ချက်တွေ အောင်မြင်ဖို့ အဓိက အထောက်အကူဖြစ်မယ့် အရာဟာ အင်တာနက်ပါလို့ ဒေါက်တာမြတ်ဉာဏစိုးက မြင်ပါတယ်။

“တိုင်းပြည်က တကယ်ပြောင်းနေပြီဆိုတာကို ကျနော် လက်ခံပါတယ်။ ပြည်ထောင်စု အစိုးရသစ်လည်း ပေါ်လာပြီ ဆိုတော့ အရွေ့တခုကို သွားနေတယ်။ လိုအပ်တာတွေကို ကျနော်တို့ဘက်က ကူညီပေးဖို့လည်း ဝန်လေးစရာ မရှိပါဘူး။ ဒါပေမဲ့ ပြည်ထောင်စု အစိုးရအနေနဲ့လည်း တချို့ကိစ္စတွေမှာ နည်းနည်းမြန်မြန် ဆန်ဆန် သွက်သွက်လက်လက် အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ လိုပါတယ်။ အခုဒီအင်တာနက် ကိစ္စဆိုရင် တကယ်လုပ်မယ်ဆိုရင် အင်မတန်လွယ်လွယ်လေးပါ”

ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်သွားမယ်ဆိုတဲ့ ဦးဝင်းတင်ကတော့ အစိုးရအနေနဲ့ တားဆီးစေကာမူ မရနိုင်ဘူးဆိုတာ သက်သေပြလို့ ရပါတယ်လို့ ပြောဆိုလိုက်ပါတယ်။

“ဒီလူငယ်တွေ သို့မဟုတ်လည်း နည်းပညာတတ်တဲ့ အတတ်ပညာရှင်တွေအနေနဲ့ သူတို့ ဘယ်လိုပဲလုပ်လုပ် ကျော်လွှားပြီးတော့ ဖောက်ထွင်းပြီးတော့ ကမ္ဘာနဲ့ ဆက်နေတယ်။ အခြားသော မိတ်ဆွေများနဲ့၊ ရဲဘော်ရဲဘက်များနဲ့ ဆက်သွယ်နေတယ်ဆိုတာ ထင်ရှားတယ်။ အဲဒါကြောင့် သူတို့ ဘယ်လိုပဲ ပိတ်ပိတ်၊ ဆို့ဆို့ သိပ်ပြီး ထိရောက်တဲ့ အနေအထားမျိုး ရှိလိမ့်မယ်လို့တော့ ကျနော် သိပ်မထင်လှဘူး”